ဝဒေသမှာ သံဖြူထုတ်လုပ်မှုလျှော့ချလို့ ကမ္ဘာ့ဈေးကွက် ထိခိုက်
2023.04.18
တန်ဖိုးကြီး မြေရှားသတ္တုတွေ တူးဖော်ထုတ်လုပ်နေတဲ့ ဒေသအဖြစ် လူသိများတဲ့ မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းက ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ အခြားတန်ဖိုးကြီးသတ္တုတစ်မျိုးဖြစ်တဲ့ သံဖြူသတ္တုသိုက်တွေလည်း ရှိနေပြီး၊ ဝ ဒေသက သံဖြူတူးဖော်ထုတ်လုပ်မှုတွေကြောင့် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သံဖြူတတိယအများဆုံး ထုတ်လုပ်တဲ့နိုင်ငံ ဖြစ်နေပါတယ်။
ဒါပေမယ့်လည်း အခုအချိန်မှာ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတ္တုတွင်းတွေမှာ လက်ကျန်သံဖြူသတ္တုရိုင်းတွေ လျော့နည်းနေပြီး၊ သက်ဆိုင်ရာအာဏာပိုင်တွေက ထုတ်လုပ်မှုလျှော့ချဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် ကမ္ဘာ့သံဖြူဈေးကွက်မှာ သတ္တုရိုင်းတစ်တန်ချင်း ဈေးနှုန်း ၁၁ ရာခိုင်နှုန်းလောက်အထိ တက်သွားတဲ့အကြောင်း ဧပြီလ ၁၇ ရက်က ရိုက်တာသတင်းမှာ ဖော်ပြခဲ့ပါတယ်။
မကြာခင်က ရိုက်တာသတင်းဌာနက ရရှိတဲ့ စာရွက်စာတမ်းတွေအရ ဝ ဒေသက သတ္တုတွင်းတွေမှာ သံဖြူထွက်ရှိမှု လျော့ကျနေတဲ့အတွက် ကျန်ရှိနေသေးတဲ့ သံဖြူသတ္တုရိုင်းတွေကို ထိန်းသိမ်းဖို့ လာမယ့် သြဂုတ်လလောက်က စပြီးထုတ်လုပ်မှုတွေကို ရပ်နားထားမယ်လို့ ဖော်ပြထားပါတယ်။
‘ဝ’ ဒေသက ထွက်တဲ့ သံဖြူသတ္တုရိုင်းတွေကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ထဲက သန့်စင်စက်ရုံမှာ သန့်စင်ပြီးနောက်၊ တရုတ်သတ္တုတူးဖော်ရေး ကုမ္ပဏီတွေကတစ်ဆင့် ကမ္ဘာ့ထိပ်တန်းနည်းပညာနဲ့ လက်ဝတ်ရတနာကုမ္ပဏီတွေဆီကို ပြန်လည်ရောင်းချနေတာ ဖြစ်ပါတယ်။
‘ဝ’ ဒေသဟာ တစ်ချိန်က ဘိန်းစိုက်ပျိုးပြီး ထုတ်လုပ်မှု အကြီးအကျယ်လုပ်ခဲ့တဲ့ ဒေသဖြစ်ပြီး၊ နိုင်ငံတကာဖိအားကြောင့် အရင် မြန်မာစစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူပြီးနောက်မှာ ဘိန်းအစားထိုး သီးနှံနဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းတွေ လုပ်ပြီး ဝင်ငွေရှာတဲ့ ပုံစံကို ပြောင်းလဲခဲ့တာပါ။
ဝ ဒေသဟာ သဘာဝသယံဇာတက ရတဲ့ဝင်ငွေနဲ့ တရုတ်နိုင်ငံနဲ့နီးကပ်မှုတွေကို အကြောင်းပြုပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံး ဆောင်ရွက်နိုင်ခဲ့တဲ့ အကြောင်း ‘ဝ’ ဒေသမှာ နေထိုင်ခဲ့တဲ့ မြန်မာ့အရေး သုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။
“ကျွန်မတို့ ပန်ဆန်းမှာ ရှိစဉ်က ‘ဝ’ မြောက်မှာ စပြီးတော့ တွေ့တာ။ အဲဒီအချိန်က ဗမာ ခေါင်းဆောင်တွေက ဒီသယံဇာတတွေကို လက်ဝါးကြီး အုပ်မှာ စိုးရိမ်ပြီး ပုန်ကန်တဲ့အထဲမှာ၊ ကျွန်မတို့ကို ဝ ကနေ မောင်းထုတ်လိုက်တဲ့အထဲမှာ ဒီကိစ္စက အကြောင်းတစ်ရပ်အနေနဲ့ ပါတယ်။ အစောပိုင်းမှာက ဒီသတ္တုတူးဖော်ရေထက် မူးယစ်ဆေးဝါးထုတ်လုပ်တာကို န.အ.ဖ အစိုးရက စိတ်ကြိုက်လုပ်ဖို့ ခွင့်ပြုထားတာပိုပြီးတော့ အကျိုးဖြစ်လိုက်ပုံရပါတယ်။ နောက်ပိုင်းကျတော့ ကုလသမဂ္ဂရော၊ စစ်တပ်ဘက်ကရော၊ တရုတ်ဘက်ကရော ဖိအားပေးတော့ အခုတော့ မူးယစ်ဆေးဝါးတွေကို တော်တော်ထိန်းချုပ်လိုက်နိုင်ပြီးတော့ အခြားလုပ်ငန်းတွေလုပ်တဲ့နေရာမှာ ဒီသတ္တုလုပ်ငန်းကလည်း တော်တော် အောင်မြင်လာတယ်လို့ ကြားရတယ်”
မြန်မာနိုင်ငံဟာ ဒုတိယကမ္ဘာစစ်မတိုင်ခင်ကတည်းက ရှိခဲ့တဲ့ သံဖြူသတ္တုတူးဖော်ရေးလုပ်ငန်းတွေဟာ ပြည်တွင်းစစ်နဲ့ နယ်မြေ မတည်ငြိမ်မှုတွေကြောင့် နောက်ပိုင်းမှာ ပျောက်ကွယ်သွားခဲ့တဲ့နောက် မန်းမောကျေးရွာမှာ သံဖြူသတ္တုသိုက် ရှာတွေးခဲ့ပြီးတဲ့နောက် သံဖြူသတ္တု တူးဖော်ရေးလုပ်ငန်းတွေ အားကောင်းလာခဲ့တာပါ။
သံဖြူသတ္တုတွင်းတွေ အများဆုံးရှိတဲ့ မန်းမောရွာမှာ အရင်ကတစ်ပိုင်တစ်နိုင်တူးဖော်မှုသာ ရှိခဲ့ရာက၊ UWSA ရဲ့ အုပ်ချုပ်မှုအောက်ကို ရောက်လာပြီးတဲ့နောက် စက်ယန္တရားတွေနဲ့စီးပွားဖြစ် တူးဖော်နိုင်တဲ့ အဆင့်ရောက်လာခဲ့တယ် လို့ ဆိုပါတယ်။
နိုင်ငံတကာကုန်သွယ်ရေး ကိန်းဂဏန်းတွေအရ ၂၀၁၆ ခုနှစ်မှာ တရုတ်နိုင်ငံက မြန်မာဘက်ကနေ သံဖြူတင်သွင်းမှု တန်ချိန် ငါးသိန်းအထိ စံချိန်တင် ရှိခဲ့ပြီး အဲဒီနောက်မှာ တစ်နှစ်ကို တန်ချိန်တစ်သိန်းခွဲကနေ နှစ်သိန်းဝန်းကျင်ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဝ ဒေသက ထွက်တဲ့ သံဖြူအားလုံးနီးပါးကို တရုတ်နိုင်ငံက ဝယ်ယူနေပြီး၊ တရုတ်သံဖြူထုတ်လုပ်ရေးလုပ်ငန်းတွေဟာ ဝ ဒေသက ထုတ်လုပ်မှုအပေါ် မှီခိုမှု တိုးလာနေပါတယ်။
ဝ ဒေသရဲ့ သံဖြူထုတ်လုပ်မှုဟာ တစ်ကမ္ဘာလုံးရဲ့ သံဖြူဈေးကွက်ကို သက်ရောက်မှု ရှိနေတဲ့အတွက် ၂၀၁၆ ခုနှစ်မှာ နိုင်ငံတကာ သံဖြူထုတ်လုပ်ရေးအသင်းကနေ လာရောက် လေ့လာခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက နိုင်ငံတကာလေ့လာသူတွေက ဝ ဒေသရဲ့ သံဖြူ သတ္တုတွင်းတွေမှာ လက်ကျန်နည်းပါးနေပြီ ဖြစ်ကြောင်း သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။
ဝဒေသမှာ သံဖြူထုတ်လုပ်မှု လျော့ကျလာနေပြီး လာမယ့်နှစ်နှစ်ကနေ သုံးနှစ်အတွင်း သံဖြူသတ္တုတွေ ကုန်ခန်းသွားနိုင်တဲ့အကြောင်း ဝဒေသရဲ့ သတ္တုတွင်းဌာနရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကျားရှုဘင်က ရိုက်တာသတင်းဌာနကို ပြောသွားပါတယ်။ အခုလို အထွက်လျော့ကျလာတာကို စိုးရိမ်ပူပန်တဲ့အကြောင်း၊ သတ္တုတူးဖော်မှုကနေရတဲ့ ဝင်ငွေတွေ ရပ်တန့်သွားရင် ဝဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာငွေရရှိမှု လျော့ကျသွားမှာ ဖြစ်တဲ့အကြောင်း သူက ပြောသွားပါတယ်။
အမေရိကန်နိုင်ငံဟာ UWSA ခေါင်းဆောင်တွေကို မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး ၂၀၀၃ ခုနှစ်ကတည်းက ပိတ်ဆို့အရေးယူတဲ့ စာရင်းထဲ ထည့်ထားပေမဲ့၊ အမေရိကန်ကုမ္ပဏီတွေဖြစ်တဲ့ Apple နဲ့ Tiffany လက်ဝတ်ရတနာ ကုမ္ပဏီတို့က ဝ ဒေသက ထွက်တဲ့ သံဖြူတွေကို ဆက်လက် ဝယ်ယူနေကြဆဲ ဖြစ်ပါတယ်။
ဝဒေသမှာ သံဖြုထုတ်လုပ်မှုကျဆင်းနေတာနဲ့ တစ်ပြိုင်နက်၊ ကမ္ဘာပေါ်မှာ သံဖြူအများဆုံးနဲ့ ဒုတိယအများဆုံး ထုတ်လုပ်တဲ့ တရုတ်နဲ့အင်ဒိုနီးရှား နိုင်ငံတွေမှာလည်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကြောင့် သံဖြူ တူးဖော်ရေး လုပ်ငန်းတွေကို စည်းကမ်းတင်းကြပ်ပြီး ထုတ်လုပ်မှု လျှော့ချနေပါတယ်။
အခုအချိန်မှာတော့ ဝ ဒေသမှာ သံဖြူသတ္တုရိုင်းထုတ်လုပ်မှု လျော့ကျလာတာဟာ ကမ္ဘာ့သံဖြူဈေးကွက်အတွက်ရော၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ အနာဂတ်အတွက်ပါ စိုးရိမ်ပူပန်စရာ ဖြစ်နေတယ်လို့ ရိုက်တာသတင်းမှာ သုံးသပ်ထားပါတယ်။