တရုတ်အထူးကိုယ်စားလှယ်ခရီးစဉ်အပြီး မြောက်ပိုင်းသုံးဖွဲ့ နေပြည်တော်ရောက်

RFA Burmese
2023.01.06
တရုတ်အထူးကိုယ်စားလှယ်ခရီးစဉ်အပြီး မြောက်ပိုင်းသုံးဖွဲ့ နေပြည်တော်ရောက် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီး H. E. Mr. Deng Xijun တို့အား ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့က နေပြည်တော်တွင် တွေ့ရစဉ်။
Myanmar Military

၂၀၂၂ ဒီဇင်ဘာလ ၂၉ ရက်နေ့က စစ်ကောင်စီဥက္ကဋ္ဌနဲ့ လာရောက်တွေ့ဆုံခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ်သစ် တိန့်ရှီဂျွန်ရဲ့ ခရီးစဉ်အပြီး တစ်ပတ်အကြာ အခု ဇန်နဝါရီ ၅ ရက်နေ့မှာ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ဖြစ်တဲ့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ NDAA နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က ခေါင်းဆောင်တွေ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီနဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးနေကြောင်း စစ်ကောင်စီက ဇန်နဝါရီ ၅ ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။

တရုတ်အထူးကိုယ်စားလှယ်သစ်ဟာ နေပြည်တော်ကို မလာရောက်ခင်က UWSA "ဝ" တပ်ဖွဲ့ အပါအဝင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ တွေ့ဆုံခဲ့ပါတယ်။

"မြန်မာပြည်ရဲ့ စီးပွားရေးအခြေအနေ ဘာတွေဆက်လက်လုပ်စရာရှိလဲ၊ အဲဒါပါတယ်”

မြောက်ပိုင်းအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးရဖို့ကိစ္စမှာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုက အရေးကြီးတယ်လို့ စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက RFA ကို ပြောပါတယ်။

“ဒီလိုမျိုး တိုင်းရင်းသားလက်နက်အရေးကိုရှင်းဖို့ ကိစ္စရပ်မှာကျတော့ မြန်မာနဲ့ တရုတ်နည်းနည်း ဟိုနှစ်နိုင်ငံနယ်စပ်ကြားမှာ လှုပ်ရှားနေတဲ့ အဖွဲ့တွေအကုန်လုံး အတွက်က တရုတ်နဲ့ မြန်မာကြား ပေါင်းစပ်ညှိနှိုင်းမှုရယ်၊ တရုတ်က ဒီဘက်အဖွဲ့တွေကို ကြားထဲဝင်ပြီးတော့ စေ့စပ်ဆွေးနွေးဖို့ရယ် ဒါတွေက မရှိမဖြစ်လိုအပ်တဲ့အတွက်ကြောင့် အထူးသဖြင့်တော့ မြောက်ပိုင်းဒေသပေါ့၊ တရုတ်နဲ့ထိစပ်နေတဲ့ မြောက်ပိုင်းဒေသမှာ ကပ်နေတဲ့ EAO အဖွဲ့အတွက်တော့ တရုတ်ရဲ့ ဝင်ရောက်ဆွေးနွေးပေးမှုနဲ့ နိုင်ငံရေးအရ အထောက်အကူပေးမှု၊ ဒါတွေဟာ အတိုင်းအတာတစ်ခုအထိ အများကြီး လိုအပ်ပါတယ်”

တိန့်ရှီဂျွန်နဲ့ ဆွေးနွေးရာမှာ ကိုယ်တိုင်ပါဝင်ခဲ့သလို လက်ရှိ နေပြည်တော်မှာ ရောက်နေတဲ့ SSPP ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စိုင်းဆုကတော့ သူတို့အဖွဲ့ နေပြည်တော်မှာ လာရောက်ဆွေးနွေးနေတာဟာ တရုတ်အထူးကိုယ်စားလှယ်နဲ့ မသက်ဆိုင်ဘဲ အရင် ကတည်းက စစ်ကောင်စီနဲ့ ဆွေးနွေးလက်စတွေကို ဆက်ဆွေးနွေးနေတာလို့ ဒီနေ့ မွန်းလွဲပိုင်းက RFA ကို ပြောပါတယ်။

လက်ရှိ စစ်ကောင်စီနဲ့ ဆွေးနွေးနေတာတွေကို ထုတ်ပြောလို့ မရသေးပေမယ့် တရုတ် ကိုယ်စားလှယ်နဲ့ ယူနန်ပြည်နယ်မှာ‌ တွေ့ခဲ့စဉ်တုန်းကတော့ မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ တိုက်ခိုက်မှုတွေ ရပ်တန့်အေင် ကူညီပေးဖို့ တိန့်ရှီဂျွန်ဘက်က ပြောဆိုခဲ့ပြီး၊ ဒီကိစ္စတွေ ရပ်တန့်ဖို့ သူတို့အဖွဲ့တွေချည်း လုပ်ဆောင်လို့ မရကြောင်း မြောက်ပိုင်းအဖွဲ့တွေဘက်က ပြန်ရှင်းပြခဲ့တယ်လို့ ဒုတိယဗိုလ်မှူးကြီး စိုင်းဆုက ပြောပါတယ်။

တရုတ်အထူးကိုယ်စားလှယ်သစ် တိန့်ရှီဂျွန်ရဲ့ နေပြည်တော်ခရီးစဉ်မှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးအခြေအနေ၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက် ရေးအတွက် တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့ စတဲ့ကိစ္စတွေကို ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီရဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီဇင်ဘာ ၂၉ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

တရုတ်ကိုယ်စားလှယ်ရဲ့ ခရီးစဉ်ဟာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ စစ်ကောင်စီ အကြား ငြိမ်းချမ်းရေးကိစ္စ၊ မြန်မာနိုင်ငံဆိုင်ရာ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်၊ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေကို ထောက်ပံ့နိုင်မယ့် အမေရိကန် အမျိုးသား ကာကွယ်ရေးလုပ်ပိုင်ခွင့် အက်ဥပဒေ (NDAA) - ၂၀၂၃ ကို အတည်ပြုလိုက်တဲ့ကိစ္စအပြင် တရုတ်ရဲ့ အဓိက ရည်ရွယ်ချက်ဖြစ်တဲ့ စီးပွားရေးအကျိုးကိစ္စတွေ ပါဝင်တယ်လို့ နိုင်ငံရေး၊ စစ်ရေးနဲ့ တရုတ်အရေး ကျွမ်းကျင်သူတွေက ပြောပါတယ်။

ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာရဲ့ ဖိအားတွေ မြင့်တက်နေချိန်မှာ မြန်မာ့အရေးကို ပိုနားလည်ဖို့နဲ့ တရုတ်ရဲ့မူဝါဒပြောင်းဖို့ လို၊ မလို လေ့လာဆန်းစစ်ဖို့ တရုတ်အထူး ကိုယ်စားလှယ်အသစ်ကို လွှတ်လိုက်တာမျိုး ဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ခန့်မှန်းပါတယ်။

“အရင်တုန်းက တရုတ်ရဲ့အထူးသံတမန် ဆွန်းကော်ရှန်းကို လူစားထိုးပြီးတော့ အထူးသံတမန်အသစ်ကို မြန်မာပြည်လွှတ်လိုက်တာဟာ မြန်မာပြည်နဲ့ပတ်သက်တဲ့ အခြေအနေတွေ၊ ဆက်ဆံရေးတွေကို တဆင့်တိုး နားလည်အောင်လုပ်ဖို့ တရုတ်ဘက်က ကြိုးပမ်းလာတဲ့ကိစ္စ ဖြစ်မယ်လို့ ယူဆပါတယ်။ NUG ဦးဆောင်တဲ့ နွေဦးတော်လှန်ရေး ကလည်း အရှိန်အဟုန်က ကြီးမားလာတယ်နော်။ နောက်တစ်ဘက်က နိုင်ငံတကာ ဖိအားတွေကလည်း စစ်အစိုးရအပေါ်မှာ တော်တော်လေးကို များပြားလာတယ်။ အဲလိုအခြေအနေမှာ ဒီတရုတ်ပြည်အနေနဲ့ မြန်မာပြည်နဲ့ ပတ်သက်တဲ့ နေရာမှာ မူဝါဒသဘောထား တစ်စုံတစ်ရာအပြောင်းအလဲလုပ်ဖို့ လိုမလား၊ လုပ်မလားဆိုတာ လေ့လာဖို့အတွက် သံတမန်အသစ်ကို ခန့်အပ်ပြီး စေလွှတ်လိုက်တာလို့ ကျနော်က ယူဆပါတယ်”

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အမြန်ဆုံး ရပ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ဖို့ တိုက်တွန်းထားတဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒီဇင်ဘာ ၂၁ ရက်နေ့က ချမှတ်ခဲ့တာပါ။

မြန်မာ့ဒီမိုကရေစီ အင်အားစုတွေကို ထောက်ပံ့နိုင်မယ့် အမေရိကန် အမျိုးသား ကာကွယ်ရေးလုပ်ပိုင်ခွင့် အက်ဥပဒေ (NDAA) - ၂၀၂၃ ကို သမ္မတ ဂျိုးဘိုင်ဒန်က ဒီဇင်ဘာ ၂၃ ရက်နေ့က လက်မှတ်ထိုး အတည်ပြုခဲ့တာပါ။

တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောကတော့ တရုတ်အထူးကိုယ်စားလှယ်အသစ်ရဲ့ ခရီးစဉ်ဟာ စီးပွားရေးအတွက်သာ အဓိကပါလို့ RFA ကို ပြောပါတယ်။

“အဓိကကတော့ The Regional Comprehensive Economic Partnership ဆိုတာ RECP ဆိုတာ အာဆီယံ ၁၀ နိုင်ငံနဲ့ အာရှက နိုင်ငံကြီး ငါးနိုင်ငံဖြစ်တဲ့ တရုတ်ရယ်၊ ဂျပန်ရယ်၊ တောင်ကိုရီးယားရယ်၊ ဩစတြေးလျရယ်၊ နယူးဇီလန်ရယ် အဲဒီ ၁၅ နိုင်ငံပါတဲ့ လွတ်လပ်တဲ့ ဈေးကွက်ကြီးက ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ ကတည်းကစတာ၊ သူတို့ တစ်နှစ်လုံး နည်းတဲ့အမြတ်ငွေ မဟုတ်ဘူး၊ ကပ်ရောဂါ အပြီးမှာ စီးပွားရေး ခေါင်းထောင်လာဖို့အတွက် တရုတ်က ကမ္ဘာပေါ်မှာ အကြီးဆုံး လွတ်လပ်တဲ့ ဈေးကွက်ကြီး တည်ဆောက်ထားတာလေ၊ အဲဒီက ဈေးကွက်ကြီး တစ်ခုလုံးမှာ မြန်မာပြည်လည်း ပါတယ်ဗျ။ မြန်မာပြည်ကို ထုတ်မထားဘူး။ အဲတော့ အဲဒီဈေးကွက်ထဲက မြန်မာပြည်ရဲ့ စီးပွားရေးအခြေအနေ ဘာတွေဆက်လက်လုပ် စရာရှိလဲ၊ အဲဒါပါတယ်”

တရုတ်နိုင်ငံရဲ့ ၂၀၂၃ စီမံကိန်းတွေထဲမှာ ပိုးလမ်းမစီမံကိန်းကို အောင်မြင်အောင် လုပ်ဆောင်ဖို့ဟာ အဓိကအချက်အဖြစ် ပါဝင်ပြီး၊ ဒေသခံတွင်း တခြားနိုင်ငံတွေက ရထားလမ်းစီမံကိန်းတွေ ပြီးသလောက်ဖြစ်နေချိန်မှာ မြန်မာနိုင်ငံထဲက ရထားလမ်း စီမံကိန်းတွေကို တရုတ်က မြန်မြန်ပြီးချင်တာလည်း ပါဝင်တယ်လို့ ဒေါက်တာ လှကျော်ဇောက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်အထိ လပေါင်း ၂၀ အတွင်း တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ဖြတ်သန်းရာ လမ်းတစ်လျှောက် နိုင်ငံအတွင်းက မြို့နယ်ပေါင်း ၄၃ ခုမှာ တိုက်ပွဲပေါင်း ၃၀၁ ကြိမ်ဖြစ်ခဲ့ကြောင်း မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေး အင်စတီကျု (ISP Myanmar) က ၂၀၂၂ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက်နေ့က ထုတ်ပြန်ပါတယ်။

minaunghlaing-china.jpg
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီး H. E. Mr. Deng Xijun အဖွဲ့အား ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့က နေပြည်တော်တွင် တွေ့ရစဉ်။ (Photo: Myanmar Military)

တရုတ်အစိုးရဟာ အာဏာသိမ်းပြီးမှ အကြမ်းဖက်မှုတွေ ကျုးလွန်နေတဲ့ စစ်ကောင်စီနဲ့ နိုင်ငံရေးအရ ခပ်ခွာခွာနေချင်ပေမယ့်လည်း တဘက်မှာ တရုတ်နဲ့ဆက်စပ်နေတဲ့ မြန်မာပြည်မြောက်ပိုင်းမှာ မတည်ငြိမ်မှုတွေ ဖြစ်လာမှာ၊ ပိုးလမ်းမစီမံကိန်း အစိတ်အပိုင်း တွေ ထိခိုက်မှာကို စိုးရိမ်နေပုံရတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက သုံးသပ်ပါတယ်။

“အထူးသဖြင့်တော့ သူရဲ့တရုတ်စီမံကိန်းဖြစ်တဲ့ ပိုးလမ်းမ စီမံကိန်းကြီး အောင်မြင်ဖို့ ဆိုရင် မြန်မာစစ်အစိုးရ မြန်မာနိုင်ငံအရေး ကိုင်တွယ်တဲ့အခါမှာ အရင်လိုမျိုး ကိုင်တွယ် ဖြေရှင်းလို့ မဖြစ်နိုင်တော့ဘူးဆိုတဲ့ဟာကို နားလည်ထားပုံရတယ်။ အဲအတွက်ကြောင့် မို့လို့ သူက နည်းနည်းခပ်ခွာခွာလေး ပေါင်းလိုတဲ့ အနေအထားမျိုးရှိတယ်လို့ မြင်ရတယ်၊ ဒါပေမဲ့ တစ်ဘက်မှာလည်း အိမ်နီးချင်းနိုင်ငံဖြစ်နေသလို ဒီမြန်မာနိုင်ငံအရေး တည်ငြိမ်မှုက သူရဲ့ ဒီပိုးလမ်းမ စီမံကိန်းက အကောင်အထည်ဖော်ဖို့အတွက်မှာလည်း အများကြီးအကျိုးသက်ရောက်မှု ရှိနိုင်တယ်။ နောက်တစ်ခုက မြန်မာနိုင်ငံအရေး ပြောင်းလဲမှုမှာလည်း အနောက်နိုင်ငံရဲ့ ပါဝင်ပတ်သက်မှုတွေအရ တရုတ်ရဲ့အကျိုး စီးပွားအပေါ်မှာ အနည်းနဲ့အများ အကျိုးသက်ရောက်မှု ရှိနိုင်တယ်ဆိုတဲ့ဟာကိုလည်း သူတို့ သတိထားမိပုံရတယ်”

တရုတ်ဟာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို အခွင့်ကောင်းယူပြီး ရင်းနှီးမြှုပ်နှံမှုတွေ ပိုလုပ်လာသလို မြန်မာနိုင်ငံထဲက သူ့ရဲ့ ပိုးလမ်းမစီမံကိန်းတွေကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ အကဲခတ်တွေက ပြောပါတယ်။

တရုတ်ရင်းနှီးမြှုပ်နှံမှုတွေအကြောင်း အသေးစိတ်လေ့လာနေတဲ့ ISP-Myanmar ရဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၂ ခုနှစ် ဧပြီလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ လေးဘီလီယံကျော် ရှိခဲ့ပြီး အဲဒီအထဲက ၆၆ ရာခိုင်နှုန်းကျော်ဟာ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။