‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်း အရင်က စစ်ကောင်စီထိန်းချုပ်ခဲ့တဲ့ ဟိုပန်နဲ့ ပန်လုံမြို့ကို MNDAA ကိုးကန့်တပ်ဖွဲ့က တိုက်ယူပြီး UWSA ‘ဝ’ တပ်ဖွဲ့ထံ ဇန်နဝါရီ ၁၀ ရက်နေ့က အခမ်းအနားနဲ့တကွ လွှဲပြောင်း ပေးခဲ့တယ်လို့ ဒေသခံတွေနဲ့ ‘ဝ’ တပ်ဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။
ကိုးကန့်တပ်ဖွဲ့က ဇန်နဝါရီ ၄ ရက်နေ့မှာ လောက်ကိုင်မြို့ကို သိမ်းယူခဲ့ပြီးနောက် ၅ ရက်နေ့မနက်ပိုင်းမှာ ကိုးကန့် ဒေသ ချင်းရွှေဟော်နဲ့ တစ်ဆက်တည်းရှိတဲ့ ဟိုပန်မြို့က စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်ပြီး ဟိုပန်မြို့ကို သိမ်းယူခဲ့ပါတယ်။ အဲဒီနေ့ နေ့လယ်ပိုင်းမှာပဲ ကိုးကန့်တပ်ဖွဲ့ သိမ်းယူထားတဲ့ ဟိုပန်မြို့နဲ့ ဟိုပန်မြို့နယ်ထဲမှာပဲ တည်ရှိတဲ့ ပန်လုံမြို့မှာပါ ‘ဝ’ တပ်ဖွဲ့က လက်နက်အပြည့်အစုံနဲ့ ဝင်ရောက်တပ်စွဲလိုက်တာပါ။
ဒီအခြေအနေတွေကြောင့် ဟိုပန်နဲ့ ပန်လုံမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေအပါအဝင် စုစုပေါင်း လူ ခုနစ်ရာ နီးပါး ‘ဝ’ ဒေသ ပန်ဆန်းကတစ်ဆင့် လားရှိုးမြို့ကို ဆုတ်ခွာသွားတယ်လို့ ဒေသခံ တွေက ပြောပါတယ်။ အခုဆိုရင် အဲဒီမြို့တွေမှာ စစ်ကောင်စီတပ်ဖွဲ့ ဝင် တစ်ဦးတစ်ယောက်မှ မကျန်တော့ဘူးလို့ ဆိုပါတယ်။
"ဟိုပန်ရယ်၊ ပန်လုံရယ်ကို ကိုယ်တိုင်ဝင်မတိုက် ပေမယ့် ဒီညီနောင်မဟာမိတ် သုံးဖွဲ့က ဝင်တိုက်ပြီး 'ဝ' ကို ပြန်လွှဲပေးမှာပဲ ဆိုတာကို ကျွန်တော်တို့က တွက်ဆထားတာ"
ဇန်နဝါရီ ၁၀ ရက်နေ့မှာတော့ အဲဒီနှစ်မြို့ကို ကိုးကန့်တပ်ဖွဲ့က ‘ဝ’ တပ်ဖွဲ့ထံ အခမ်းအနားနဲ့တကွ လွှဲပြောင်းပေးခဲ့တယ်လို့ ဟိုပန်မြို့ခံ မမြင့်သန်း က RFA ကို ပြောပါတယ်။
“မနေ့က (ဇန်နဝါရီ ၁၀ ရက်နေ့က) ဆိုရင် အခမ်းအနားနဲ့ကို လုပ်ပြီးတော့မှ အခမ်းအနားနဲ့ကို လွှဲပြောင်းသွားတာပါ။ ဒေသခံတွေနဲ့လည်း ရင်းရင်းနှီးနှီးပဲ လိုက်လံနှုတ်ဆက်တာတွေ ရှိတယ်။ နောက်ပြီး ဗမာတွေကို မောင်းထုတ်တယ်ဆိုတာ လည်း မဟုတ်ပါဘူး။ ဗမာတွေဆို အထည်ဆိုင်တွေ ဖွင့်ထားတာရှိတယ်။ အကုန်လုံး လည်း ပြန်ဖွင့်ခွင့် ပေးနေပါတယ်။ ဈေးသူ ဈေးသားတွေကိုလည်း ဒီအတိုင်းပဲ ပြန်ဖွင့်ခွင့်ပေးထားတယ်။ အခု CDM လုပ်ထားတဲ့ဟာတွေကိုတော့ ပြန်ပြီးတော့ အလုပ်ပြန်ခန့်မယ့်သဘောရှိတယ်”
အဲဒီအခမ်းအနားကို အရင်က စစ်ကောင်စီခန့်အပ်ခဲ့တဲ့ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရဲ့ ဥက္ကဋ္ဌ ဦးညီနပ် ကိုယ်တိုင် တက်ရောက်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ‘ဝ’ တပ်ဖွဲ့ ထိပ်တန်းအရာရှိတစ်ဦးက ပြောပါတယ်။ မလွှဲပြောင်းခင်ကတည်းက စစ်ကောင်စီနဲ့ သဘောတူညီမှုတချို့ ရရှိခဲ့ပြီး ညင်သာတဲ့ အသွင်ကူးပြောင်းမှု ဖြစ်ခဲ့တယ်လို့ သူက ဆိုပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းက ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်း၊ ပန်ဆန်း (ပန်ခမ်း) စတဲ့ ခြောက်မြို့ နယ်ကို ၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ခဲ့တာပါ။ အဲဒီအထဲက ဟိုပန်နဲ့ မက်မန်း နှစ်မြို့နယ်မှာ စစ်ကောင်စီ အုပ်ချုပ်ရေးစနစ် ထားရှိခဲ့ပြီး၊ ကျန် လေးမြို့နယ်ကိုတော့ UWSA ‘ဝ’ တပ်ဖွဲ့က အပြည့်အဝ ထိန်းချုပ်ထားတာပါ။
အခုတော့ ဟိုပန်မြို့နယ်ပါ ‘ဝ’ တပ်ဖွဲ့ ထိန်းချုပ်မှုအောက် ရောက်ရှိသွားတာပါ။ ပန်လုံမြို့ကတော့ ဟိုပန်မြို့နယ်ထဲမှာပဲ တည်ရှိတဲ့ မြို့ငယ်လေးဖြစ်ပါတယ်။
မနေ့က လွှဲပြောင်းမှုအခမ်းအနားအပြီးမှာ ဒေသအတွင်းနေထိုင်သူတွေကို ‘ဝ’ တပ်ဖွဲက ခေါ်ယူတွေ့ဆုံပြီး နေထိုင်ခွင့်လက်မှတ်တွေ ထုတ်ပေးမယ်၊ လက်မှတ်ရသူတွေ ‘ဝ’ ဒေသတစ်ခုလုံးမှာ လွတ်လပ်စွာ သွားလာခွင့်ရရှိမယ်လို့ အသိပေးခဲ့ကြောင်း ဒေသခံတွေက RFA ကို ပြောပါတယ်။
‘ဝ’ နဲ့ ကိုးကန့်တပ်ဖွဲ့ဟာ အရင်တကည်းက မဟာမိတ်တွေဖြစ်တာကြောင့် အခုလို လွှဲပြောင်းပေးလိုက်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ရေးသုံးသပ်သူတစ်ဦးက ပြောပါတယ်။
"'ဝ' နဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့က FPNCC မှာ နိုင်ငံရေးအရ မဟာမိတ်တွေ ဖြစ်တယ်ပေါ့နော်။ ညီနောင် မဟာမိတ်သုံးဖွဲ့က ချင်းရွှေဟော်တို့၊ ကွမ်းလုံတို့ကို သိမ်းသလို သူတို့ကိုယ်တိုင် သွားပြီးတော့ အုပ်ချုပ်ရေး ယန္တရားတည်ထောင်မယ်ဆိုရင် 'ဝ' နဲ့ သူတို့နဲ့က ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ဘူး။ သမိုင်းကြောင်းအရလည်း ဒီနယ်က UWSA ရဲ့ ထိန်းချုပ်နယ်မြေဖြစ်တယ်။ အပစ်ရပ်လက်မှတ်ထိုးပြီးနောက်ပိုင်း မှာ ဟိုပန်တစ်ခုလုံးကို နဝတအစိုးရကို ပေးလိုက်ရတာကိုး။ အဲတော့ ဘယ်လိုနည်းနဲ့မဆို သူတို့လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ ဟိုပန်ရယ်၊ ပန်လုံရယ်ကို ကိုယ်တိုင်ဝင်မတိုက် ပေမယ့် ဒီညီနောင်မဟာမိတ် သုံးဖွဲ့က ဝင်တိုက်ပြီး 'ဝ' ကို ပြန်လွှဲပေးမှာပဲ ဆိုတာကို ကျွန်တော်တို့က တွက်ဆထားတာ"
ဒီလိုမလွှဲပြောင်းခင်က ဟိုပန်မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးရုံး ရှိခဲ့ပြီး ပန်လုံမှာလည်း တပ်စခန်းတချို့ ရှိခဲ့ပါတယ်။

ဒါကြောင့် ဒီနှစ်မြို့ကို ကိုးကန့်တပ်ဖွဲ့က တိုက်ယူပြီး ‘ဝ’ တပ်ဖွဲ့ထံ လွှဲပြောင်းပေးတာဟာ စစ်ကောင်စီရဲ့ သတ်မှတ်နယ်မြေကို ကျူးကျော်တာဖြစ်လို့ စစ်ကောင်စီဘက်ကတော့ ကျေနပ်မှာ မဟုတ်ဘူးလို့ အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်းတစ်ဦးက ပြောပါတယ်။
“အစိုးရအသိအမှတ်ပြုထားတဲ့ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တာဝန်ရှိသူတွေကတော့ ဟိုပန်မှာ ရုံးစိုက်တယ်။ ပန်လုံမှာလည်း တပ်ရှိတဲ့အခါကျတော့ ဟိုပန်နဲ့ ပန်လုံကို ‘ဝ’ က ဝင်ယူတယ်ဆိုတဲ့ အခါကျတော့ အစိုးရသတ်မှတ်ထားတဲ့နေရာကို လာယူတယ်ဆိုတာက တော့ ကျူးကျော်တာပေါ့။ သိမ်းပိုက်တာပေါ့နော်။ သူမတိုက်ဘဲ သူများဆီက လွှဲယူတယ်ဆိုတာလည်း အမှန်တိုင်းပြောရရင် လူလည်ကျ တာ ဖြစ်ပါတယ်။ ဒီဟာနဲ့ ပတ်သက်လို့ကတော့ တပ်မတော်က အစာကျေမှာ မဟုတ်ပါဘူး။ အဲတော့ သူ့အနေနဲ့ ဒီမြို့နယ်လေး တစ်မြို့နယ်၊ နှစ်မြို့နယ်ကို ပြောရရင် ပိုနေမြဲ ကျားနေမြဲ အနေအထား တစ်ခုကို သူက ဖောက်ဖျက်လိုက်တာပေါ့နော်။ ဒါက မကောင်းတဲ့ အလားအလာတစ်ခု အဖြစ် ကျွန်တော်ကတော့ ရှုမြင်တာပေါ့နော်”
တရုတ်နိုင်ငံအခြေစိုက် နိုင်ငံရေး၊ စစ်ရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇော ကတော့ ဟိုပန်နဲ့ ပန်လုံ ကို ‘ဝ’ တပ်ဖွဲ့ ရယူလိုက်တာဟာ နွေဦးတော်လှန်ရေးအတွက် အကျိုးရှိတဲ့ ရလဒ်ကောင်းတစ်ခုလို့ ပြောပါတယ်။
“တိုင်းရင်းသား အချင်းချင်းကြားမှာ တဖြည်းဖြည်း ညီညွတ်လာတာ၊ စည်းလုံးလာတာ တွေ့ရတဲ့အတွက် ကောင်း တယ်လို့ မြင်ပါတယ်။ တော်လှန်တဲ့ ဘက်သားအချင်းချင်း ပေါ့။ ‘ဝ’ ကလည်း သူ့လူမျိုးကောင်းစားရေးအတွက်ပဲ သူကလည်း စဉ်းစားတာဖြစ်တာ ကိုး။ MNDAA ကလည်း သူ့ရဲ့ အဓိကရည်မှန်းချက်ကလည်း ကိုးကန့်ဒေသ ပြန်ရပြီး အထူးဒေသပြန်ဖွဲ့ဖို့ပဲ ဖြစ်တာကိုး။ အခု သူတို့ နောက်ဆုံးသဘောပေါက်ထားတာက သူတို့လူမျိုး စုလေးတစ်စုပဲ လွတ်မြောက်လို့ မဖြစ်ဘူး။ တစ်ပြည်လုံး စစ်အာဏာရှင် စနစ် အောက်က လွတ်မြောက်မှ ဖြစ်မယ်ဆိုတဲ့ သဘောထားလည်း ရထားတဲ့အတွက် နွေဦးတော်လှန်ရေးကိုလည်း ကူသင့်ကူထိုက်တာ ကူမယ်ထင်ပါတယ်။ ကောင်းတဲ့ အလားအလာပါ တော်လှန်ရေးအတွက်”
အောက်တိုဘာ ၂၇ ရက်က စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရှမ်းမြောက် ဒေသက ချင်းရွှေဟော်၊ ကွမ်းလုံ၊ မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်း)၊ ကုန်းကြမ်း၊ သိန္နီ စတဲ့မြို့တွေကို MNDAA၊ AA နဲ့အတူ KNDF၊ PLA၊ BPLA စတဲ့ မဟာမိတ် ပူးပေါင်း အဖွဲ့တွေက သိမ်းပိုက်ထားပါတယ်။
နမ့်ဆန်၊ မန်တုံ စတဲ့ တအာင်းဒေသက မြို့တွေအပြင် တရုတ်နယ်စပ် နမ့်ခမ်း၊ ကွတ်ခိုင်၊ မိုင်းလုံ၊ မိုင်းငေါ့၊ နမ္မတူ စတဲ့မြို့တွေကိုတော့ TNLA နဲ့ မဟာမိတ်အဖွဲ့တွေက သိမ်းယူထားပါတယ်။
မြောက်ပိုင်းညီနောင် သုံးဖွဲ့ဘက်ကတော့ ရှမ်းမြောက်ဒေသက ကျန်နေတဲ့ မြို့တွေကို ဆက်လက်သိမ်းပိုက်မယ်လို့ အခုလ ၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ ဘယ်မြို့တွေကို ဆက်သိမ်းမလဲဆိုတာကိုတော့ လက်ရှိ တရုတ်နိုင်ငံ ကူမင်းမြို့မှာလုပ်နေတဲ့ ဆွေးနွေးပွဲရလဒ်ပေါ်မူတည်ပြီး စောင့်ကြည့်ရမယ်လို့ နိုင်ငံရေး အကဲခတ်တွေက ပြောပါတယ်။