စစ်ကောင်စီသတင်းစာမှာ နေ့စဉ်ဆက်တိုက် ဖော်ပြလာတဲ့ အမွေပြတ်စွန့်လွှတ်ခြင်းများ

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2021.11.23
စစ်ကောင်စီသတင်းစာမှာ နေ့စဉ်ဆက်တိုက် ဖော်ပြလာတဲ့ အမွေပြတ်စွန့်လွှတ်ခြင်းများ သားအဖြစ်မှ အမွေပြတ်စွန့်လွှတ်ကြောင်း ကြေညာခံခဲ့ရသော အဆိုတော် ကျားပေါက်။
Photo: Han htue Lwin/Facebook

နိုဝင်ဘာလ ၂၂ ရက်နေ့ထုတ် စစ်တပ်ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာမှာ ရန်ကုန်တိုင်း လမ်းမတော်မြို့နယ်က ကိုသန်းနိုင်စိုး၊ မန္တလေးတိုင်း နွားထိုးကြီးမြို့က မဇင်မာသန်း၊ တနင်္သာရီတိုင်း ထားဝယ်မြို့က မောင်အောင်ကိုကိုလတ်၊ ဧရာဝတီတိုင်း ဓနုဖြူမြို့နယ်က မောင်ဝေယံမင်းဆင့်၊ မကွေးတိုင်း စလင်းမြို့နယ်က မချိုလှိုင်ဖြူ၊ ပဲခူးတိုင်း ပဲခူးမြို့က မောင်သန်းထိုက်စိုး၊ မွန်ပြည်နယ် မုဒုံမြို့နယ်က မောင်ဇေလတ် တို့ကို သူတို့ရဲ့ မိဘတွေကနေ သား၊သမီးအဖြစ်မှ အမွေပြတ် စွန့်လွှတ်လိုက်ကြောင်း ကြေညာချက်တွေ ဖော်ပြထားတာတွေ့ရပါတယ်။

အခုရက်ပိုင်း ဒီလိုကြေညာချက်တွေ စစ်ကောင်စီလက်အောက်ရောက် နိုင်ငံပိုင်သတင်းစာတွေရဲ့ နောက်ကျောဖုံးမှာ ခပ်စိပ်စိပ် ဖော်ပြလာတာ နေ့တိုင်းတွေ့နေရပါတယ်။ RFA က ပြီးခဲ့တဲ့ ခုနှစ်ရက်အတွင်း ဒီသတင်းစာတွေထဲက မြန်မာ့အလင်းသတင်းစာကို စောင့်ကြည့်ခဲ့ရမှာတော့ တစ်ရက်ကို အနည်းဆုံး ၁၅ ယောက် သား၊သမီးအဖြစ်ကနေ အမွေပြတ် စွန့်လွှတ်ကြောင်း ကြေညာထားတာကို တွေ့ခဲ့ရပါတယ်။

အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးဖို့ အလိုရှိနေတဲ့ ဒီမိုကရေစီရေးနဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားနေတဲ့ လူငယ်တွေကို ဖမ်းလို့မမိရင် မိသားစုဆွေမျိုးတွေကို ဓားစာခံအဖြစ် ဖမ်းဆီးတာ၊ အကြမ်းဖက်တိုက်ဖျက်ရေး စွပ်စွဲချက်နဲ့ သူတို့နဲ့ ဆက်စပ်နေတဲ့ မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကိုပါ နိုင်ငံပိုင်အဖြစ် သိမ်းဆည်းတာတွေ ရှိလာတဲ့အတွက် အခုလို အမွေပြတ် စွန့်လွှတ်ကြောင်း ကြေညာချက်ထုတ် နေကြတာဖြစ်တယ်လို့ ကာယကံရှင်တွေနဲ့ ဥပဒေကျွမ်းကျင်သူတွေက ပြောပါတယ်။

259879383_570577834173888_4807351154339135527_n.jpg
စစ်ကောင်စီထိန်းချုပ်သော မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြပါရှိသည့် သားသမီးအဖြစ် အမွေပြတ်စွန့်လွှတ်ကြောင်း ကြော်ငြာများ။

ဒီလို အမွေဖြတ်ကြောင်း ကြေညာခံရသူတွေထဲမှာ နိုင်ငံကျော် အနုပညာရှင်တွေဖြစ်တဲ့ သရုပ်ဆောင်ပိုင်ဖြိုးသု၊ အဆိုတော် ကျားပေါက်၊ သတင်းတင်ဆက်သူ ဦးကျော်သက်လင်းတို့လို လူသိများထင်ရှားသူတွေလည်း ပါဝင်နေပါတယ်။

နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနဖြစ်တဲ့ MRTV မှာ နှစ်ပေါင်းများစွာ သတင်းတက်ဆက်သူအဖြစ် တာဝန်ထမ်းခဲ့တဲ့ ဦးကျော်သက်လင်းဟာ အာဏာသိမ်းပြီးနောက်မှာတော့ စစ်တပ်ရဲ့အုပ်ချုပ်မှုအောက်မှာ အလုပ်ဆက်မလုပ်တော့ဘဲ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး အခုနောက်ပိုင်းမှာ စစ်တပ်ကို လက်နက်ကိုင် တော်လှန်တဲ့သူ တစ်ဦးဖြစ်လာခဲ့ပါတယ်။

"အသက် ၈၀ ကျော်မိဘတွေက သူတို့လည်း အန္တရာယ်ရှိတယ်၊ ကိုယ့်အတွက်လည်း အန္တရာယ်ရှိတဲ့ အခါမှာ သူတို့လည်း ဘယ်မှပြေးလို့မရ၊ ကိုယ်ပြန်လာရင်လည်း အန္တရာယ်ကြီးတယ်ဆိုတော့ ကိုယ့်ကို အမွေပြတ်စွန့်လွှတ်လိုက်ရင် အန္တရာယ်ကင်းလေမလားလို့ တွေးပြီးလုပ်တယ်လို့ ထင်ပါတယ်။ ကိုယ့်အတွက်ကတော့ ရင်ကိုထိချက်ပြင်းတာပေါ့၊ မိဘရော ဇနီးမယားကရော စွန့်ပစ်တယ်ဆိုတော့၊ ဒါပေမဲ့ အကိုတို့ စွန့်လွတ်ရတာ ဘာမှ မဟုတ်သေးပါဘူး၊ အကိုတို့က စိတ်ပူရတာပဲရှိတာပါ၊ အကိုတို့ရဲ့ စွန့်လွှတ်မှုက အရေးမကြီးပါဘူး၊ အားပေးကြသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်"

ဦးကျော်သက်လင်းကို သားအဖြစ်မှ အမွေပြတ်စွန့်လွှတ်ကြောင်း မိဘတွေက ကြေညာခဲ့သလို၊ လင်ယောကျာ်းအဖြစ်မှစွန့်လွှတ်လိုက်ကြောင်း ဇနီးဖြစ်သူကလည်း ကြေညာခဲ့တာပါ။

256025293_1336102223516077_1129537670472816839_n.jpg
သားအဖြစ်မှ အမွေပြတ်စွန့်လွှတ်ကြောင်း ကြေညာခံခဲ့ရသော ရုပ်သံသတင်းကြေညာသူ ဦးကျော်သက်လင်း။

ဒီလို အမွေပြတ်စွန့်လွတ်ခံရတာတွေဟာ ပြည်တွင်းမှာနေသူတွေတင်မဟုတ်ဘဲ ပြည်ပရောက်နေသူတွေကိုပါ မိသားစုက အမွေပြန်စွန့်လွှတ်နေတာ ဖြစ်ပါတယ်။

အနောက်နိုင်ငံ တစ်နိုင်ငံမှာ နေထိုင်တဲ့ ကိုလင်းကတော့ သူရောက်တဲ့နိုင်ငံမှာ စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြ လှုပ်ရှားမှုတွေကို တက်တက်ကြွကြွ ဦးဆောင်ပါဝင်နေသူ ဖြစ်တာကြောင့် ပြည်တွင်းမှာရှိတဲ့ သူ့ရဲ့ မိသားစုက အမွေပြတ်စွန့်လွှတ်တာ ခံခဲ့ရပါတယ်။

"ကျနော်တို့ ပြည်ပမှာရောက်နေတဲ့ မြန်မာအဖွဲ့တွေက NUG အစိုးရကို ထောက်ခံကြောင်း ဆန္ဒပြတာတွေရှိတယ်၊ ရန်ပုံငွေရှာတာ ရှိတယ်၊ CDM လုပ်တဲ့ ဝန်ထမ်းတွေကို ထောက်ပံ့နေတာတွေ ရှိတယ်၊ အဲ့ဒါတွေကြောင့် ကျနော့်အမေဆီ သက်ရောက်မှုတွေ ရှိတယ်၊ ကျနော်က လက်ရှိ ပြည်ပမှာနေတော့ ပြည်တွင်းမှာရှိတဲ့ မိသားစုတွေက စစ်ဆေးတာ၊ မေးမြန်းတာ၊ ဖမ်းဆီးချုပ်နှောင်ခံရတယ်၊ လောလောဆယ် ကျနော့်ကို ဖမ်းလို့မရလို့ ကျနော့် အမေကို ဖမ်းထားတယ်၊ ကျနော့်ကို တပ်လို့မရတဲ့ပုဒ်မတွေကို မိသားစုကိုတပ်ပြီး စွဲချက်တင်ထားတယ်"

ကိုလင်းကို ဖမ်းမရလို့ မိခင်ဖြစ်သူကို ဖမ်းထားတာ ၂ လနီးပါး ရှိပါပြီ။ မိခင်ဖြစ်သူ ပြန်လွတ်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ သူ့အကိုကို မိသားစုဝင်အဖြစ်က မဖြစ်သာလို့သာ စွန့်လွှတ်ခဲ့ရတာလို့ ကိုလင်းရဲ့ ညီမဖြစ်သူကပြောပါတယ်။

"ကျမရဲ့ အမေ အခုထိဖမ်းခံထားရတဲ့အတွက် ကျမရဲ့ မိသားစုဝင်တွေပေါ်မှာလည်း ခြိမ်းခြောက်နေလို့ ဒီလိုလုပ်ရတာ၊ အခုမြန်မာပြည်မှာ မိသားစုဝင်တွေကို ဖိအားပေးခြိမ်းခြောက်တာ ခံနေကြရတယ်၊ ကျမအကိုရဲ့ ရပ်တည်ချက်ခံယူချက်တွေကို ကျမဘာမှ ပြောစရာမရှိပါဘူး"

စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရသူတွေအရေး လိုက်လံဆောင်ရွယ်ပေးနေတဲ့ ရန်ကုန်မြို့က တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်မြင့်ကတော့ ဒီလိုမျိုး အမွေပြတ်စာရင်းသွင်းကြေညာလည်း စစ်ကောင်စီဘက်က ဖမ်းချင်တဲ့သူကို ဖမ်းနေတာပါပဲလို့ ပြောပါတယ်။

"အဲ့ဒီလို တွေကြေညာနေပေမယ့်လည်း အရေးယူမယူဘဲ ခွင့်လွတ်လိုက်တာမရှိဘူး၊ အရေးယူချင်ယူနေမှာပဲ၊ အဲ့ဒီမှာ သိပ်ပြီးအကြောက်တရားကြီးစိုးပြီး ငါ့များ အရေးယူမလားလို့ ကြိုတွေးပြီး ကြေညာတာတွေလို့ မြင်တယ်၊ ဘာပဲဖြစ်ဖြစ် ဒီလိုထည့်လိုက်ခြင်းအားဖြင့် သက်ဆိုင်ရာ ကာယကံရှင်ရဲ့ မိသားစုအပေါ်မှာ ဒီရာဇဝတ်မှုတွေ ကူးစက်ပြီး အရေးယူမခံရအောင် ဆောင်ရွက်တဲ့ သဘောလို့ ကျနော်မြင်ပါတယ်"

ဒီလိုကြေညာလိုက်ရုံနဲ့ အမွေဆက်ခံခွင့်ဆုံးရှုံးသွားတာမဟုတ်ဘဲ အမွေပြတ်စွန့်လွတ်ကြောင်း တရားရုံးနဲ့ တရားသူကြီးရှေ့မှောက်မှာ တရားစီရင် အမိန့်ချမှသာ လုံးဝ အမွေဆက်ခံခွင့်ဆုံးရှုံးတာလို့လည်း ဥပဒေကျွမ်းကျင်သူတွေက ပြောပါတယ်။

ဒီလိုအမွေပြတ် စွန့်လွှတ်တဲ့ဖြစ်ရပ်တွေဟာ ၁၉၈၈ အရေးတော်ပုံကာလတုန်းကလည်း ရှိခဲ့ပါတယ်။ အရင်စစ်အစိုးရလက်ထက်က ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ်နဲ့ စစ်အစိုးရဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ဖူးခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးခင်ညွန့်ဟာ တာဝန်ထမ်းဆောင်နေစဉ်မှာ သားဖြစ်သူကို အမွေဖြတ်စွန့်လွှတ်ကြောင်း ကြေညာခဲ့ရဖူးပါတယ်။

အဲ့ဒီအချိန်ကာလတွေကို ဖြတ်သန်းခဲ့ဖူးတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးက အခုလိုပြောပါတယ်။

"ကြိုတင်ကာကွယ်တဲ့အနေနဲ့ လုပ်နေကြရတာဟာ မိသားစုဝင်တွေကြားထဲမှာ ဘယ်လောက်စိတ်နှလုံး ကြေကွဲစရာဖြစ်မလဲဆိုတာကို အလွယ်လေး တွေးကြည့်လို့ရပါတယ်။ ဒါစနစ် ပြောင်းတော်လှန်ရေးရဲ့ အရင်းအနှီးတွေပဲလို့ ပြောချင်ပါတယ်။ ၈၈ ကာလတုန်းကလည်း ဒီလိုအဖြစ်အပျက်မျိုးတွေ အများကြီး ရှိခဲ့ပါတယ်။ ဖမ်းဆီးထောင်ချခံပြီးတာတောင်မှ မိဘဖြစ်သူရဲ့ အလုပ်အကိုင်တွေ ဆက်လုပ်မရအောင် သားဖြစ်သူကို အမွေပြတ်ကြေညာပြီးမှ ကိုယ့်အသက်မွေး ဝမ်းကြောင်းလုပ်ငန်းတွေကို ဆက်လုပ်လို့ရတာမျိုးတွေ ရှိပါတယ်။ ဝန်ထမ်းဆိုရင်လည်း ရာထူးတိုးမြှင့်မှု ကိစ္စတွေ ခံစားခွင့်မရတော့တာ ရှိပါတယ်၊ ပြည်ပထွက်ခွင့် ပိတ်ပင်ခံရတာတွေလည်း ရှိခဲ့ပါတယ်"

260235117_1314180609036331_4510163507822918201_n.jpg
သမီးအဖြစ်မှ အမွေပြတ်စွန့်လွှတ်ကြောင်း ကြေညာခံခဲ့ရသော ရုပ်ရှင်သရုပ်ဆောင် ပိုင်ဖြိုးသု။

လက်ရှိမြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားတာ ရက်ပေါင်း ၃၀၀ ပြည့်ပါတော့မယ်။ အာဏာသိမ်းစစ်ကောင်စီဟာ သူ့ကို ဆန့်ကျင်တဲ့သူတွေကို ဆက်လက်ဖမ်းဆီးနေရုံတင်မက ပိုင်ဆိုင်မှုတွေကိုလည်း နိုင်ငံပိုင်အဖြစ် သိမ်းနေပါတယ်။

ကုလသမဂ္ဂ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းရဲ့ မိဘတွေ နေအိမ်အပါအဝင် အမျိုးသား ညီညွတ်ရေး အစိုးရ NUG ဝန်ကြီးတွေဖြစ်ကြတဲ့ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း၊ ဒေါက်တာဝင်းမြတ်အေးတို့ အိမ်တွေလည်း စစ်တပ်က သိမ်းယူထားခံထားရပါတယ်။

RFA က လက်လှမ်းမီသလောက် ပြုစုထားတဲ့စာရင်းတွေအရ ပြီးခဲ့တဲ့ သြဂုတ်လက စလုံး ဒီနေ့အထိ စစ်အာဏာပိုင်တွေက အတင်းအကြပ် သိမ်းဆည်းခဲ့တဲ့ အိမ် အလုံး ၇၀ ကျော်ပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။