စီးပွားရေးမျက်နှာစာမှာ စစ်ခေါင်းဆောင်မိသားစုတွေ နေရာယူ
2021.09.08

စစ်တပ်နဲ့ စီးပွားရေးလုပ်ငန်း အဆက်အစပ်ဟာ အမေရိကန်သမ္မတ အိုက်ဆင်ဟောင်ဝါ ပြောခဲ့ဖူးသလို၊ အသွင်သဏ္ဍန်သစ် ဖြစ်နေတဲ့သဘောကိုဆောင်နေတယ်လို့ ဆိုရမှာပါ။ ကာကွယ်ရေးဌာန နဲ့ စစ်တပ် အခန်းကဏ္ဍလေးရပ်ဖြစ်တဲ့ ကြည်း၊ ရေ၊ လေနဲ့ မရင်းတပ်ဖွဲ့တွေဟာ နီးနီးကပ်ကပ် တွဲဆက်ထားတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ စစ်တပ်ဟာ လိုအပ်တာတွေ ပိုမိုများပြားလာနေတဲ့အတွက် အစဉ်အလာ မဟုတ်တဲ့ စီးပွားရေး ဖက်စပ်လုပ်ငန်းတွေ ဖော်ဆောင်လာနေရပြီဖြစ်ကြောင်း ဟားဗတ်စီးပွားရေးစာစောင်က ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်၊ စစ်တပ်က အဏာသိမ်းပြီးတဲ့နောက် ဆန့်ကျင်ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာချိန်အတွင်း တွစ်တာလူမှုကွန်ရက်မှာ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ရှိခဲ့တဲ့ အကောင့်တစ်ခု ပြန်လည်အသက်ဝင်လာခဲ့ပါတယ်။
အဲဒီအကောင့်က ဆန္ဒ့ပြပွဲတွေအတွင်း သေဆုံးခဲ့ရသူတွေကို သရော်လှောင်ပြောင်တဲ့ အကောင့်ဖြစ်ပြီး ဖေဖော်ဝါရီ ၈ ရက်နေ့ က နေပြည်တော်မှာ ဆန္ဒပြသူတွေကို ရဲထရပ်ကားတစီးက မီးသတ်ပိုက်နဲ့ ဖြိုခွဲခဲ့တဲ့အပေါ် သင်္ကြန်စောစောကျပြီလို့ သရော်ခဲ့ပါတယ်။ အဲဒီနောက် သီတင်းသုံးလေးပတ်အကြာမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဆဲရေးလှောင်ပြောင်ခဲ့ပါတယ်။
နောက်ပိုင်းမှာ အဲဒီအကောင့်ပိုင်ရှင်ဟာ အသက် ၃၃ နှစ် အရွယ် အိုင်ဗင်ထက် (Ivan Htet) ဆိုသူဖြစ်ပြီး၊ အာဏာသိမ်း ခေါင်းဆောင်တဦး ဖြစ်တဲ့ လေတပ် အကြီးအကဲ မောင်မောင်ကျော်ရဲ့သား ဖြစ်ကြောင်း၊ ဒါ့ပြင် အိုင်ဗင်ထက်ဟာ သူ့ရဲ့ဇနီးဖြစ်သူ လင်းလက်သီရိနဲ့အတူ၊ လုပ်ငန်းတခု ထူထောင်ပြီး စစ်တပ်ကို ငွေကြေး နဲ့ လက်နက်တွေ၊ ဒရုန်းတွေ၊ ဆိုနာနဲ့ ရေဒါတွေ ထောက်ပံ့ပေးနေကြောင်း၊ ဒရုန်းတွေကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ အပေါ် ထောက်လှမ်းတိုက်ခိုက်ရာမှာ အသုံးပြုကြောင်း၊ အလားတူ လေတပ် အကြီးအကဲ မောင်မောင်ကျော်ရဲ့ တူနဲ့တူမ ဖြစ်သူတွေလည်း ကုမ္ပဏီပိုင်ရှင်တွေ၊ ကြွယ်ဝချမ်းသာသူတွေ ဖြစ်ကြပြီး စစ်တပ်ကို ပံ့ပိုးနေသူတွေ ဖြစ်တယ်လို့လည်း ရိုက်တာသတင်းက ဖော်ပြပါတယ်။
အသက် ၅၇ နှစ်အရွယ် လေတပ်အကြီးအကဲ မောင်မောင်ကျော်ဟာ ၂၀၁၈ ခုနှစ်မှာ လေတပ်အကြီးအကဲဖြစ်လာခဲ့ပြီး လေတပ်ခေတ်မီရေး အစီအစဉ်တွေ ချမှတ်ခဲ့ပြီး ဒေါ်လာ သန်းရာနဲ့ချီ သုံးစွဲခဲ့ပါတယ်တဲ့။ လူတစ်ထောင်ကျော် သေဆုံးခဲ့ရတဲ့ အာဏာသိမ်းအပြီးမှာ လေတပ်ရဲ့တိုက်ခိုက်မှုကြောင့် လက်နက်ကိုင် လူမျိုးစုအဖွဲ့တွေနဲ့ အရပ်ဘက်ပြည်သူတွေ သေကြေဒဏ်ရာရခဲ့ပါတယ်။ လေတပ်အကြီးအကဲရဲ့ မိသားစုဝင်တွေကတော့ စင်ကာပူ၊ ဘန်ကောက်၊ လန်ဒန်လို နေရာတွေမှာ ဈေးဝယ်ထွက်နေကြကြောင်းလည်း ဖော်ပြပါတယ်။
လေတပ်အကြီးအကဲ မောင်မောင်ကျော်ရဲ့တူဖြစ်သူက လေယာဉ်အပိုပစ္စည်းတွေ တင်သွင်းနေတာ ဖြစ်သလို၊ သူ့အနေနဲ့ အရပ်ဘက်နဲ့ စစ်ဘက်အပါအဝင် မြန်မာ့လေကြောင်းဌာနတခုလုံးနဲ့ ပတ်သက်နေတဲ့အပြင်၊ လေယာဉ်ဆိုင်ရာ တာယာတွေ၊ အင်ဂျင်နဲ့ အစိတ်အပိုင်းတွေ၊ ဘရိတ် စတဲ့ ပစ္စည်းတွေ ဟာ သူ့ကို ဖြတ်သန်းသွားရတာလို့ ပြောဆိုခဲ့ကြောင်းလည်း ဖော်ပြပါတယ်။

မြန်မာ့လေကြောင်းနဲ့ပတ်သက်ပြီး လေတပ်အကြီးအကဲ မောင်မောင်ကျော် ကို ရိုက်တာသတင်းက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ခဲ့ဘူးလို့ ဆိုပါတယ်။ သူ့ရဲ့ တူနဲ့ တူမဖြစ်သူတို့ကို မေးမြန်းခဲ့ရာမှာတော့ သူတို့အနေနဲ့ လက်နက်အရောင်းအဝယ်၊ လေယာဉ်အစိတ်အပိုင်း တင်သွင်းမှု၊ မြန်မာ့တပ်မတော်အတွက် စစ်လက်နက် ပစ္စည်း စတာတွေနဲ့ ပတ်သက်မှုမရှိကြောင်း၊ သူတို့အတွက် အထူးအခွင့်အရေးရယ်လို့ မရှိပါကြောင်း ပြန်ကြားခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
ဒါပေမဲ့ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကြေးနီနဲ့ ကျောက်စိမ်း စတဲ့ သယံဇာတတွေ ထုတ်ယူရေးလုပ်ငန်း အများစုကို စစ်တပ်နဲ့ ခရိုနီတွေက ကာလကြာရှည် ထိန်းချုပ်ထားခဲ့တာပါ။ စစ်ကောင်စီအဖွဲ့ဝင်လေးဦးရဲ့ သားသမီးတွေ၊ အိမ်ထောင်ဘက်တွေ ပိုင်ဆိုင်တဲ့ သို့မဟုတ် ကြီးကြပ်တဲ့ ကုမ္ပဏီပေါင်း ၂၇ ခု တွေ့ရှိရကြောင်းလည်း ရိုက်တာက ဆိုပါတယ်။ အဲဒီထဲမှာ ဆောက်လုပ်ရေး၊ ဆေးဝါးပစ္စည်းနဲ့ ဖျော်ဖြေရေးကဏ္ဍအထိ ပါဝင်ပါတယ်။ ဒီနှစ် အစောပိုင်း စစ်တပ်ကအာဏာသိမ်းအပြီး၊ ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်ရဲ့ သားနဲ့ သမီးကို အမေရိကန် ဘဏ္ဍာရေးဌာနက စီးပွားရေးဆိုင်ရာ မသမာမှုနဲ့ အမည်ပျက်စာရင်း သွင်းခဲ့ပါတယ်။

ဒါပေမဲ့ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ သားသမီးတွေဟာ ပြည်ပမှာ ပညာသင်ယူခွင့်ရခဲ့ကြပြီး၊ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ ထူထောင်ကြပါတယ်။ ပြည်ပမှာ ပညာသင်ယူနိုင်တဲ့ အခွင့်အရေးကောင်းတွေ ရရှိနိုင်ခဲ့ကြလို့လည်း အဆက်အသွယ်ကောင်းတွေနဲ့အတူ ကိုယ့်နိုင်ငံပြန် အရောက်မှာ စီးပွားရေးလုပ်ငန်းတွေ ထူထောင်ခဲ့ကြပါတယ်။ သူတို့က ချမ်းသာကြွယ်ဝပြီးသား၊ အဆက်အသွယ်တွေလည်းရှိပြီးသား၊ ပညာရေးတစ်ခုပဲ လိုတော့တာလို့ ဗြိတိန်ဆိုင်ရာ မြန်မာသံအမတ်ဟောင်း ဦးကျော်စွာမင်းက ပြောပါတယ်။