စစ်အာဏာသိမ်းပြီးနောက် နေအိမ် ရှစ်သောင်းကျော် မီးရှို့ခံရ
2023.07.29

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၃ ခုနှစ် ဇွန်လ ၃၀ ရက် အထိ နိုင်ငံတစ်ဝန်းက နေအိမ်နဲ့ အဆောက်အအုံ ၈၁,၈၉၉ လုံး မီးရှို့ ဖျက်ဆီးခံရတယ်လို့ ဒီအခြေအနေတွေကို လေ့လာစောင့်ကြည့်နေတဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေး အင်စတီကျု (ISP- Myanmar) က ဇူလိုင် ၂၈ ရက်မှာ သတင်း ထုတ်ပြန်ပါတယ်။
အဲဒီထဲက ၃၀ ရာခိုင်နှုန်းနီးပါးဖြစ်တဲ့ နေအိမ်နဲ့ အဆောက်အအုံ ၂၄,၁၃၈ လုံးဟာ ဒီနှစ် ပထမခြောက်လအတွင်း မီးရှို့ဖျက်ဆီးခံလိုက်ရတာပါ။
ဒီစာရင်းတွေဟာ မြေပြင်လွတ်လပ်သော အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်ပေါ်မှာ အခြေခံ ထားပြီး လက်တွေ့မှာ ဒီထက်ပိုနိုင်တယ်လို့ ဆိုပါတယ်။ မီးရှို့ဖျက်ဆီးခံရမှုအများဆုံးက စစ်ကိုင်းတိုင်းဖြစ်ပြီး ၅၉,၂၂၅ လုံး မီးလောင်ပျက်စီးခဲ့တာပါ။
ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်ကပဲ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ကန်သစ်ရွာကို စစ်ကောင်စီ တပ်က အင်အား ၁၀၀ နီးပါးနဲ့ ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"သူတို့ မီးရှို့တာက မီးလောင်ဗုံးတွေ ပစ်ထည့်တယ် အိမ်တွေထဲကို၊ ပေါက်ကွဲအား ပြင်းထန်တဲ့ ဗုံးတွေပေါ့။ အိမ်တွေကို တစ်အိမ်တက်ဆင်း မီးတုတ်နဲ့ လိုက်ရှို့တာ မဟုတ်ဘူး"
ကန်သစ်ရွာကို ၂၀၂၂ ခုနှစ် ဇွန်လနောက်ပိုင်း စစ်ကောင်စီတပ်က ငါးကြိမ်တိတိ ဝင်ရောက်မီးရှို့ခဲ့လို့ နေအိမ် ၃၇၀ ကျော် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ပြာပုံဖြစ်ပြီး တလင်းပြင်ဖြစ်တဲ့အထိ မီးလောင်ပျက်စီးသွားတယ်လို့ နေအိမ်မီးလောင်ခံရတဲ့ ကန်သစ်ရွာ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
"ပျက်စီးဆုံးရှုံးတာကတော့ တလင်းပြင်ဖြစ်အောင်ကို ပျက်စီးသွားတာပါ။ မြေကြီးပဲ ကျန်ခဲ့တာ အကုန်ပါ သွားတယ်။ စပါးတိုက်တို့၊ ကျွဲစင်၊ နွားစင်တို့ကအစ ဘုရားစင်နဲ့ အိမ်သာပါ မကျန်ဘူး အကုန်ပါသွားတာ။ ကာလတန်ဖိုးကတော့ သိန်း ၇၀ နဲ့ ၈၀ ကြား အဲဒီလိုအိမ်တွေ မျိုးပါပဲဗျ"
ကန်သစ်ရွာဟာ နေအိမ် ၄၀၀ ရှိပြီး လူဦးရေ ၁၀၀၀ ကျော် နေထိုင်ပါတယ်။ အခုတော့ အများစုက အိုးမဲ့အိမ်မဲ့ ဖြစ်သွားပြီလို့ သူက ပြောပါတယ်။ အိမ်ကောင်းကောင်း ပြန်မဆောက်နိုင်တဲ့အတွက် ပြာပုံပေါ်မှာပဲ ထန်းလက်တဲလေးတွေထိုးပြီး နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တရုတ်ကြေးနီစီမံကိန်းတွေရှိတဲ့ ဆားလင်းကြီးမြို့နယ်မှာလည်း စစ်ကောင်စီတပ်က ရွာတွေကို စီးနင်းမီးရှို့နေလို့ ဒေသခံတွေဟာ မကြာခဏ ထွက်ပြေးတိမ်းရှောင်နေရ ပါတယ်။
နေအိမ်တွေ မီးရှို့ဖျက်ဆီးဖို့အတွက် ပေါက်ကွဲအား ပြင်းထန်တဲ့ မီးလောင်ဗုံးတွေနဲ့ မိုင်းတွေကို စစ်ကောင်စီတပ် က သုံးလာတယ်လို့ ဆားလင်းကြီးမြို့နယ် ဒေသခံ ကိုလွင်ဦးက ပြောပါတယ်။
"သူတို့ မီးရှို့တာက မီးလောင်ဗုံးတွေ ပစ်ထည့်တယ် အိမ်တွေထဲကို၊ ပေါက်ကွဲအား ပြင်းထန်တဲ့ ဗုံးတွေပေါ့။ အိမ်တွေကို တစ်အိမ်တက်ဆင်း မီးတုတ်နဲ့ လိုက်ရှို့တာ မဟုတ်ဘူး။ မီးလောင်ဗုံး ပစ်ပြီးတာနဲ့ အဲဒီအိမ်က မီးစွဲလောင်တယ်။ ပြီးတော့ တိုက်ခံအိမ်တွေ အုတ်နံရံကပ်တွေဆို မိုင်းတွေထောင်ထားခဲ့တာ။ နေအိမ်တွေကို လုံးဝကိုမှ ပြန်နေလို့ မရအောင်၊ ပြန်လည်ထူထောင်ဖို့ရာ ပြန်ဆောက်ဖို့ရာကို အဆင်မပြေလောက်အောင် လုပ်သွားတာ ရှိတယ်"
အခုလို နေအိမ်မီးရှို့ဖျက်ဆီးခံရသူတွေကို S&C မီးဘေး၊ စစ်ဘေး၊ ပညာရေး ကူညီ စောင့်ရှောက်ရေးအဖွဲ့က ကူညီပေးနေပါတယ်။ နိုင်ငံတစ်ဝန်း မီးလောင်ပျက်စီးမှု အရေအတွက် များပြားလွန်းတာကြောင့် အားလုံးကို ကူညီဖို့ အခက်အခဲရှိနေတယ်လို့ အဖွဲ့တာဝန်ခံ ကိုစိုးမိုးအောင်က ပြောပါတယ်။
"အားလုံးကို လွှမ်းခြုံနိုင်ဖို့ဆိုတာ မလွယ်ဘူးဗျ။ ကျွန်တော်တို့မှာက ဆောက်လုပ်ရေး ပိုင်းတွေကလည်း မလွယ်ဘူးဗျ။ ကျွန်တော်တို့လို လုပ်တဲ့သူကလည်း ရှားပါတယ်ဗျနော်။ မြို့နယ်တော်တော်များများ ဖြန့်ဆောက်တယ်။ ဒီ့ပြင်နေရာတွေအထိ လွှမ်းခြုံနိုင်ဖို့ ဆိုတာက ကျွန်တော်တို့ နယ်မြေအခြေအနေရှိမယ်၊ လမ်းပန်းဆက်သွယ်ရေး အခြေအနေတွေ ရှိတယ်ပေါ့နော်။ အဆင်ပြေအောင် ကူညီပေးကြမယ်ဆိုရင်တော့ လွှမ်းခြုံနိုင်အောင် လုပ်ပေးလို့ ရတယ်ဗျ။ ကျွန်တော်တို့မှာ အလုံး ၉၀၀ အထိ ရောက်ခဲ့ ပြီဆိုတော့ ကျွန်တော်တို့ လုပ်ဆောင်ရမှာက တော်တော်လေး ကျွမ်းကျွမ်းကျင်ကျင် ရှိသွားပြီပေါ့လေ"
သူတို့အဖွဲ့က နေအိမ်တစ်လုံးကို ငွေကျပ်နှစ်သိန်းနှုန်းနဲ့ နေအိမ် ၉၀၀ အထိ ပြန်လည် ဆောက်လုပ် ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
နေအိမ်မီးရှို့ဖျက်ဆီးမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်း ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးအပြီး ဇူလိုင်လ ၁၄ ရက် ထုတ်ပြန် ချက်မှာတော့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေတာ၊ အရပ်သားနေအိမ် တွေကို မီးရှို့ဖျက်ဆီးခံနေရတာတွေ အတွက် ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ ဖော်ပြ ခဲ့ပါတယ်။ အဲ့ဒီကြေညာချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ကန့်ကွက်ခဲ့ပါတယ်။
ISP-Myanmar ရဲ့ စာရင်းမှာတော့ မြန်မာနိုင်ငံမှာက မြို့နယ်ပေါင်း ၁၀၆ ခုမှာ နေအိမ်နဲ့ အဆောက်အအုံတွေ မီးရှို့ဖျက်ဆီးခံရတဲ့ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။