ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေကို ရှေ့ဆုံးကနေရင်ဆိုင်ပြီး စောင့်ရှောက်ကုသပေးနေရတဲ့ ကျန်းမာရေး ဝန်ထမ်းတွေဟာ အချိန်မရွေး ရောဂါပိုးကူးစက်နိုင်သူတွေ ဖြစ်လာပါတယ်။
ရှေ့တန်းက ကျန်းမာရေးဝန်ထမ်းတွေကတော့ လူတွေဟာ ကူးစက်မှု လျော့ပါးအောင် အိမ်မှာပဲ နေထိုင်ကြတဲ့ နည်းနဲ့ သူတို့ကို ကူညီလို့ရတယ်လို့ ပြောပါတယ်။
ကျန်းမာရေးဝန်ထမ်းအင်အားဟာ နည်းပါးနေတဲ့အပြင် ကိုယ်တိုင်ကူးစက်ခံကြရလို့ တာဝန် ဆက်လက်မထမ်း ဆောင်နိုင်ရင် အစားထိုးတာဝန်ယူမယ့်သူမရှိဘူးလို့ မကွေးတိုင်း စလင်းမြို့နယ် ဆင်ဖြူကျွန်းတိုက်နယ်ဆေးရုံက ဒေါက်တာ ကျော်ထက်အောင်က ထောက်ပြပါတယ်။
“လက်ရှိတိုင်းပြည်မှာ အစိုးရဝန်ထမ်း ဆရာဝန်ဦးရေက ပြည်သူလူထုရဲ့ အချိုးအစားနဲ့ယှဉ်ရင် အင်မတန်နည်း ပါတယ်။ ဒီနည်းပါးတဲ့အတွက် လူနာနဲ့ ဆရာဝန် ကျန်းမာရေးဝန်ထမ်း အချိုးအစားမမျှတဲ့အပေါ် စိုးရိမ်ပူပန်မှု ရှိပါတယ်။ ရှေ့တန်းမှာလုပ်နေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေက လူနာတွေနဲ့ ထိတွေ့တဲ့အခါ အနှေးနဲ့အမြန် ကူးစက်မယ်ဆိုတာ မျှော်လင့်ထားပြီးသားပါ။ ဒီလိုကူးစက်ချိန် စိတ်ထဲမှာ စိုးရိမ်ပူပန်မှုက ကျန်းမာရေးဝန်ထမ်း တွေ မိမိကိုယ်တိုင် ကူးစက်လာရင် ကိုယ့်မိသားစုကို ဘယ်သူဆက်ပြီး စောင့်ရှောက်မလဲ၊ နောက်တစ်ချက်က ရှေ့တန်းကလုပ်ကိုင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေမရှိတော့ရင် ပြည်သူတွေလူနာတွေကို ဘယ်သူတွေဆက်ပြီး ကုသမလဲဆိုတဲ့ စိုးရိမ်စိတ်ကတော့ လက်ရှိကျန်းမာရေးဝန်ထမ်းအားလုံးအပေါ်မှာ စိတ်ဖိစီးမှုရှိနေတယ်”
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရသူ အရေအတွက်က တိုးလာနေပါတယ်။ ဒီအထဲမှာ လူနာ အမှတ် ၁၇ ကို ဆေးကုသမှုပေးခဲ့တဲ့ ပြည်မြို့အထွေထွေရောဂါကုဆေးရုံကြီးက မေ့ဆေးဆရာဝန် အမျိုးသမီးဟာ လူနာကို ကုသမှုပေးရင်း ပထမဆုံး ကူးစက်ခံရတဲ့ ကျန်းမာရေးဝန်ထမ်းဖြစ်လာပါတယ်။
လူနာအမှတ် ၃၀ ဖြစ်တဲ့ မေ့ဆေးဆရာဝန်ဟာ ကုသမှုခံယူဖို့အတွက် ဝေဘာဂီဆေးရုံမှာ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ လူနာအမှတ် ၁၇ နဲ့ ထိတွေ့ခဲ့တဲ့ ကျန်းမာရေး ဝန်ထမ်းအားလုံးကို စစ်ဆေးခဲ့ပေမယ့် မေ့ဆေးဆရာဝန်မကြီးမှာပဲ ရောဂါတွေ့ရှိခဲ့တာပါ။
ဒီလိုအခြေအနေမှာ ပြည်သူတွေကြားထဲ ကူးစက်မှု နည်းနိုင်သမျှနည်းအောင် တတ်နိုင်သမျှ အိမ်ထဲမှာပဲနေကြပါ ဆိုတဲ့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ တိုက်တွန်းချက်ကို ဒေသတချို့မှာ လိုက်နာမှု အားနည်းနေပါတယ်။
အင်းစိန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နော်သန္တာဆွေ ကလည်း စည်းကမ်းတွေကို လိုက်နာကြတဲ့နည်းနဲ့ ကူညီဖို့ လိုတယ်လို့ ပြောပါတယ်။
“အခုဆို ပိုပြီး အန္တရာယ်များပါတယ်။ ကျွန်မတို့ထွက်နေတယ်ဆိုတာလည်း အများအတွက် ထွက်နေရတာဆိုတော့ အန္တရာယ်အများကြီးထဲကလုပ်နေတာပါ။ ဒါကြောင့် တတ်နိုင်သလောက် ကိုယ့်ဘာသာကိုယ် ကာကွယ်ထိန်းသိမ်း ရမယ်။ စိုးရိမ်စရာရှိလည်း စိုးရိမ်ရမယ်။ ရေရှည်ဖြစ်တဲ့အတွက် အချင်းချင်းအားပေးရင်းနဲ့ လုပ်နေရတယ်။ နစ်နာသွားတဲ့သူတွေအတွက်လည်း လေးစားတယ်။ ဂုဏ်ပြုပါတယ်”
ကူးစက်နှုန်း များပြားလွန်းတဲ့ အမေရိကန်ပြည်ထောင်စုမှာ ကူးစက်ခံရတဲ့ ကျန်းမာရေးလုပ်သားအရေအတွက်က ကိုးထောင်ကျော် ရှိနေပြီး အရေအတွက် ဒီထက်တိုးလာနိုင်တယ်လို့ ဧပြီလ ၁၄ ရက်နေ့ သတင်းတွေအရ သိရပါတယ်။
မြန်မာနိုင်ငံမှာ ပိုးတွေ့လူနာတွေထဲက တချို့သေဆုံးခဲ့တာဟာ ရာခိုင်နှုန်းအားဖြင့် အလွန်များတဲ့ရာခိုင်နှုန်း ဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၁၃ ရက်နေ့က ကိုရိုနာဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ကိုင်နေသူတချို့နဲ့ အင်တာနက်ကနေ ဆွေးနွေးရာမှာ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မခံရအောင် ကာကွယ်ရေး၊ တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး ရက်ပေါင်းအတန်ကြာအောင် ခက်ခဲနေဦးမယ်လို့ ပြောခဲ့ပါတယ်။
“နောက် နှစ်ပတ်၊ သုံးပတ်၊ လေးပတ် ခက်ခဲဦးမှာပဲ။ ခက်ခဲမယ်ဆိုတာ ခြောက်တာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို ပြင်ဆင်ထားဖို့ သတိပေးတာပါ။ ကျန်းမာရေးဝန်ကြီးဌာနဘက်ကတော့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို အစွမ်းကုန် မှန်ကန်အောင် တိကျအောင် ဖြစ်မြောက်အောင်လုပ်သွားမယ်။ ပြည်သူတွေက ညွှန်ကြားချက်တွေကို လိုက်နာဖို့ အဓိကပဲ”
မြန်မာနိုင်ငံမျာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ အရေအတွက်က တနေ့တခြား ပိုမိုများပြားလာနေပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကနေ ကာကွယ်နိုင်ဖို့ ပြည်သူတွေအနေနဲ့ ဧပြီ ၉ ရက်နေ ၁၉ ရက်နေ့အထိ ကျန်းမာရေးကိစ္စနဲ့ အစားအသောက်ထွက်ဝယ်တာကလွဲလို့ အပြင်မထွက်ကြဖို့ အစိုးရက ဒေသန္တရအမိန့် ထုတ်ပြန်ထားပါတယ်။
ဆက်နွယ်သောသတင်းများ
သတင်းဆောင်းပါးများ
ဖတ်ရှုသူအများဆုံး သတင်းများ။
RFA

- ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၅ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်
- RFA မြန်မာပိုင်း ရေဒီယို အထူးအစီအစဉ် (၂၀၂၅ ဧပြီ ၂၆ ရက်)
- မြန်မာ့ငလျင်ဘေးအကူအညီအတွက် ဂျပန်ကျွမ်းကျင်ပညာရှင်အဖွဲ့ စေလွှတ်မည်
- စစ်ဘက် အကျဉ်းထောင် စီမံခန့်ခွဲမှုအမိန့် NUG ထုတ်ပြန်
- စစ်ကောင်စီ အပစ်ရပ်ကြေညာပြီး တိုက်ခိုက်မှုတွေ ဆက်လုပ်နေကြောင်း ကုလပြော