မော်လူးမြို့ကို ဆက်ထိန်းနိုင်ဖို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကြိုးပမ်းနေ

RFA Burmese
2023.12.28
မော်လူးမြို့ကို ဆက်ထိန်းနိုင်ဖို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကြိုးပမ်းနေ မော်လူးမြို့သိမ်းပြီးနောက် ရရှိခဲ့သည့် လက်နက်ခဲယမ်းများအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်နေ့ကတွေ့ရစဉ်။
မြေလတ်အသံ

ကချင်ပြည်နယ်နဲ့နယ်စပ် စစ်ကိုင်းတိုင်းထဲက အင်းတော်မြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ တွေ သိမ်းပိုက်ထားတဲ့ မော်လူးမြို့ကို ပြည်သူ့အုပ်ချုပ်ရေးစနစ် စဖို့ဆောင်ရွက်နေပြီလို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ရှိသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

မော်လူး ရဲစခန်းကို ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက ဒီဇင်ဘာ ၁၃ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မြို့ကိုထိန်းချုပ်ထားနိုင်တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။

မော်လူးမြို့ကို မြို့မိမြို့ဖတွေပါမယ့် ပြည်သူ့အုပ်ချုပ်ရေးစနစ် စပြီးအကောင်အထည်ဖော် နေပြီလို့ အင်းတော် မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က အမည်မဖော်လိုတဲ့ တာဝန်ခံက RFA ကို ပြောပါတယ်။

“အခုမှ စတာ။ လည်ပတ်ဖို့ကို လုပ်နေပြီ။ ၁၃ ရက်နေ့ သိမ်းတယ်ဆို မနေ့က ၁၈ ရက်မှ မိုးညှင်းဘက်က စစ်ကြောင်းထိုးတဲ့ဟာ ခွာသွားတာပေါ့နော်။ အဓိက ငါးရက်ကတော့ ကျွန်တော်တို့ အဲဒီစစ်ကြောင်းကိုကာတာ လုပ်နေရတာပေါ့‌၊ ဆိုတော့ အခု ကျွန်တော်တို့ စလည်ပတ်ဖို့ အကုန် စီစဉ်နေပြီပေါ့နော်၊ မြို့မိမြို့ဖများ ပါမယ်။ ကျွန်တော်တို့ ကာကွယ်ရေး လုံခြုံရေးအဖွဲ့တွေနဲ့ ကာကွယ်ရေး လုံခြုံရေးနဲ့ ထိန်းသိမ်းရေးအဖွဲ့ ဆိုပြီးတော့ ကျွန်တော်တို့ ဒီမှာရှိတဲ့ ယန္တယားတွေကို မြို့အုပ်ချုပ်ရေး ဖော်ဆောင်ပြီး အုပ်ချုပ်ရေးကို အကောင်အထည် ဖော်လို့ရပါပြီ”

မြို့သိမ်းပြီးတဲ့နောက် စစ်ကောင်စီတပ်တွေက မော်လူးနဲ့ ခြောက်မိုင်လောက်ပဲဝေးတဲ့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းအစပ် နန့်စီးအောင်ဂိတ်အထိ စစ်အင်အား တိုးချဲ့လာခဲ့ပြီး ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ပြန်ဆုတ်သွားတယ်လို့ ပြောပါတယ်။

မော်လူးမြို့မှာ ရပ်ကွက်ပေါင်း ခြောက်ရပ်ကွက် ရှိပါတယ်။ တစ်ရပ်ကွက်စီအတွက် ရပ်မိရပ်ဖ တစ်ယောက်ချင်းစီ ရွေးချယ်ပြီး တော်လှန်ရေးတပ်တွေ၊ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့တွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး မြို့အုပ်ချုပ်ရေးစနစ် လည်ပတ်ဖို့ လုပ်ဆောင်နေတာပါ။ အခုလောလောဆယ်တော့ နယ်မြေလုံခြုံရေးကို အဓိက လုပ်ဆောင်နေနိုင်သေးတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ထောင်ခဲ့တဲ့ မြေမြှုပ်မိုင်းအလုံး သုံးဆယ်ကျော်ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေက ရှင်းလင်းခဲ့တယ်လို့လည်း ပြောပါတယ်။

မြို့သိမ်းတဲ့နေ့မှာ စစ်ကောင်စီက လေကြောင်းနဲ့ နှစ်ကြိမ်လာပစ်တဲ့အတွက် နေအိမ် နှစ်အိမ် ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရတာကလွဲလို့ ပြည်သူ ထိခိုက်သေဆုံးမှု အနည်းဆုံးနဲ့ မော်လူးမြို့ကို သိမ်းနိုင်ခဲ့တာလို့ ပြောပါတယ်။

ပြည်သူ့အုပ်ချုပ်ရေးကို တာဝန်ရှိသူတွေ စလုပ်နေပြီလို့ မော်လူးမြို့မှာရှိနေတဲ့ အမည် မဖော်လိုတဲ့ ဒေသခံက ပြောပါတယ်။

“စခန်းကိုတော့ မီးရှို့ပြီး ဒီတိုင်းပဲထားတာပဲ။ အဲဒီမှာ ဒီပြည်သူ့အုပ်ချုပ်ရေးတွေကတော့ မြို့ကိုတော့ သူတို့ဦးစီးပြီးမှ ဦးဆောင်မှုကိုတော့ အဲဒီလိုတော့ လုပ်ဆောင်နေတယ်”

ဒါပေမဲ့ မြို့ခံ အများစုကတော့ စစ်ကောင်စီ ပြန်လာတိုက်မှာကို စိုးရိမ်နေတဲ့အတွက် ပြန်မလာကြသေးဘူးလို့ အမည်မဖော်လိုတဲ့ ဒေသခံက ပြောပါတယ်။

“ရေရှည် ထိန်းထားနိုင်ဖို့ဆိုရင် ကျွန်တော်တို့ဘက်မှာတော့ EAOs တွေ၊ EROs တွေ၊ တပ်ဖွဲ့တွေက သူတို့ဘက်မှာ မတော်တဆ စစ်ကြောင်းထိုးလာလျှင် ကာကွယ်နိုင် အောင်လို့ လမ်းမှာ လုံခြုံရေးတွေ ဆောင်ရွက်နေတာတွေတော့ ရှိတယ်။ ဒေသခံတွေ ကတော့ အချို့ သက်ကြီးရွယ်အိုတွေ ကလေးတွေကတော့ ပြန်မရောက် သေးဘူးပေါ့။ ဆိုင်တွေဆိုလို့ရှိရင်လည်း အကုန်လုံးဖွင့်တာ မဟုတ်ဘဲနဲ့ ပြတင်းပေါက်တစ်ချပ်လေးပဲ ဖွင့်ပြီးတော့ လိုအပ်တာတွေ ရောင်းပေးနေတာ ရှိတယ်။ အရမ်းကြီး စည်ကားနေတာမျိုးတော့ မဟုတ်ဘူး”

စာသင်ကျောင်းတွေကိုလည်း လေကြောင်းရန်ကို စိုးရိမ်နေသေးတဲ့အတွက် မဖွင့်နိုင် သေးဘူးလို့ ပြောပါတယ်။

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကတော့ မြို့ကို သိမ်းထားနိုင်ပြီဖြစ်ပေမယ့် လေကြောင်းရန် စိုးရိမ်ရလို့ ပြည်သူတွေကို အသိပညာ ပေးတာတွေ လုပ်ဆောင်ထားတယ်လို့ ပြောပါတယ်။

“အန္တရာယ်ရှိတဲ့တစ်ခုကတော့ လေကြောင်းရန်ပေါ့နော်။ အဲဒါနဲ့ အ‌ဝေးကနေပစ်တဲ့ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပြီး ပစ်တဲ့ဟာတွေ။ အဲဒါတွေရဲ့ အန္တရာယ်တွေတော့ ရှိနေတုန်းပါပဲ။ အဲဒါတွေအတွက်လည်း ကျွန်တော်တို့ ကြိုတင်ကာကွယ်ပြင်ဆင်ပြီး ပြည်သူတွေကို ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်တာတွေ ရှိပါတယ်”

လွတ်လပ်တဲ့ သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ နိုဝင်ဘာလ ၂၈ ရက်နေ့ ထုတ်ပြန်ချက်မှာ၊ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း စစ်ကိုင်းတိုင်းမှာ တိုက်ပွဲပေါင်း ၁၁၉ ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး ဒေသကာကွယ်ရေးတပ်တွေက မြို့သုံးမြို့နဲ့ စစ်ကောင်စီရဲ့ တပ်စခန်း သုံးဆယ်ထက်မနည်း သိမ်းပိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နိုဝင်ဘာလအတွင်း သိမ်းယူခဲ့တဲ့ ကောလင်းမြို့၊ ရွှေပြည်အေးမြို့ ၊ ခမ်းပတ်မြို့နဲ့ အခု ဒီဇင်ဘာလမှာ သိမ်းလိုက်တဲ့ မော်လူးမြို့ အပါအဝင် မြို့လေးမြို့ကို ပြည်သူ့တော်လှန်ရေး တပ်တွေက သိမ်းလိုက်တာဖြစ်ပါတယ်။

KIA၊ ABSDF၊ PDF နှင့်ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ခဲ့သည့် အင်းတော်မြို့ ရဲစခန်းအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ  ၁၃ ရက်နေ့ကတွေ့ရစဉ်။  (ဓာတ်ပုံ - မြေလတ်အသံ)
KIA၊ ABSDF၊ PDF နှင့်ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ခဲ့သည့် အင်းတော်မြို့ ရဲစခန်းအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်နေ့ကတွေ့ရစဉ်။ (ဓာတ်ပုံ - မြေလတ်အသံ)

ထီးချိုင့်မြို့ကို သိမ်းနိုင်အောင်လည်း ပြည်သူ့တော်လှန်ရေးတပ်တွေက ဆက်ကြိုးစား နေတယ်လို့ ဆိုပါတယ်။ မြို့သိမ်းတိုက်ပွဲစခဲ့တဲ့ နိုဝင်ဘာ ၈ ရက်ကနေ ဒီဇင်ဘာ (၁၉) ရက်အထိ (၄၁) ရက်အတွင်း စစ်ကောင်စီက လေကြောင်းနဲ့ အကြိမ်ရေ ၁၅၀ လောက် တိုက်ခိုက်ခဲ့လို့ ပြည်သူတွေ သေဆုံးတာ၊ အိမ်တွေပျက်စီးတာလည်း ရှိနေတယ်လို့ ထီးချိုင့်တော်လှန်ရေးအဖွဲ့က ဒီဇင်ဘာ ၂၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မော်လူးမှာ ရပ်ကွက်သူ ရပ်ကွက်သားတွေကလည်း ရပ်ရွာ လုံခြုံရေးအပိုင်းတွေကို သူ့ဟာနဲ့သူ ဆောင်ရွက်နေတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံက ပြောပါတယ်။

“ဒီမြို့ထဲ အခြေအနေတော့ သိပ်ပြီးတော့ စိုးရိမ်စရာတော့ မရှိတော့ဘူး။ ဘာကြောင့် လဲဆိုရင် ကျွန်တော်တို့ဘက်ကလည်း ကာထားတာတွေရှိတော့ သိပ်ပြီးတော့ စိုးရိမ်စရာတွေတော့ မရှိတော့ဘူး။ ညညကိုတော့ သတိထားပြီးတော့ နေကြပါတယ်။ ကျွန်တော်တို့ ရပ်ကွက်တိုင်းမှာလည်း လုံခြုံရေးပိုင်းတွေကတော့ သူ့ဟာနဲ့သူ သူ့အပိုင်းနဲ့သူတွေ အကုန်လုံးတော့ စောင့်ရှောက်နေကြပါတယ်။ ကုန်စျေးနှုန်း ကြီးတာရယ်၊ အရောင်းအဝယ် မဖြစ်တာရယ်၊ အရောင်းအဝယ်ကတော့ နိုင်ငံရေး မကောင်းတော့ သိတိုင်းအတိုင်းပါလေ၊ ကုန်စျေးနှုန်းကတော့ ကြီးတယ်”

၂၀၁၄ သန်းခေါင်စာရင်းအရ မော်လူးမြို့မှာ လူဦးရေ ကိုးထောင်နီးပါးနေထိုင်ပြီး တိုက်နယ်ဆေးရုံ၊ ထွေအုပ်ရုံး၊ မီးသတ်ရုံး၊ ဆက်သွယ်ရေးရုံး၊ မီးသတ်ရုံး၊ သစ်တောရုံး၊ စည်ပင်၊ စိုက်ပျိုးရေးရုံးနဲ့ လျှပ်စစ်ရုံးတွေ စိုက်ထားတဲ့မြို့လည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။