စစ်ခေါင်းဆောင်တည်တဲ့ဘုရား ပြည်သူတွေ ဘယ်လိုမြင်ကြသလဲ
2023.08.01

မာရဝိဇယလို့ ဘွဲ့နာမည်တပ်ထားတဲ့ ထိုင်တော်မူဘုရားကြီးဖွင့်ပွဲကို သြဂုတ် ၁ ရက် မနေ့က နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။
အလျားအနံ ၈၁ ပေမြင့်တဲ့ အဲဒီရုပ်ပွားတော်မြတ်ဟာ ကမ္ဘာပေါ်မှာ ဉာဏ်တော်အမြင့်ဆုံး ဗုဒ္ဓရုပ်ပွားတော်မြတ် ဖြစ်တယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။
"နေပြည်တော်မှာ တည်တဲ့ဘုရားကြီးက ကျပ်ဘီလီယံ ၅၈ ဘီလီယံလောက်ကုန်သွားတယ်။ ဒီပိုက်ဆံတွေက ဗိုလ်ချုပ်မင်းအောင်လှိုင် ပိုက်ဆံမဟုတ်ဘူး။ နိုင်ငံတော်ဘတ်ဂျက်၊ တိုင်းပြည်မှာ စစ်တွေကဖြစ်၊ လူတွေငတ်၊ စစ်ဘေးဒုက္ခသည် သန်းချီရှိနေတာ ဒီလောက်ကုန်ကျတာဖြစ်သင့်သလား"
ဘုရားကြီးဖွင့်ပွဲကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် ပင့်သံဃာ အပါး ၉ဝဝ၊ အနုပညာရှင်တွေ၊ ပြည်သူလူထုတွေ စည်စည်ကားကားတက်ရောက်ခဲ့တယ်လို့ စစ်ကောင်စီပိုင် မီဒီယာတွေကနေ ထုတ်လွှင့်ခဲ့ပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကတော့ အဲဒီအခမ်းအနားကို တက်တဲ့သူဟာ စစ်တပ်နဲ့ ဆက်နွယ်သူတချို့နဲ့ မဖြစ်မနေဖိအားပေးခံရတဲ့ ဝန်ထမ်းတချို့ပဲရှိတယ်လို့ RFA ကိုပြောပါတယ်။
"ဘယ်ဝန်ကြီးဌာနက ဘယ်နှယောက်လာရမယ်ဆိုတာ မူရှိပြီးသား၊ ဒီနေ့ဟာ ရုံးပိတ်ရက်လည်းဖြစ်တယ်။ အားလုံးက ခေါ်တဲ့အတိုင်း သွားရတာပဲ။ အရင်ခေတ်က ဒေါ်အောင်ဆန်းစုကြည်ရှုတ်ချတဲ့ပွဲလုပ်ရင် ဘယ်နှယောက်လာ ဆိုပြီး သွားရသလိုပါပဲ။ သေချာတာကတော့ အရပ်သားဝန်ထမ်းမဟုတ်တဲ့သူတွေ သွားတဲ့သူမရှိဘူး။ ဝန်ထမ်းတွေကို ဖိအားပေး မဖြစ်မနေသွားခိုင်းတဲ့ အဆင့်ပဲရှိတယ်။ အကြိုအပို့ လုပ်ပြီးခေါ်ထားတာ၊ လူများတယ်ဆိုတာလည်း ဝန်ထမ်းတွေကို ဖြည့်ထားတာ"

စစ်ခေါင်းဆောင်တွေနဲ့ နီးကပ်တဲ့ သီတဂူဆရာတော်က ဘုရားဖွင့်ပွဲ ဦးဆောင်ခဲ့ပါတယ်။ ကမ္ဘောဒီးယား၊ ထိုင်း၊ နီပေါ၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ ရုရှား၊ လာအို၊ သီရိလင်္ကာ၊ အိန္ဒိယနိုင်ငံက သံဃာအပါး ၇ဝ ကျော်လည်း တက်ရောက်ခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
ဘုရားဖွင့်ပွဲကို ရုပ်မြင်သံကြားကနေ ကြည့်ရှုခဲ့တဲ့ ရန်ကုန်မြို့နေ ဒေါ်ရွှေမိကတော့ ဗုဒ္ဓဘာသာဖြစ်လို့ ဘုရားကို ကြည်ညိုပေမဲ့ စစ်ခေါင်းဆောင်တွေတည်တာကိုတော့ မကြိုက်ဘူးလို့ပြောပါတယ်။
"စစ်ကောင်စီဥက္ကဋ္ဌဟာ ဟိုးတုန်းကလည်း မကောင်းမှုတွေ လုပ်ခဲ့တယ်။ အာဏာသိမ်းပြီးနောက်လည်း မကောင်းမှုတွေကို အဆိုးဆုံးလုပ်ခဲ့တယ်။ တစ်သက်လုံး မကောင်းမှု ဒုစရိုက်တွေ နင်းကန်လုပ်ပြီး အခုကျမှ ဘုရားတည်တယ်ဆိုတဲ့ ကုသိုလ်နဲ့ ချေဖျက်ချင်တာပေါ့။ ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးတယ်ဆိုတဲ့ သဘောပေါ့ရှင်။ သီတဂူဆရာတော် တက်လာတာတော့ တွေ့ရတယ်။ တခြားသူတွေကိုတော့ ကျွန်မ လိုက်မကြည့်ဖြစ်ဘူး။ ဗုဒ္ဓဘာသာဆိုတော့ ဘုရားကိုဖူးရတာတော့ ကြည်ညိုသဒ္ဓါစိတ်ရှိပါတယ်။ သူတို့ မျက်နှာကြီးကို ကြည့်ရတာတော့ အကုသိုလ်များလို့ ဆက်မကြည့်တော့ဘူး"
ဒေါ်ရွှေမိပြောသလိုပဲ ဗုဒ္ဓဘာသာဖြစ်လို့ ဘုရားဆင်းတုတော်ကို ကြည်ညိုပေမဲ့ စစ်ခေါင်းဆောင်ကိုတော့ မနှစ်မြို့ဘူးဆိုတဲ့ ပြောဆိုချက်ကို လူတော်တော်များများက ပြောဆိုနေတာလည်း လူမှုကွန်ရက် စာမျက်နှာတွေမှာ တွေ့ရပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ မြန်မာနိုင်ငံမှာ ထေရဝါဒဗုဒ္ဓသာသနာ ထွန်းလင်းနေတာ ကမ္ဘာကို ပြသဖို့၊ မြန်မာနိုင်ငံနဲ့ ကမ္ဘာကြီးငြိမ်းချမ်းသာယာဖို့ ရည်ရွယ်ချက်တွေနဲ့ တည်ထားကိုးကွယ်တာလို့ ဆိုပါတယ်။
ဘုရားတည်ဖို့ ဒေါ်လာသန်း ၄ဝ အထိ အကုန်အကျခံထားတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ပြောပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူ နိုင်ငံရေးသမားတစ်ဦး ဖြစ်တဲ့ ဦးဇော်ရန်းကတော့ အဲဒီငွေတွေကို နှမြောတယ်လို့ ဆိုပါတယ်။
"နေပြည်တော်မှာ တည်တဲ့ဘုရားကြီးက ကျပ်ဘီလီယံ ၅၈ ဘီလီယံလောက် ကုန်သွားတယ်။ ဒီပိုက်ဆံတွေက ဗိုလ်ချုပ်မင်းအောင်လှိုင် ပိုက်ဆံမဟုတ်ဘူး နိုင်ငံတော်ဘတ်ဂျက်၊ တိုင်းပြည်မှာ စစ်တွေကဖြစ်၊ လူတွေငတ်၊ စစ်ဘေးဒုက္ခသည် သန်းချီရှိနေတာ ဒီလောက်ကုန်ကျတာဖြစ်သင့်သလား၊ ထွက်ပေါက်တစ်ခုအနေနဲ့ သာသနာပြုမင်းဆိုပြီး လူထုက ထောက်ခံလာအောင်လုပ်တဲ့ လုပ်ရပ်တစ်ခုပဲ"
စစ်အာဏာရှင်အဆက်ဆက်ဟာ ရှေးကမင်းတွေကို အားကျပြီး ဘုရားတည် ကျောင်းဆောက်လေ့ရှိပါတယ်။ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်း လက်ထက်မှာလည်း ရွှေတိဂုံစေတီတော်နားမှာ မဟာဝိဇယစေတီတော်ကို တည်ခဲ့ပါတယ်။
စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်မှာလည်း နေပြည်တော်ကို မြို့သစ်ဖော်ပြီး ရွှေတိဂုံစေတီတော်နဲ့ ပုံတူ ဥပ္ပါတသန္တိစေတီတော်ကြီးကို တည်ခဲ့ပါတယ်။

၂ဝ၂၁ ခုနှစ်မှာ အရပ်သားအစိုးရဆီကနေ အာဏာသိမ်းယူခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာလည်း အခု မာရဝိဇယဘုရားကို တည်တာဖြစ်ပါတယ်။
စစ်ခေါင်းဆောင်တည်ထားကိုးကွယ်တဲ့ ဘုရားနဲ့ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းခေါ်ခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာမရှိပါဘူး။
စစ်အာဏာရှင်ဆန့်ကျင်ရေးဆရာတော် ဦးဝါယမကတော့ အာဏာရှင်တွေဟာ ပြည်သူတွေကို ဘာသာရေးအသုံးချ လှည့်ဖြားနေတယ်လို့ မိန့်ပါတယ်။
"တစ်နည်းပြောရရင်တော့ ဆင်သေကို ဆိတ်သားရေနဲ့ဖုံးတဲ့လုပ်ရပ် လှည့်ဖြားမှုမျိုးပါပဲ၊ အာဏာရှင် အဆက်ဆက်ဟာ သူတို့မိုက်ရိုင်းစွာ လုပ်လာတဲ့အလုပ်တွေ၊ တိုင်းသူပြည်သားကို သတ်ဖြတ်လာတာတွေကို ဖုံးကွယ်ဖို့အတွက် ဒီဘုရားတည်တာတွေ၊ တစ်နည်းပြောရရင် ကျောင်းဆောက်ပြတာတွေ ဒီလိုပုံစံမျိုးတွေနဲ့ပဲ တိုင်းသူ ပြည်သားတွေကို လှည့်ဖြားခဲ့တာ၊ ပြည်သူတွေအနေနဲ့လည်း မိစ္ဆာအာဏာလုက တိုင်းပြည်အပေါ်မှာ မတရားဆက်လုပ်ခွင့်ရအောင် လိမ်လည်လှည့်ဖြားတဲ့ အကုသိုလ်ဓာတ်ပေါင်းများစွာနဲ့ ဗုဒ္ဓရဲ့ပုံရိပ်ကို အသုံးချထားတာ ဖြစ်တယ်။ ဒါ့ကြောင့်မို့လို့ ဒီလိုအရာကို သွားပူဇော်ခြင်းဟာ အာဏာရူးကို အားပေးအားမြှောက် ပြုရာဖြစ်တယ်၊ တကယ်တမ်းကျတော့ ဗုဒ္ဓဘာသာဆိုတာ ဆင်းတုတော်တို့ ဘာတို့ဆိုတာဟာ တကယ်တမ်း အပြင်ပန်းကိုးကွယ်မှုတွေ ဖြစ်ပါတယ်"
စစ်ခေါင်းဆောင်ဟာ ဘုရားတည်တဲ့နေရာမှာ အဆောင် ယတြာတွေနဲ့ လုပ်ထားတယ်လို့လည်း ပြည်သူတွေက ပြောပါတယ်။ စစ်ခေါင်းဆောင်ဟာ အခုလို ဘုရားတည်နေပေမဲ့ တစ်ဖက်မှာလည်း အာဏာသိမ်းပြီးကတည်းက လူပေါင်း ၃၈ဝဝ ကျော် သတ်ဖြတ်ခံရ၊ လူပေါင်း နှစ်သောင်းခွဲကျော် ဖမ်းခံနေရတယ်လို့ ပြည်သူလူထု အများစုက ထောက်ပြပြောဆိုနေကြပါတယ်။