အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း ရှမ်းတောင်နဲ့ ကယားမှာ အရပ်သား ၅၁၆ ဦး သေဆုံး
2023.08.04

ရှမ်းပြည်တောင်ပိုင်း၊ မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းနဲ့ ကယားပြည်နယ်မှာ အာဏာသိမ်းချိန် ကနေ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအထိ အရပ်သား ၅၁၆ ဦးသေဆုံးခဲ့တယ်လို့ အဲဒီစာရင်းတွေ ပြုစုနေတဲ့ တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု (PKPF) ဩဂုတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
တိုက်ပွဲတွေ ပိုပြင်းထန်လာတဲ့အမျှ စစ်ကောင်စီတပ်ဘက်က အရပ်သားတွေကို ပိုပစ်မှတ်ထားလာတာကြောင့် လစဉ် အရပ်သား သေဆုံးမှုတွေ ပိုတိုးလာနေတာလို့ PKPF ပြောရေးဆိုခွင့်ရှိသူ အိုက်ကဖြူးက ပြောပါတယ်။
“အဓိက စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကြားမှာ စစ်ရေးအခြေအနေက လျော့သွားတာမရှိဘဲနဲ့ ပိုပြီးတင်းမာလာတာကြောင့် အရပ်သားပြည်သူတွေက ပိုပြီး သေဆုံးနေရတာကို ကျွန်တော်တို့ တွေ့ရတာပေါ့။ နောက်တစ်ပိုင်းက စစ်ကောင်စီက အရပ်သားပြည်သူတွေကို ရန်သူသဖွယ်သတ်မှတ်ပြီး ဖမ်းဆီးသတ်ဖြတ်တာတွေ၊ လက်နက်ကြီးနဲ့ပစ်ခတ်ပြီး တမင်ရည်ရွယ်သတ်ဖြတ်တာတွေကြောင့် အရပ်သား သေဆုံးမှု ပိုပြီးများလာတယ်လို့ ကျွန်တော်တို့ တွေ့ရှိရတာပေါ့နော့်”
သေဆုံးခဲ့တဲ့ အရပ်သား ၅၁၆ ဦးထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အကြောင်းမဲ့ ပစ်သတ်လို့ သေဆုံးရသူ ၂၃၉ ဦး ရှိပြီး စစ်ဘေးတိမ်းရှောင်ရင်း သေဆုံးခဲ့ရသူ ၁၄၁ ဦးအထိရှိခဲ့တယ်လို့ ဆိုပါတယ်။
"လက်နက်ကြီးနဲ့ပစ်ခတ်ပြီး တမင်ရည်ရွယ်သတ်ဖြတ်တာတွေကြောင့် အရပ်သား သေဆုံးမှု ပိုပြီးများလာတယ်"
ဒါ့အပြင် လေကြောင်းကနေ ပစ်ခတ်ခံရလို့ သေဆုံးခဲ့ရသူ ၂၄ ဦး၊ လက်နက်ကြီးနဲ့ လက်နက်ငယ် ထိမှန်သေဆုံးခဲ့သူ ၇၈ ဦး၊ မိုင်းနင်းမိလို့ သေဆုံးရသူ ၁၁ ဦး၊ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ထိတ်လန့်ပြီး သေဆုံးခဲ့သူ ၁၂ ဦး၊ ရဲအချုပ်ထောင်တွေမှာ သေဆုံးခဲ့သူ ခုနစ်ဦးနဲ့ ကရင်နီကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကြောင့် သေဆုံးခဲ့သူ လေးဦး ပါဝင်တယ်လို့ PKPF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လူဦးရေသုံးသိန်းနီးပါးရှိတဲ့ ကယားပြည်နယ်မှာ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေရသူ ကလည်း နှစ်သိန်းကျော်ရှိနေတာကြောင့် ပြည်နယ်တစ်ခုလုံး လူဦးရေရဲ့ သုံးပုံနှစ်ပုံကျော် နေရပ် စွန့်ခွာနေရတာပါ။
အဲဒီအထဲမှာ တိုက်ပွဲဖြစ်ချိန် မပြေးနိုင်တာအပြင် တိုက်ပွဲငြိမ်ပြီးဆိုပြီး နေအိမ်ပြန်ချိန် စစ်ကြောင်းနဲ့တွေ့လို့ ပစ်သတ်ခံလိုက်ရသူတွေပါရှိတယ်လို့ ကရင်နီ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“အသေအဆုံးများတဲ့အထဲမှာ တိုက်ပွဲမှာ စစ်ကြောင်းနဲ့တွေ့လို့ ပစ်သတ်ခံရတာ ပိုများတာပေါ့နော်။ ဒုတိယများတာကတော့ သက်ကြီးပိုင်းတွေကျတော့ မပြေးနိုင်တဲ့အခါမှာ ကျန်းမာရေးချို့ယွင်းပြီးတော့ သေတာလည်းရှိတာပေါ့။ တချို့နေရာတွေက တိုက်ပွဲက တစ်ရက်နှစ်ရက်ပဲဖြစ်တယ် ပြီးတော့ ပြန်ငြိမ်သွားတယ် အဲလိုပဲ ထင်ကြတာပေါ့နော်။ အဲဒါကြောင့် မပြေးကြတော့ဘူး။ ဒါပေမဲ့ အဲမှာ စစ်ကောင်စီကဝင်လာပြီးတော့ ပစ်သတ်သွားတာတွေက ပိုများတာပေါ့နော်။ နောက်တစ်ခုက တိုက်ပွဲဖြစ်ပြီး တစ်ပတ်နှစ်ပတ်လောက်ကြာရင် လူထုတွေက အိမ်ပြန်ပြီး ပစ္စည်းယူကြတာတွေ ရှိတယ်ပေါ့နော်။ ယူတဲ့အခါမျိုးမှာ လမ်းမှာပဲ ပစ်သတ်ခံရတာမျိုးတွေ ရှိတာပေါ့နော်”
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်က အင်အားတွေပိုဖြည့်လာသလို လေကြောင်းတိုက်ခိုက်မှုပါ ပိုလုပ်လာတာကြောင့် အရပ်သားသေဆုံးမှု ဆက်တိုက် မြင့်တက်ခဲ့တာလို့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့ စာရင်းတွေအရ ဇန်နဝါရီလကနေ မတ်လအတွင်း အရပ်သား ၁၉ ဦး သေဆုံးခဲ့ရပြီး ဧပြီကနေ ဇွန်လအတွင်းမှာ ၃၆ ဦး၊ ဇူလိုင်လမှာ ကိုးဦးနဲ့ သြဂုတ်လမှာ တစ်ဦး စုစုပေါင်း ၆၅ ဦး သေဆုံးခဲ့ပါတယ်။
အများစုဟာ စစ်ရေးနဲ့မသက်ဆိုင်ဘဲ ပစ်မှတ်ထားသတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး ဒါဟာ လက်လှမ်းမီသလောက် ပြုစုထားတဲ့ စာရင်းဖြစ်လို့ ဖုန်းနဲ့အင်တာနက်လိုင်း မရတဲ့ဒေသက စာရင်းတွေ ကျန်နေသေးတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ကိုဗညားက ပြောပါတယ်။
“အရပ်သား သေဆုံးမှုနှုန်းကိုကြည့်ရင် တိုက်ပွဲနဲ့တိုက်ရိုက်ဆိုင်တဲ့နေရာက သေဆုံးမှု ထက်စာရင် စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတာတွေ နောက် လက်နက်ကြီး ရမ်းသန်းပစ်ခတ်တာတွေ သွားလာနေတဲ့ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာက ပိုများတာပေါ့နော်။ ကျွန်တော်တို့ ပြောချင်တာက လူထုအပေါ်မှာ ပစ်မှတ်ထား တိုက်ခိုက်မှုတွေကို အထူးသဖြင့် UN အဖွဲ့တွေဘက်က အဲဒါကို နည်းနည်းလေး ဂရုစိုက်ပေးဖို့ လိုအပ်လာပြီလို့ မြင်တယ်ပေါ့နော်။ ဒီဟာက စစ်ရာဇဝတ်မှုနဲ့ ဆက်စပ်နေတာဖြစ်သလို လူသားမျိုးနွယ်စုအပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဖြစ်နေတယ်ဆိုတာကို နိုင်ငံတကာအစိုးရအဖွဲ့တွေက ပိုပြီးဂရုစိုက်ဖို့လိုပါတယ်။ ပြီးရင် စစ်ကောင်စီအပေါ်မှာ ဒီထက်ပိုပြင်းထန်တဲ့ အက်ရှင် (အရေးယူမှု) တွေ ပိုမိုချမှတ်ဖို့ လိုပါတယ်”
စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတစ်ဦးကလည်း ကရင်နီစစ်ဘေးဒုက္ခသည်တွေ ဟာ စစ်ကောင်စီတပ်နဲ့တွေ့ချိန် သတ်ဖြတ်ခံရတာများလာတာကြောင့် စစ်ကြောင်း မရောက်နိုင်တဲ့ တောနက်ပိုင်းနေရာတွေအထိ ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။
ဒါ့ကြောင့် ရေရှည်မှာ စားသောက်ရေးနဲ့ ဆေးဝါးအကူအညီတွေ လက်လှမ်းမမီပဲ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေ ပိုသေဆုံးလာမှာကို စိုးရိမ်နေရတယ်လို့ဆိုပါတယ်။
စစ်ဘေးဒုက္ခသည်အရေးကူညီနေတဲ့ ကရင်နီလူငယ်များသမဂ္ဂ တွဲဖက်အတွင်းရေးမှူး (၂) မူးမာရီယာကလည်း ဒီအချိန်မှာ လူအခွင့်အရေးချိုးဖောက်ခံရမှုတွေလျော့ကျဖို့ အာဆီယံနိုင်ငံတွေအနေနဲ့ စစ်ကောင်စီအပေါ် ပိုပြီးဖိအားပေးဖို့လိုတယ်လို့ ပြောပါတယ်။
“လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ မြန်မာပြည်သူတွေအတွက်ပေါ့နော် အနီးကပ်ဆုံး ရှိနေတဲ့ အာဆီယံနိုင်ငံတွေ အနေနဲ့လည်း မြင်တွေ့နေရတာ ဖြစ်တဲ့အတွက်ပေါ့နော်။ ကျွန်မတို့နဲ့အတူ ရပ်တည်ပြီးတော့ စစ်တပ်ကို ဖိအားပေးတဲ့ နည်းတွေလုပ်ရင်တော့ တချို့တစ်ပိုင်းမှာ ကျွန်မတို့ ထိခိုက်မှုတွေ၊ လူ့အခွင့်ရေးချိုးဖောက်ခံရမှုတွေ လျော့ကျမယ်လို့ မြင်တယ်ပေါ့နော်”
အရပ်သားတွေ ပစ်မှတ်ထားသတ်ဖြတ်ခံရတဲ့အပေါ် စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းဦးနဲ့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ကယားပြည်နယ်မှာ အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ် ဇူလိုင် ၃၁ ရက်အထိ တိုက်ပွဲပေါင်း (၇၆၆) ကြိမ်ဖြစ်ခဲ့ပြီး တိုက်ပွဲအတွင်း ကရင်နီတပ်မတော် KA၊ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ KNDF နဲ့ PDF တပ်ဖွဲ့ဝင် ၃၁၀ ဦးအထိ သေဆုံးခဲ့တယ်လို့ PKPF က ဆိုပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ ၂၂၃၀ ဦးအထိ သေဆုံးခဲ့တယ်လို့ PKPF ရဲ့ စာရင်းတွေမှာ ဖော်ပြထားပေမယ့် ဒီအရေအတွက်အပေါ် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှု (၅၇၂) ကြိမ်အထိ လုပ်ခဲ့ပြီး လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန် ဘာသာရေး အဆောက်အအုံ ၃၉ လုံး ပျက်စီးခဲ့သလို နေအိမ် ၁၆၃၉ လုံး ပျက်စီးခဲ့တယ်လို့ PKPF က ထုတ်ပြန်ထားပါတယ်။