တရုတ်၊ ရုရှားအကူအညီနဲ့ အရေးပေါ်သက်တမ်းမကုန်ခင် ရွေးကောက်ပွဲကျင်းပနိုင်မလား

ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.05.31
တရုတ်၊ ရုရှားအကူအညီနဲ့ အရေးပေါ်သက်တမ်းမကုန်ခင် ရွေးကောက်ပွဲကျင်းပနိုင်မလား ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ဇူလိုင်လက ဒေါ်အောင်ဆန်းစုကြည်ရွေးကောက်ပွဲနယ်မြေ ကော့မှူးမြို့မှာ မဲစာရင်းစစ်နေသည့် ဒေသခံတစ်ဦး။
AFP

မြန်မာနိုင်ငံကိုရောက်နေတဲ့ ရုရှားလွှတ်တော်ဒုတိယဥက္ကဋ္ဌ Mr. Sholban Kara-Ool ဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးတို့နဲ့ သီးခြားစီတွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲကိစ္စ၊ မိုခါဆိုင်ကလုန်း မုန်တိုင်းကယ်ဆယ်ရေးနဲ့ အသေးစားနျူကလီးယား စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ဦးဖေသန်း-"စစ်ကောင်စီဘက်က အာဏာသုံးပြီး ရပ်တည်တာဟာ တရားမျှတမှုကို မလိုတဲ့ သမိုင်းဆိုးတစ်ခုပေါ့။ အဲ့နိုင်ငံတွေရဲ့ လုပ်ရပ်ကတော့ ကျွန်တော်တို့ နိုင်ငံအတွက် ဘယ်လိုမှ ကောင်းကျိုးဖြစ်လာနိုင်စရာမရှိဘူး။ သူတို့ရဲ့အကျိုးစီးပွားအတွက်ပဲ စစ်ကောင်စီကို အသုံးချနေတာလို့ ပြောလို့ရပါတယ်ခင်ဗျ။"

မေလ ၃၀ ရက်နေ့မှာ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သီးသန့်တွေ့ဆုံပြီးနောက် ရွေးကောက်ပွဲကာလအတွင်း လွတ်လပ်တဲ့ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ပံ့ပိုးကူညီမယ်လို့ ပြောခဲ့ကြောင်း စစ်ကောင်စီက ဆိုပါတယ်။

ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးကတော့ အချိုးကျကိုယ်စားပြုစနစ် PR နဲ့ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတာတွေကို ရုရှားလွှတ်တော်ဒု-ဥက္ကဋ္ဌ ကို ပြောခဲ့ပါတယ်။

အရေးပေါ်ကာလသက်တမ်းမတိုးခင်ကထက် စစ်ကောင်စီဘက်က နယ်မြေစိုးမိုးနိုင်မှု လျော့ကျလာလို့ ကျန်တဲ့နှစ်လသက်တမ်းမှာ ရွေးကောက်ပွဲကို ကျင်းပနိုင်ခြေမရှိဘူးလို့ အမျိုးသားညီညွတ်ရေး အစိုးရပြောရေး ဆိုခွင့်ရှိသူ ဦးနေဘုန်းလတ် ကသုံးသပ်ပါတယ်။

“အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ခြောက်လသက်တမ်းတိုးထားပြီးတော့ တရားမဝင်အတုအယောင်ရွေးကောက်ပွဲကို လုပ်ဖို့ စီစဉ်တဲ့ သူရဲ့အစီအစဉ်က ပျက်သလောက်ရှိသွားပြီလို့ ကျွန်တော်တို့က သုံးသပ်ပါတယ်။ ဇူလိုင်လအတွင်းမှာ သူလုပ်ချင်တဲ့ အတုအယောင် ရွေးကောက်ပွဲက လုပ်နိုင်မယ့် အခြေအနေမှာမရှိပါဘူး။ ဇူလိုင်ပြီးရင် နောက်ထပ်သက်တမ်းခြောက်လပဲ ထပ်တိုးမလား။ ဒါမှမဟုတ် တခြားထွက်ပေါက်တစ်ခုခုနဲ့ တခြားသောအရွေ့တစ်ခုကိုဖော်ဆောင်မလားဆိုတာကတော့ ကျွန်တော်တို့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ တကယ့်လက်တွေ့မှာတော့ တရားမဝင်အတုအယောင် ရွေးကောက်ပွဲလုပ်နိုင်မယ့် မြို့နယ်တွေ ပိုတိုးမလာဘဲ မလုပ်နိုင်တဲ့မြို့နယ်တွေဘဲ ပိုများလာတယ်။ လုပ်နိုင်စွမ်းလည်း သူ့မှာမရှိပါဘူး။”

2021-03-01T000000Z_251450082_RC222M91V8F9_RTRMADP_3_MYANMAR-POLITICS-TIMELINE.JPG
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့က ရန်ကုန်မြို့မှာ စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြခဲ့ကြသည့် ပြည်သူများ။(Photo: Reuters)

အရေးပေါ်ကာလသက်တမ်းခြောက်လ တိုးခဲ့တဲ့ အခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ကာ/လုံအစည်းအဝေးမှာ စစ်ခေါင်းဆောင်ကိုယ်တိုင်က တစ်နိုင်ငံလုံးက မြို့နယ် ၃၃၀ မှာ လုံခြုံရေးလိုအပ်နေတဲ့မြို့နယ် ၁၃၂ မြို့နယ်ရှိတယ်လို့ ပြောခဲ့တာပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ခေါင်းဆောင်ဟာ နိုင်ငံရေးထွက်ပေါက်အနေနဲ့ ဩဂုတ်လမှာ ရွေးကောက်ပွဲကို ကျင်းပနိုင်အောင်ကြိုးပမ်းမှာ ဖြစ်ပြီး ရုရှားနဲ့ တရုတ်ဆီက အကူအညီ တွေရယူလိမ့်မယ်လို့ သူ့အမြင်ကိုပြောပါတယ်။

“ရွေးကောက်ပွဲမှာ ရုရှားက ကူညီမယ်ဆိုတဲ့ကိစ္စဟာ နည်းပညာဆိုင်ရာအကူအညီတွေပေးနိုင်မှာ။ သူကတော့ အတက်နိုင်ဆုံးဩဂုတ်လမှာ ရွေးကောက်ပွဲကို ကျင်းပနိုင်အောင်လုပ်ပါလိမ့်မယ်။ တစ်နည်းနည်းနဲ့ တရားမျှတမှု မရှိတဲ့ နည်းပညာတွေအသုံးချပြီးလုပ်တဲ့ ပုံစံမျိုးနဲ့ရွေးကောက်ပွဲ မဖြစ်ဖြစ်အောင် လုပ်ပါလိမ့်မယ်။ စစ်အာဏာသိမ်းမှုအတွက် သက်တမ်းတိုးတာက ဂိတ်ကုန်နေပြီလေ။ ဒီဩဂုတ်လက နောက်ဆုံးပဲ။ အဲ့လိုမလုပ်လို့ရှိရင်သူက စစ်အာဏာသိမ်းခေါင်းဆောင်အဖြစ်ပဲ ဆက်ရပ်တည်ရမယ့် အနေအထားက နိုင်ငံတကာမှ မျက်နှာပြလို့ မကောင်းတဲ့ အနေအထားဖြစ်တဲ့အခါကျတော့ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် ကျင်းပပါလိမ့်မယ်။ အဲ့ဒီအတွက် အကူအညီလည်း တရုတ်ဆီက ရယူလိမ့်မယ်။"

လက်ရှိအချိန်မှာ ရွေးကောက်ပွဲကျင်းပနိုင်တဲ့ အလားအလာလုံးဝမရှိသေးတာမို့ ရွေးကောက်ပွဲကျင်းပမယ့် ရက်ကို စစ်ကောင်စီက မကြေညာသေးတာဖြစ်ပြီး ဩဂုတ်လနီးလာတဲ့အခါ တစ်နည်းနည်းနဲ့ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်လိမ့်မယ်လို့ ယူဆကြောင်း သူက ပြောပါတယ်။

large.jpg
၂၀၂၃ ခုနှစ် မေလ ၃၀ ရက်နေ့က တောင်ကြီးမြို့မှာတွေ့ဆုံခဲ့သည် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားလွှတ်တော်ဒုတိယဥက္ကဋ္ဌ။ (Photo:Myanmar Military)

တရုတ်နိုင်ငံဘက်ကတော့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ မတ်လ ၇ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်ဟိုင်းဟာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးသိန်းစိုးနဲ့ တွေ့ဆုံပြီး ရွေးကောက်ပွဲဆိုင်ရာကိစ္စတွေ မေးမြန်းခဲ့တယ်လို့ စစ်ကောင်စီပိုင် သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။

ရွေးကောက်ပွဲကျင်းပနိုင်မယ့် အခြေအနေ၊ နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေ၊ နည်းဥပဒေပြဋ္ဌာန်းမှု၊ နိုင်ငံရေးပါတီများတည်ထောင်ခွင့်၊ မှတ်ပုံတင် လျှောက်ထားမှု၊ အီလက်ထရောနစ်စနစ်နဲ့ မဲပေးနိုင်ရေး၊ အချိုးကျကိုယ်စားပြု စနစ်တွေအကြောင်း တရုတ်သံအမတ်ကြီးက မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ လုပ်မယ့် ရွေးကောက်ပွဲကို လူထုဘယ်လောက် လက်ခံမှုရှိလဲဆိုတာ တရုတ်က လေ့လာနေပုံရတယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။

2020-11-08T090316Z_897118944_RC2XYJ9KQT75_RTRMADP_3_MYANMAR-ELECTION.JPG
ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲနေ့က ရန်ကုန်မြို့မှာ မဲပေးဖို့ စောင့်ဆိုင်းနေခဲ့သည့် ပြည်သူများ။ (Photo:Reuters)

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းကတော့ ဒီအရေးပေါ်သက်တမ်းကာလထဲ စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပနိုင်ခြေမရှိသေးတာမို့ နောက်ခြောက်လ သက်တမ်းတိုးလိမ့်မယ်လို့ ယူဆပါတယ်။

“ အခြေခံဥပဒေမှာရေးထားတာက ပထမ တစ်နှစ်၊ တစ်နှစ်ပြီးတဲ့အခါ ခြောက်လ ခြောက်လ သက်တမ်း နှစ်ကြိမ်တိုးနိုင်သည်လို့ရေးထားတာ။ ပုံမှန်မဟုတ်ဘူးဆိုတဲ့ Clause ခံလိုက်လို့ရှိရင် သူက အကြိမ်ကြိမ် တိုးနိုင်သည်ဆိုတာလည်း ဖြစ်နိုင်တာပဲ။ အေးအေးဆေးဆေးမဲပေးနိုင်တဲ့ အခြေအနေမရောက်မချင်း ရွေးကောက်ပွဲလုပ်မှာမဟုတ်ဘူး။ ခုံရုံးကို မေးမယ်။ ခုံရုံးက အခြေခံဥပဒေနဲ့ညီပါတယ်ဆိုရင်သူတို့ဆက်ယူမယ်ပေါ့နော်။”

စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပမယ်လို့ပြောထားပေမယ့် ဘယ်အချိန်ကျင်းပမယ်ဆိုတာကို အတိအကျ ထုတ်ဖော်ပြောကြားတာမရှိသေးပါဘူး။

စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို အမေရိကန်က အသိအမှတ်မပြုဘူးလို့ ကြေညာထားပေမယ့် တရုတ်နဲ့ ရုရှားကတော့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဆွေးနွေးနေတာပါ။

ရုရှားနဲ့တရုတ်က စစ်ကောင်စီဘက်က ရပ်တည်တည်ပြီး တရားမျှတမှုကိုမလိုလားတဲ့ သမိုင်းဆိုးကို ဖန်တီးနေတာလို့ ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းကပြောပါတယ်။

“သူတို့ စစ်ကောင်စီဘက်က ရပ်တယ်ဆိုတာကတော့ စစ်လက်နက်ပစ္စည်းတွေရောင်းချဖို့၊ စစ်ကောင်စီကို နိုင်ငံတကာမှာ ထိထိရောက်ရောက် အပြစ်ဒဏ်မပေးနိုင်အောင် ကာကွယ်ပေးဖို့၊ ရုရှားတို့၊ တရုတ်တို့ဟာ မတရားတဲ့ဘက်က ၊ တစ်ကမ္ဘာလုံးက တရားမမျှတဘူးဆိုတာ သိတာတောင်၊ စစ်ကောင်စီဘက်က အာဏာသုံးပြီး ရပ်တည်တာဟာ တရားမျှတမှုကို မလိုတဲ့ သမိုင်းဆိုးတစ်ခုပေါ့။ အဲ့နိုင်ငံတွေရဲ့ လုပ်ရပ်ကတော့ ကျွန်တော်တို့ နိုင်ငံအတွက် ဘယ်လိုမှ ကောင်းကျိုးဖြစ်လာနိုင်စရာမရှိဘူး။ သူတို့ရဲ့အကျိုးစီးပွားအတွက်ပဲ စစ်ကောင်စီကို အသုံးချနေတာလို့ ပြောလို့ရပါတယ်ခင်ဗျ။”

လက်ရှိမှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ဟာ သူတို့အသစ်ပြန်ထုတ်ထားတဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေအရ လျှောက်ထားခဲ့တဲ့ နိုင်ငံရေးပါတီတွေကို တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်တွေ ချထားပေးနေပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။