နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်မယ်လို့ မြောက်ပိုင်းသုံးဖွဲ့ပြော

RFA Burmese
2023.07.07
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်မယ်လို့ မြောက်ပိုင်းသုံးဖွဲ့ပြော စစ်ကောင်စီငြိမ်းချမ်းရေးအဖွဲ့နှင့် တွေ့ဆုံရန် မြောက်ပိုင်းလက်နက်ကိုင် သုံးဖွဲ့ကိုယ်စားလှယ်များ မိုင်းလားမြို့ကို ၂ဝ၂၃ ခုနှစ် မေလ ၃ဝ ရက်နေ့က ရောက်ရှိလာကြစဉ်။
Citizen Journalist

ထိန်းချုပ်နယ်မြေတွေနဲ့ လှုပ်ရှားနယ်မြေတွေမှာ နိုင်ငံတကာက လာရောက်ရင်းနှီးမြှုပ်နှံတဲ့ စီမံကိန်းတွေနဲ့ ပတ်သက်လို့ နှောင့်ယှက်ဖျက်ဆီးသူတွေ၊ ဆက်ကြေးတောင်ခံသူတွေကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ MNDAA ကိုးကန့်တပ်ဖွဲ့၊ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA နဲ့ ရက္ခိုင့်တပ်တော် AA တို့က ဇူလိုင်လ ၁ ရက်နေ့က တရုတ်-မြန်မာ နှစ်ဘာသာနဲ့ ပူးတွဲထုတ်ပြန်ကြေညာပါတယ်။

အကြမ်းဖက်မှု ကျူးလွန်သူတွေကိုလည်း တိုက်ဖျက်ချေမှုန်းသွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

"ဒါအဓိက တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ရည်ရွယ်ပုံရပါတယ်"

ရှမ်းမြောက်ပိုင်း တရုတ်နယ်စပ်ဒေသအတွင်းမှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူသတ်၊ ပြန်ပေးဆွဲ၊ ငွေညှစ်တဲ့ အကြမ်းဖက် ဒုစရိုက်မှုတွေများလာတဲ့ အပေါ်ကာကွယ်ဖို့ ဖြစ်တယ်လို့ TNLA ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က RFA ကို ပြောပါတယ်။

“အာဏာသိမ်းပြီးနောက်ပိုင်းပေါ့နော် အကြမ်းဖက်မှုတွေလည်း ပေါလာတယ်။ ကျွန်တော်တို့ နယ်မြေမှာလည်း ပြန်ပေးဆွဲမှုတွေ ဓားပြမှုတွေလည်း မကြာခဏ ကျွန်တော်တို့ ဖမ်းဆီးရမိတာရှိတယ်။ ဒီလောင်းကစားလုပ်ငန်းတွေ ပြန်ပေးဆွဲတာတွေ အများစုက ကွတ်ခိုင်နဲ့ ကျန်တဲ့ နမ့်ခမ်းဘက် အခြမ်းပေါ့။ ပြည်သူတချို့ကျတော့ လုပ်ငန်းရှင်ဖြစ်တာပေါ့ ။တချို့ကျတော့ လုပ်ငန်းရှင်တော့ မဟုတ်ဘူးပေါ့နော်။ ရိုးရိုးပြန်ပေးဆွဲတာတွေလည်းရှိတယ်။ ငွေညစ်တာပေါ့နော်။ တချို့ကိစ္စကတော့ နယ်မြေဒေသဆက်စပ်နေတဲ့ ကိစ္စမှာတော့ နယ်မြေစိုးမိုးရေးနဲ့ နယ်မြေအေးချမ်းရေး ကျတော့ တချို့နေရာမှာ ကျွန်တော်တို့ ထိန်းထိန်းသိမ်းသိမ်း လုပ်နေရာရှိတာပေါ့”

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ ကွတ်ခိုင်နဲ့ ပန်ဆိုင်းမြို့နယ်တွေအတွင်မှာ ၂၀၂၂ ခုနှစ်ဆန်းပိုင်းကစပြီး လူသတ်၊ ပြန်ပေးဆွဲမှုနဲ့ ဓားပြမှုတွေ ပိုများလာပြီး အဲဒီထဲမှာ တရုတ်နိုင်ငံသားတွေနဲ့ မြန်မာပြည်ဖွား တရုတ်လူမျိုးတွေ အများဆုံးပစ်မှတ်ထား ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

MNDAA ကိုးကန့်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ ၂၀၂၂ ခုနှစ်နှစ်ဆန်းပိုင်းကနေ ၂၀၂၃ နှစ်ဆန်းပိုင်းအထိ ဓားပြမှု၊ ပြန်ပေးဆွဲမှုပေါင်း ၄၀ ဝန်းကျင်အထိဖြစ်ပွားခဲ့ပြီး အဲဒီထဲမှာ တရုတ်နိုင်ငံသားတစ်ဦး သတ်ဖြတ်ခံခဲ့ရသလို ၁၄ ဦး ဝန်းကျင် ပြန်ပေးဆွဲခံခဲ့ရတယ်လို့ ဆိုပါတယ်။

မြန်မာပြည်ဖွား တရုတ်လူမျိုး အပါအဝင် တခြားတိုင်းရင်းသားတွေထဲက ဓားပြတိုက် ပြန်ပေးဆွဲခံရမှုပေါင်း ၂၅ မှုဝန်းကျင်ဖြစ်ခဲ့ပြီး ကလေးငယ်တစ်ဦး အပါအဝင် ခြောက်ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ကိုးကန့်တပ်ဖွဲ့ရဲ့ မေနဲ့ ဇွန်လ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

အဲဒီလိုပြန်ပေးဆွဲ လူသတ်မှုမှာ ပါဝင်ခဲ့တဲ့သူတွေထဲက မြန်မာပြည်ဖွားတရုတ်လူမျိုး အမျိုးသားလေးဦးကို သေဒဏ်ပေးခဲ့ပြီး ငါးဦးကို နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခဲ့ကြောင်း ကိုးကန့်တပ်ဖွဲ့က ပြီးခဲ့တဲ့ မေလနဲ့ ဇွန်လတွေမှာ ထုတ်ပြန်ခဲ့ပါတယ်။

တရုတ် - မြန်မာ နယ်စပ်မှာ အခုလို ပြန်ပေးဆွဲမှုတွေအတွင်း တရုတ်နိုင်ငံသားတွေပါ ပစ်မှတ်ထား ခံလာရတဲ့အပေါ် တရုတ်နိုင်ငံအစိုးရဘက်က သူ့ရဲ့အကျိုးစီးပွားတွေ ထိခိုက်လာနိုင်တဲ့အတွက် တရုတ်သြဇာ မကင်းတဲ့ မြောက်ပိုင်းအဖွဲ့တွေကနေ အခုလို အရေးယူမှုတွေ လုပ်ဆောင်ခိုင်းတာဖြစ်နိုင်တယ်လို့ ရှမ်းပြည်အခြေစိုက် တိုင်းရင်းသား အရေးနဲ့ စစ်ရေးသုံးသပ်သူ ဦးရဲထွန်းက ပြောပါတယ်။

“စာထုတ်လိုက်တဲ့ဟာကတော့ အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက် သတ်ဖြတ်တာ၊ လူကုန်ကူးတာ အဲဒါမျိုးတွေ ထပ်ဖြစ်လာမှာစိုးလို့ပေါ့နော်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ထိခိုက်တာဖျက်ဆီးတာ မလုပ်ဖို့ဆိုတာကတော့ ဒါအဓိက တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ရည်ရွယ်ပုံရပါတယ်။ ဒါတွေကို မဖြစ်ခင် ကြိုပြီးတော့ တားဆီးတာပေါ့။ ဘာဖြစ်လို့တုန်းဆိုရင် အဲဒီပိုက်လိုင်းတစ်လျှောက်မှာလည်း တရုတ်ပြည်ကလာတဲ့ ဝန်ထမ်းတွေရှိတယ်။ သူတို့ ဓာတ်ငွေ့နဲ့ ရေနံပို့တဲ့ပိုက်လိုင်း တစ်လျှောက်မှာ သူတို့တာဝန်ကျတဲ့ တရုတ်နိုင်ငံသားတွေ ရှိနေတယ်နော်။ ဒါတွေကိုကြိုပြီးတော့ ဟိုဟာဖြစ်တဲ့အနေနဲ့ ဒီသုံးဖွဲ့ကကြိုပြီးတော့ ထုတ်ပြန်လိုက်တယ် လို့ ယူဆပါတယ်”

၂၀၀၉ ခုနှစ်မှာ စီမံကိန်း စတင်ဖွင့်လှစ်ခဲ့ တရုတ်မြန်မာရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဟာ ရခိုင်ပြည်နယ် ကျောက်ဖြူကနေ မန္တလေးတိုင်း၊ မကွေတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတွေကို ဖြတ်သန်းသွားတာဖြစ်ပါတယ်။ ကီလိုမီတာ ၈၀၀ နီးပါး ( မိုင် ၅၀၀ နီးပါး) ရှိတဲ့ ဒီစီမံကိန်း တစ်လျှောက်မှာ မြို့နယ်ပေါင်း ၂၂ ခုကို ဖြတ်သန်းထားပြီ ပိုက်လိုင်းစီမံကိန်းတစ်လျှောက်မှာ တရုတ်နိုင်ငံသား ဝန်ထမ်းတွေလည်း တာဝန်ထမ်းဆောင်နေတာပါ။

ရက္ခိုင့်တပ်တော် AA လှုပ်ရှားတဲ့ ရခိုင်ပြည်နယ်အတွင်းမှာဆိုရင် ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ ကျောက်ဖြူ သဘာဝဓာတ်ငွေ့စီမံကိန်းလို စီမံကိန်းကြီးတွေရှိနေသလို TNLA နဲ့ MNDAA တပ်ဖွဲ့လှုပ်ရှားတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာတော့ မူဆယ်နယ်စပ် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဇုန်၊ ချင်းရွှေဟော်နယ်စပ် စီးပွားရေးဇုန်လုပ်ငန်း၊ ဂုတ်ထိပ်တံတား စီမံကိန်း၊ ကွမ်လုံတံတား စီမံကိန်းလုပ်ငန်တွေကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်မြောက်ပိုင်းမှာ တခြားနယ်စပ်တွေလို အခြေအနေတွေ ပိုရှုပ်လာနေပြီး သူ့အကျိုး စီးပွားထိခိုက်လာမှာကို တရုတ်အစိုးရဘက်က စိုးရိမ်လို့ ကြိုတင်ကာကွယ်တဲ့သဘော ဖြစ်ပုံရတယ်လို့ လုံခြုံရေးဆိုင်ရာ ဘာသာရပ် သုတေသီတစ်ဦးဖြစ်တဲ့ ကိုကျော်စောဟန်က သုံးသပ်ပါတယ်။

“တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ တရုတ်ရဲ့ အကျိုးစီးပွားဆိုင်ရာကိစ္စတွေကို ခြိမ်းခြောက်လာဖွယ်ရှိတဲ့အတွက်ပေါ့နော် ဒါတွေမခြိမ်းခြောက်နိုင်အောင် ဒေသခံအဖွဲ့အစည်းတွေကို တရုတ်က စာထုတ်စေချင်တဲ့ သဘောမျိုးဖြစ်မယ်လို့ ယူဆရပါတယ်။ အနည်းနဲ့အများ တရုတ်ရဲ့ တိုက်တွန်းအားပေးမှုကြောင့် ဒီစာထွက်လာတယ်လို့ ယူဆရပါတယ်။ တရုတ်-မြန်မာနယ်စပ်က ပဋိက္ခက အတိုင်းအတာတစ်ခုထိ ရှိတယ်ဆိုပေမယ့် တခြား ထိုင်း- မြန်မာ နယ်စပ်လိုတော့ တအားကြီးပြင်းထန်တာမျိုးတော့ မဟုတ်ဘူးပေါ့နော်။ နှစ်ဖက်အဖွဲ့အစည်းတွေ ညှိနှိုင်းပြီး နယ်စပ်လုံခြုံရေးကို လုပ်နေတာတော့ ထိုင်း-မြန်မာ နယ်စပ်နဲ့ အိန္ဒိယ-မြန်မာ နယ်စပ်ကို လုပ်နေတာတော့တွေ့ရတယ်။ ရေရှည်မှာတော့ ဒီလို ပဋိပက္ခတွေ ဖြစ်လာနိုင်တဲ့အတွက်ပေါ့နော် ရှမ်းပြည်နယ် မြောက်ပိုင်းမှာ လက်နက်ကိုင်အဖွဲ့အစည်း များစွာကလည်း နယ်မြေတွေ ထပ်နေတာရှိသလို တပ်ကအာဏာယူပြီးကာလမှာ အဖွဲ့အသစ်တွေ ပေါ်လာတာရှိတော့ ဒီအဖွဲ့အသစ်တွေအနေနဲ့ စီးပွားရေးလုပ်ငန်းရှင် တွေအပေါ်မှာ ခြေလွန်လက်လွန်မဖြစ်ဖို့ သတိပေးတာပဲဖြစ်လိမ့်မယ်”

အခုထုတ်ပြန်ချက်ဟာ တရုတ်ရဲ့တိုက်တွန်းမှုကြောင့်လားဆိုတဲ့ မေးခွန်အပေါ်မှာတော့ TNLA ပြောခွင့် ရ ဒုတိယ ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က တိတိကျပြောဆိုတာ မရှိပါဘူး။ ဒါပေမဲ့ တရုတ်အစိုးရ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံတိုင်းမှာတော့ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ကူညီပေးဖို့ တရုတ်ဘက်က မြောက်ပိုင်းလက်နက်ကိုင် အဖွဲ့တွေကို မေတ္တာရပ်ခံလေ့ရှိတယ်လို့ ပြောပါတယ်။

မြောက်ပိုင်းသုံးဖွဲ့ရဲ့ အခုလို ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီ သဘောထား သိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ရုံးချုပ်ကနေ ဖုန်းနဲ့ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ ရွှေသဘာဝဓာတ်‌ငွေ့ပိုက်လိုင်းစီမံကိန်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ ရွှေသဘာဝဓာတ်‌ငွေ့ပိုက်လိုင်းစီမံကိန်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

မြောက်ပိုင်းညီနောင်သုံးဖွဲ့ဖြစ်တဲ့ AA၊ MNDAA နဲ့ TNLA တပ်ဖွဲ့တွေဟာ စစ်တပ်အာဏာ သိမ်းမှုကို ဆန့်ကျင်တဲ့ လူထုတော်လှန်ရေးကို အားပေးထောက်ခံကြောင်း ထုတ်ဖော် ပြောဆိုထားတဲ့အဖွဲ့ အစည်းတွေဖြစ်ပါတယ်။

သူတို့ထိန်းချုပ်နယ်မြေတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအတွက် စစ်ရေးလေ့ကျင့်မှု နဲ့ လက်နက်တပ်ဆင်မှုတွေကို လုပ်ဆောင်ပေးနေပြီး တော်လှန်ရေးအားကောင်းတဲ့ ကယားနဲ့ စစ်ကိုင်းတိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကိုလည်း ကူညီပေးနေတာရှိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထုတ်ဖော်ပြောဆို ထားတာရှိပါတယ်။

ဒါပေမဲ့ သူတို့ထိန်းချုပ်နယ်မြေတွေမှာတော့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်မှု သိသိသာသာ လျော့နည်းလာသလို သူတို့ထိန်းချုပ်မှုအောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်မှုလည်း လျော့နည်းလာတာကို တွေ့ရတယ်လို့ စစ်ရေးနဲ့ နိုင်ငံရေးလေ့လာသူတွေက ဆိုပါတယ်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်အပေါ် ကိုးကန့် MNDAA နဲ့ ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့တို့ရဲ့ သဘောထားကို သိနိုင်ဖို့ RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

မြန်မာနိုင်ငံအတွင်းမှာ တရုတ်-မြန်မာစီးပွာရေးလုပ်ငန်းတွေရှိတဲ့ မြို့နယ်ပေါင်း ၆၁ မြို့ နယ်မှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၂ ခုနှစ်မတ်လအထိ တိုက်ပွဲပေါင်း (၁၄၈၆) ကြိမ်ဖြစ်ပွားခဲ့ပေမယ့် ၂၀၂၂ ဧပြီလကနေ ၂၀၂၃ ခုနှစ် မေ ၃၁ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားမှုက (၇၆၂) ကြိမ်အထိ ထက်ဝက်ကျော်အထိ လျော့ကျလာတာကို တွေ့ရတယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒရေးရာလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ ဇွန် ၃၀ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။