စစ်ကောင်စီအပေါ် တရုတ်အစိုးရ ရပ်တည်ချက် ပြောင်းလဲနေပြီလို့ ကျွမ်းကျင်သူတွေ ရှုမြင်
2023.01.14
တရုတ်နိုင်ငံမှာ လန်ချန်မြစ်လို့ ခေါ်ကြတဲ့ မဲခေါင်မြစ် ဖြတ်သန်းစီးဆင်းရာ နိုင်ငံတွေ ဖြစ်တဲ့ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံတို့ ပါဝင် ဖွဲ့စည်းထားတဲ့ လန်ချန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ LMC ဟာ ဒေသတွင်းနိုင်ငံတွေအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
ဒီ LMC နိုင်ငံ့ခေါင်းဆောင်များ ညီလာခံကို စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ ကျင်းပဖို့ စီစဉ်ထားခဲ့တာဖြစ်ပြီး၊ တရုတ်ခေါင်းဆောင် လီကေကျန်းနဲ့ အဖွဲ့ဝင် အရှေ့တောင်အာရှ ငါးနိုင်ငံက နိုင်ငံ့ခေါင်းဆောင်တွေကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖိတ်ကြားခဲ့ကြောင်း၊ ဒါပေမဲ့ တရုတ်အစိုးရဘက်က ဒီဖိတ်ကြားမှုကို တုံ့ပြန်ချက်မရှိတဲ့အတွက် ညီလာခံ မကျင်းပဖြစ်ခဲ့တဲ့အကြောင်း ဒီညီလာခံ ကျင်းပဖို့ စီစဉ်ပေးခဲ့ရသူတွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး Al Jazeera က သတင်းဖော်ပြပါတယ်။
အခုလို စစ်ကောင်စီရဲ့ ဖိတ်ကြားချက်ကို တရုတ်အစိုးရက တုံ့ပြန်မှုမရှိခဲ့တာဟာ မတော်တဆသက်သက်မဟုတ်ဘဲ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုကို အပြည့်အဝ တရားဝင်ထောက်ခံကြောင်း ပြသတဲ့ သဘော မသက်ရောက်စေလိုတဲ့အတွက် တမင်တကာ မတုံ့ပြန်ဘဲ ထားခဲ့တာသာ ဖြစ်တယ်လို့ LMC အဖွဲ့ရဲ့ လုပ်ငန်းတွေနဲ့ နီးစပ်တဲ့ ဟောင်ကောင်စီးပွားရေးနဲ့ ကုန်သွယ်ရေးရုံးက ဒုတိယအကြီးအကဲ မိုက်ကယ်နဂ် က ပြောပါတယ်။
အမေရိကန်အစိုးရရဲ့ ငြိမ်းချမ်းရေး အင်စတီကျူ USIP က မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှုး Jason Tower ကလည်း စစ်ကောင်စီက ကျင်းပမယ့် လန်ချန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ LMC ညီလာခံကို တရုတ်အစိုးရက တုံ့ပြန်မှုမရှိခဲ့တာဟာ အာဆီယံနိုင်ငံတွေရဲ့ ဖိအားကြောင့် ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့ လန်ချန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများ ညီလာခံကို ပုဂံမှာ ကျင်းပဖို့ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ တရုတ်အစိုးရအနေနဲ့ ဒီ LMC အဖွဲ့ရဲ့ နိုင်ငံ့ခေါင်းဆောင်များ ညီလာခံကိုလည်း အခုနှစ် မကုန်ခင်မှာ ကျင်းပဖို့ ရည်ရွယ်ထားတဲ့အကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အဲဒီ ညီလာခံမှာ တရားဝင်ထုတ်ပြောထားခဲ့ပါတယ်။ ဒါပေမဲ့ ဒီညီလာခံ မကျင်းပဖြစ်ခဲ့ပါဘူး။ မကျင်းပဖြစ်ရတဲ့ အကြောင်းကတော့ အခြား အာဆီယံ နိုင်ငံတွေက ဖိအားပေး တောင်းဆိုမှုကြောင့်လို့ သုံးသပ်ပါတယ်။ ဒီ LMC အဖွဲ့ကို တည်ထောင်စဉ်ကတည်းက ချမှတ်ခဲ့တဲ့ မူတွေအရ၊ LMC အဖွဲ့ဟာ ဟာ အာဆီယံရဲ့ ပူးပေါင်းဆောင်ရွက်မှုကို အထောက်အကူဖြစ်စေဖို့ လို့ ဆိုထားပါတယ်။ မဲခေါင် ဒေသက အာဆီယံနိုင်ငံတွေရဲ့ နိုင်ငံ့ခေါင်းဆောင်တွေဟာ စစ်ကောင်စီ အကြီးအကဲနဲ့အတူ အစည်းအဝေးထိုင်မယ်ဆိုရင် စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ ဘယ်လိုအဆင့်မြင့်အရာရှိ အဆင့် အစည်းအဝေးမျိုးကိုမှ မတက်ရောက်ကြဖို့ အာဆီယံရဲ့ သဘောတူညီချက်ကို ချိုးဖောက်ရာရောက်မှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း တရုတ်နိုင်ငံဟာ စစ်ကောင်စီနဲ့ အဆင့်မြင့် ညီလာခံတွေ ဆက်ပြီး ကျင်းပနေမယ် ဆိုရင် အာဆီယံနဲ့ ဆက်ဆံရေးကို ထိခိုက်လာတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အာဆီယံရဲ့ ဖိအားကြောင့် အခုလို ၂၀၂၂ ခုနှစ် အကုန်မှာ ပြုလုပ်မယ့် LMC ညီလာခံကို မလုပ်ဖြစ်တော့တာဖြစ်ပါတယ်။”
နိုင်ငံ့ ခေါင်းဆောင်တွေ ကိုယ်တိုင် တက်ရောက်တဲ့ လန်ချန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ LMC ရဲ့ ပထမအကြိမ် ညီလာခံကို ၂၀၁၆ ခုနှစ်က တရုတ်နိုင်ငံ၊ စန်ရာမြို့မှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် ဒုတိယအကြိမ် ညီလာခံကို ကမ္ဘောဒီးယားနိုင်ငံမှာ ၂၀၁၈ ခုနှစ်နဲ့ တတိယအကြိမ် ညီလာခံတွေကို ၂၀၂၀ ပြည့်နှစ်မှာ အွန်လိုင်းကနေ ပြုလုပ်ခဲ့ပြီး၊ နောက်ဆုံးအကြိမ် ၂၀၂၂ ခုနှစ် ညီလာခံကို မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။
အခုလိုညီလာခံမကျင်းပနိုင်ခဲ့တဲ့အတွက် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ညီလာခံကို တက်ရောက်လာမယ့် အင်အားကြီး တရုတ်နိုင်ငံနဲ့ ဒေသတွင်း နိုင်ငံတွေက နိုင်ငံ့ခေါင်ဆောင်တွေကို အသုံးချပြီး၊ စစ်ကောင်စီရဲ့ တရားဝင်ဖြစ်မှုကို ပြသဖို့ရည်ရွယ်ချက် မအောင်မမြင်ဖြစ်သွားရတယ်လို့ Jason Tower က သုံးသပ်ပါတယ်။
အခုလို လန်ချန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးညီလာခံ မပြုလုပ်နိုင်ခဲ့တာနဲ့ ပတ်သက်လို့ ဘေဂျင်းမြို့က LMC အတွင်းရေးမှူးရုံးနဲ့ ရန်ကုန်မြို့ တရုတ်သံရုံးတို့ကို ဆက်သွယ် မေးမြန်းခဲ့ပေမယ့် အကြောင်း ပြန်ကြားတာ မရှိခဲ့ကြောင်း Al Jazeera’s ရဲ့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကလည်း လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို မန္တလေးတိုင်း၊ ပုဂံယဉ်ကျေးမှုနယ်မြေမှာ ကျင်းပခဲ့ရာမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ တက်ရောက်ခဲ့ပြီး၊ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့လည်း တွေ့ဆုံခဲ့ရာမှာ၊ ပြည်သူလူထုရဲ့ အကျိုးစီးပွားရှေးရှုတဲ့အနေနဲ့ နိုင်ငံရေးအရ ပါဝင်သင့် ပါဝင်ထိုက်သူတွေအားလုံး ညှိနှိုင်းဆွေးနွေးပြီး၊ ပြန်လည်သင့်မြတ်တာကို တရုတ်နိုင်ငံအနေနဲ့ လိုလားကြောင်း ပြောဆိုခဲ့တဲ့အကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဆက်လက်ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခ တိုက်ခိုက်မှုတွေဟာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေ အကောင်အထည်ဖော်မှုကို ထိခိုက်လာနေပြီး၊ စစ်ကောင်စီဟာ တည်ငြိမ်အေးချမ်းမှုရှိအောင် မစွမ်းဆောင်နိုင်တဲ့အတွက် တရုတ်အစိုးရဟာ စိုးရိမ်ပူပန်လာတာ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
ISP Myanmar က ထုတ်ပြန်တဲ့ သုတေသနစာတမ်းတစ်စောင်အရ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးကတည်းက ပဋိပက္ခတိုက်ခိုက်မှု အကြိမ် ၇၈၀၀ အထိ ဖြစ်ပွားခဲ့ရာမှာ၊ အနည်းဆုံး ၃၀၀ လောက်ဟာ တရုတ်ရဲ့ စီမံကိန်းတွေအနီးမှာ ဒါမှမဟုတ် စီမံကိန်းတွေ တည်ရှိတဲ့ဒေသတွေမှာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် ဒီအထဲက ပဋိပက္ခတိုက်ခိုက်မှု ၁၀၀ လောက်ဟာ တရုတ်နိုင်ငံအတွက် မဟာဗျူဟာအရအရေးပါတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းတည်ရှိတဲ့ မြို့နယ်တွေမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ အနည်းဆုံး အရေအတွက် တစ်ဒါဇင်လောက်ဟာ တရုတ်ရဲ့ လက်ပံတောင်းတောင်ကြေးနီတူးဖော်ရေးစီမံကိန်းအနီးမှာ ဖြစ်ပွားခဲ့တာလို့ Al Jazeera က ထောက်ပြထားပါတယ်။
ဒါ့အပြင် တရုတ်အစိုးရရဲ့ BMI စီမံကိန်းတွေထဲမှာ ပါဝင်တဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ စီမံကိန်းအဓိက တည်ရှိရာ ရှမ်းပြည်နယ်မှာလည်း စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေနဲ့ဒေသခံ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအကြား စစ်ရေးပဋိပက္ခ တိုက်ခိုက်မှုတွေ အကြိမ်ကြိမ် ဖြစ်ခဲ့ပြီး၊ ဒေသခံတွေ တရုတ်နိုင်ငံဘက်ကို စစ်ဘေးဒုက္ခသည်အဖြစ် ဝင်ရောက်ခိုလှုံခဲ့ရတာကြောင့်လည်း တရုတ်အစိုးရက စိတ်ပျက်စရာဖြစ်ခဲ့ကြောင်း Al Jazeera ဆောင်းပါးမှာ ဖော်ပြထားပါတယ်။
လက်ရှိအချိန်မှာ စစ်ကောင်စီက အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံဟာ မြန်မာပြည်သူတွေအတွက်ကော၊ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက်ပါ မကောင်းတဲ့အခြေအနေဖြစ်နေကြောင်းနဲ့ စစ်ကောင်စီ ခေါင်းဆောင်တွေဟာ အာဏာသိမ်းထားပြီး တည်ငြိမ်အေးချမ်းမှုရှိအောင် မဆောင်ရွက်နိုင်တဲ့အတွက် တရုတ်ခေါင်းဆောင်တွေက စစ်ကောင်စီကို ဆက်လက်ပြီး အားပေးထောက်ခံဖို့ စိတ်ကုန်လာကြတာဖြစ်တယ်လို့ လုံခြုံရေးအတွက် အမည်မဖော်လိုတဲ့ မြန်မာနိုင်ငံအခြေစိုက်သုတေသီတစ်ဦးက Al Jazeera ကို ပြောပါတယ်။
ဒါ့အပြင် တရုတ်ရဲ့ စီမံကိန်းတွေကို စစ်ကောင်စီရဲ့ အုပ်ချုပ်မှုအောက်မှာ ဆက်လက်အကောင်အထည်ဖော်မယ် ဆိုရင် သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံပြည်သူတွေကို မထိခိုက်စေတဲ့ တာဝန်ယူမှုရှိတဲ့ အကောင်အထည်ဖော်မှု ဖြစ်ပါ့မလားဆိုတာ ပြည်တွင်းက အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ဒေသခံလူမှုအသိုက်အဝန်းတွေက စိုးရိမ်နေကြပါတယ်။
ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ တရားဝင်ဖြစ်တဲ့အစိုးရ အာဏာရလာတဲ့အထိ တရုတ်ရဲ့ စီမံကိန်းတွေကို ဆိုင်းငံ့ထားသင့်တယ်လို့ အဲဒီသုတေသီက ပြောပါတယ်။
အခုလို လန်ချန်-မဲခေါင် ညီလာခံ တက်ရောက်ဖို့ ဖိတ်ကြားမှုနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံဘက်က တုံ့ပြန်မှု မရှိခဲ့တာဟာ သံတမန်ရေး ကိစ္စသက်သက်မဟုတ်ဘဲ၊ စစ်ကောင်စီခေါင်းဆောင်တွေက သူတို့ရဲ့ လုပ်ရပ်တွေအတွက် တရုတ်အစိုးရက အကာအကွယ်ပေးဖို့ မျှော်လင့်ထားသလို ဖြစ်လာမှာ မဟုတ်တဲ့အကြောင်း သတိပေးလိုက်တဲ့ သဘောသာ ဖြစ်တယ်လို့ Al Jazeera က သုံးသပ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေအားလုံး ရပ်တန့်ပြီး၊ နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးဖို့ ဆုံးဖြတ်ချက်တစ်ခုကို မဲခွဲဆုံးဖြတ်ခဲ့ရာမှာ တရုတ် နဲ့ ရုရှား နှစ်နိုင်ငံလုံးက ကန့်ကွက်မဲ မပေးဘဲ ကြားနေခဲ့ကြပါတယ်။
အခုလို တရုတ်နဲ့ ရုရှားက ကြားနေခဲ့တာဟာ စစ်ကောင်စီကို အားပေးထောက်ခံတဲ့ နှစ်နိုင်ငံအနေနဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေအတွက် အကာအကွယ်ပေးရတာ စိတ်ကုန်နေတာကို ပြသနေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က သုတေသီ လူးဝစ် ချာဘွန်နူ က သုံးသပ်ပြောကြားခဲ့ပါတယ်။