တရုတ်နယ်စပ်မှာ ယွမ်ဈေးမြင့်တက်မှုကြောင့် ကုန်သည်အချို့ လုပ်ငန်းရပ်နားထားရ

မြန်မာ - တရုတ်နယ်စပ်မှာ ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်းတုန်းက တရုတ် တစ်ယွမ်ကို မြန်မာကျပ် ၃၀၀ ဝန်းကျင်ရှိခဲ့ရာ ကနေ ဩဂုတ် ၂၃ ရက် ဒီနေ့မှာတော့ မြန်မာကျပ်ငွေ ၄၂၀ ဝန်းကျင်အထိ ဈေးတက်သွားခဲ့ပါတယ်။ ငွေကြေး လဲလှယ်မှုနှုန်းထားတွေ နေ့စဉ်နဲ့ အမျှ ပြောင်းလဲနေသလို တရုတ်ကုန်ပစ္စည်းဈေးနှုန်းတွေဟာလည်း ဆက်တိုက် မြင့်တက် နေတာကြောင့် ကုန်သည်တွေ အရှုံးနဲ့ ရင်ဆိုင်နေကြရတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။
ဒီအခြေအနေတွေကြောင့် လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကစလို့ ကုန်သည်တွေ အရောင်း အဝယ် ရပ်ဆိုင်းထားရတယ်လို့ တရုတ်နိုင်ငံ ရွှေလီကနေ မြန်မာ နိုင်ငံဘက်ကို ကုန်ပစ္စည်း တင်သွင်းနေတဲ့ ကိုနေခြည်က ပြောပါတယ်။
“ဝယ်ထားတဲ့ ပစ္စည်းက ဟိုဘက်မှာရောင်းလိုက်တယ် ရောင်းပြီးမှ ပြန်ဝယ်တဲ့ အခါကျတော့ ရောင်းထားတဲ့ငွေနဲ့ ပြန်ဝယ်လို့မရတော့ဘူး အဲလိုဖြစ်သွားတာဗျ။ နဂိုက တစ်စီးစာဝယ်မယ်ဆို ရင် တစ်သိန်းကျမှာပေါ့ဗျာ တရုတ် ယွမ်၊ အဲချိန်ကဆိုရင် သိန်းသုံးရာလောက်ကျတာပေါ့။ ငွေပြန်လဲပြီဆိုရင် တစ်စီးစာပြန်မရတော့ ဘူးပေါ့ဗျာ၊ မပြည့်တော့ဘူး အဲလိုဖြစ်သွားတာဗျာ။ အမြတ်တော့ မဟုတ်ဘူး အရှုံးပဲဖြစ်သွားတာပေါ့။ အများအားဖြင့်တော့ ကျနော်တို့ ကိုင်ထားတဲ့ ငွေတွေလည်း အကုန်လုံး ရှုံးသွားတာ ပဲလေ။ အခုလောလောဆယ် ဘယ်သူမှအရောင်း အဝယ်ကို မဖြစ်တော့ဘူးဗျ။ ဆယ်ရက်ကျော်ပြီ နားထားတာ အများအားဖြင့်လူတွေက နားနေတာပဲ”
တရုတ်ယွမ်ဈေး မြင့်တက်မှုကြောင့် အရင်က မြန်မာငွေ ၅၀၀ ကျပ်လောက်နဲ့ ပေးဝယ်ရတဲ့ တရုတ်ဆပ်ပြာမှုန့် တစ်ထုပ်ဟာ လက်ရှိဈေးကွက်မှာ မြန်မာကျပ်ငွေ ၈၀၀ ကနေ ၁၀၀၀ လောက်အထိ ဈေးနှုန်းမြင့်တက်သွားသလို တခြားတရုတ်နိုင်ငံထုတ် အခြေခံ လူသုံးကုန် ပစ္စည်း ဈေးနှုန်းတွေလည်း ဆက်တိုက်မြင့်တက်နေတာပါ။
အခုနောက်ပိုင်း ငွေကြေးမတည်ငြိမ်မှုတွေကြောင့် မြန်မာကုန်သည်တွေ ပစ္စည်း မမှာကြတော့တဲ့ အတွက် ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေလည်း ထိခိုက်ကြ ရတယ်လို့ တရုတ် - မြန်မာ ကုန်ပစ္စည်းသယ်ယူ ပို့ဆောင်ရေးလုပ်ငန်းရှင် ကိုဇော်မင်းက ပြောပါတယ်။
"ဈေးနှုန်းက အဆမတန်ဖြစ်နေတယ်။ ပြီးတော့ မတည်ငြိမ်ဘူး၊ မတည်ငြိမ်တော့ ကုန်သည်က သူဝယ်ထားပြီးသား ပစ္စည်းနဲ့ မလွှဲမသာတဲ့ ပစ္စည်းလောက်ပဲ ငွေချေလိုက် တော့တာ။ ပစ္စည်း အသစ်တွေကို မဝယ်တော့ဘူး။ ကျနော်တို့ဆို ကုန်စည်ပို့ဆောင်ရေး ဆိုတော့ဗျာ နောက်ထပ် ပစ္စည်းအသစ်က မဝင်တော့ဘူး။ ငွေလဲသမားကလည်း ကျနော်တို့ ငွေလဲချင်တယ်ဗျာ မလဲပေးရဲဘူး။ သူက ငွေဈေးတစ်ခု သတ်မှတ်လိုက်မယ် ၂၃၅ ပေါ့နော် အဲဒါ ချက်ချင်းပြန်လဲမယ် ဆိုရင်တောင် ၂၃၅ ရချင်မှ ရတော့တာ။ တောက်လျှောက် သူက တက်တဲ့ဘက်ကိုပဲ ဖြစ်နေတာဗျာ။ ရှိတဲ့သူကလည်း မလွှတ်ရဲဘူး ငွေလဲတဲ့သူကလည်း အဲတိုင်းပဲ။ ကုန်သည်ကလည်း ပစ္စည်းမဝယ်ရဲ တော့ဘူး။ သူတို့ဝယ်တာက မဖြစ်မနေ မှာထားတဲ့ ပစ္စည်းလောက်ပဲ ဝယ်တော့တာ။ ကုန်တွေက မဝင်တော့ဘူးဗျာ။ လက်ကျန်လောက်ပဲ သွားနေတယ်၊ အဲလိုပုံစံမျိုး ဖြစ်နေတာ”
နယ်စပ်မှာ ကုန်ပစ္စည်းသယ်ယူစရိတ်အနေနဲ့ တစ်ကီလိုဂရမ်ကို တရုတ်ငွေ နှစ်ယွမ်ခွဲ သတ်မှတ်ထားတာကြောင့် လက်ရှိငွေဈေး ပေါက်ဈေးအရ မြန်မာငွေနဲ့ဆိုရင် တစ်ထောင်ကျပ်လောက် ရှိနေပြီး ဒါဟာ ပင်လယ်ရေကြောင်း သယ်ယူစရိတ်ထက် လေးဆလောက် ပိုများသွားတယ်လို့ သူက ပြောပါတယ်။
သယ်ယူစရိတ်တွေ ဈေးတက်တဲ့အတွက် ကုန်ပစ္စည်းတစ်ခုစီတိုင်းရဲ့ ဈေးနှုန်းအပေါ်မှာ အကျိုး သက်ရောက်မှုရှိလာမှာဖြစ်တယ်လို့ ကိုဇော်မင်းက သုံးသပ်ပါတယ်။
ဒီအခြေအနေမျိုး ဆက်တိုက်ဖြစ်လာရင် ရေရှည်မှာ စားသုံးသူ ပြည်သူရော ကုန်သည်တွေ အတွက်ပါ ထိခိုက်လာမယ်လို့ မူဆယ်နယ်စပ်မှာ ဆယ်နှစ်ကျော်ကြာအောင် ကုန်ပစ္စည်း ရောင်းဝယ်ဖြန့်ဖြူး တဲ့လုပ်ငန်းကို လုပ်ကိုင်နေတဲ့ ကုန်သည်တစ်ဦးက ပြောပါတယ်။
"နောက်ဆုံးအဆင့် ခံရတာတော့ စားသုံးသူ ပြည်သူလူထုပဲ။ သဘောမှာ အလှကုန် ဆိုလည်း အလှကုန်သုံးတဲ့သူ၊ စားသောက်ကုန်ဆိုလည်း စားသောက်ကုန်သုံးတဲ့သူ၊ အရက်ဘီယာဆိုလည်း အရက်ဘီယာသောက်တဲ့သူ သူတို့အတွက်ပဲ ကုန်ကျစရိတ် များသွားမှာပေါ့ မခံနိုင်အောင် ဖြစ်သွားမှာပေါ့။ တစ်ဖက်က ပြန်ပြီးတော့ ကုန်သည် ဘက်က ဘာဖြစ်လဲဆိုတော့ ဝယ်သူ စားသုံးသူက မဝယ်နိုင်တော့ အရောင်းအဝယ် သမားက မရောင်းရဘူး။ မရောင်းရရင် ဒီမှာနောက်မှာ လာထိတာ ပြည်သူလူထုက အရင်ဆုံးထိတာပေါ့။ ဘယ်လိုမဆို အကုန်လုံးနဲ့ တော့ ဆိုင်တော့ဆိုင်တယ်၊ အောက်ခြေ ဝယ်စားတဲ့သူကတော့ ပထမဦးဆုံးထိတာပေါ့"
စစ်ကောင်စီက နယ်စပ်ကနေတင်ပို့မယ့် ပဲ၊ ပြောင်း၊ နှမ်း အပါအဝင် ပို့ကုန်တွေကို ဒေါ်လာနဲ့ ငွေပေးချေဖို့ သတ်မှတ်ခဲ့ပြီးနောက်ပိုင်း နယ်စပ်ကုန်သည်တွေဟာ ဒေါ်လာ လိုအပ်ချက်နဲ့ ငွေလဲနှုန်း ကွာဟချက်တွေကြောင့် ပို့ကုန် တင်ပို့နိုင်ရေးမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
အဲဒီနောက် ဩဂုတ် ၅ ရက်နေ့မှာ စစ်ကောင်စီဗဟိုဘဏ်က ဒေါ်လာဈေးကို ယခင် သတ်မှတ်ထားတဲ့ ငွေလဲနှုန်း ၁၈၅၀ ကျပ်ကနေ ၂၁၀၀ ကျပ်ကို ပြောင်းလဲသတ်မှတ်ခဲ့သလို ပို့ကုန်ရငွေ ၆၅ ရာခိုင်နှုန်းကိုသာ မဖြစ်မနေ မြန်မာကျပ်ငွေနဲ့ လဲဖို့ ပြင်ဆင်သတ်မှတ် ခဲ့ပါတယ်။
"အခုလောလောဆယ် ဘယ်သူမှအရောင်း အဝယ်ကို မဖြစ်တော့ဘူးဗျ။ ဆယ်ရက်ကျော်ပြီ နားထားတာ"
အဲဒီနောက်ပိုင်း ပြင်ပငွေကြေးဈေးကွက်မှာ တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၂၇၀၀ ကျော် အထိ ဖြစ်လာခဲ့သလို တရုတ်နယ်စပ်မှာ ယွမ်ငွေဈေးနှုန်းဟာလည်း တစ်ယွမ်ကို မြန်မာကျပ် ငွေ ၃၀၀ ကျော်ကနေ ၄၀၀ ကျော် အထိ တဖြည်းဖြည်း ဈေးနှုန်းမြင့်တက် လာခဲ့တာလို့ နယ်စပ်ကုန်သည် တွေက ပြောပါတယ်။
စစ်ကောင်စီက ငွေကြေးဆိုင်ရာမူဝါဒတွေကို မကြာခဏ ပြောင်းလဲနေတာကြောင့် ကျပ်ငွေ အပေါ် ယုံကြည်မှု အားနည်းတဲ့ နယ်စပ်ဒေသမှာ နေထိုင်သူတွေဟာ တရုတ်ယွမ်တွေကိုပဲ လက်ထဲမှာကိုင်ထားတာ၊ ပို့ကုန်ရငွေ အလျဉ်မမီတာတွေကြောင့် တရုတ်ယွမ်ငွေတန်ဖိုး ပိုပြီးခိုင်မာလာနေတာလို့ ကုန်သည်တွေက သုံးသပ်ကြပါတယ်။
စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကတော့ လက်ရှိ တရုတ်နယ်စပ် အတွင်း ယွမ်ငွေဈေးနှုန်း မြင့်နေတဲ့ အခြေအနေနဲ့ နယ်စပ် ကုန်သွယ်ရေး အခြေအနေတွေအပေါ် နှစ်နိုင်ငံ ခရိုင် အဆင့် တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆောင်ရွက် နေတယ်လို့ ပြီးခဲ့တဲ့ ဩဂုတ် ၁၇ ရက်နေ့က RFA ကို ပြောပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ လက်ရှိ ပြည်တွင်းမှာ ကုန်ဈေးနှုန်း ကြီးမြင့်မှုနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စအတွက် ဗဟိုဘဏ်အနေနဲ့ ငွေကြေးဆိုင်ရာ မူဝါဒတွေကို ချမှတ် အကောင်အထည်ဖော်နေတယ်လို့ ဩဂုတ်လ ၁၇ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
"အရင်ကတည်းက ကျနော်တို့က ပြည်တွင်းကထုတ်ကုန်တွေကို အားမပေးဘဲနဲ့ ပြည်ပက တင်သွင်းတဲ့ ကုန်ပစ္စည်းတွေကို အင်ပို့တွေကိုပဲ အားပေးတဲ့အတွက်ကြောင့် ကျနော်တို့ရဲ့ နိုင်ငံခြားငွေလိုအပ်ချက် လည်း ကြီးမားလာတယ်၊ ကုန်သွယ်ရေး လိုငွေ တွေလည်း ကြီးမားလာတယ်။ ဒီကနေပြီး အကြွေးတွေ ထပ်တင်တာဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ဒီဟာကို အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ ကမ္ဘာမှာဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် ရေနံဈေး၊ ဓာတ်မြေသြဇာဈေး၊ အစားအစာ ဈေးတွေကြီးပြီး ငွေကြေး ဖောင်းပွမှုတွေ မြင့်မားနေတဲ့ဟာတွေရှိတယ်။ ပြီးရင် တစ်ဖက် က (FRB )ပေါ့နော် Federal Reserve Bank က အတိုးနှုန်း တိုးမြှင့် လိုက်တာတွေ ရှိတယ်။ ဗဟိုဘဏ်အနေနဲ့ စီးပွားရေး တိုးတက်မှုနှုန်းကို အထောက်အကူ ဖြစ်မယ့် ငွေကြေးမူဝါဒ ကို အကောင်အထည်ဖော် ဆောင်ရွက်နေတာ ရှိပါတယ်။ ဒီဟာနဲ့ ပတ်သက်ပြီး ကျနော်တို့အနေနဲ့ ထိန်းညှိ ဆောင်ရွက်သွားမှာဖြစ်ပြီးတော့ ထိန်းညှိ ဆောင်ရွက်တဲ့နေရာမှာ တချို့နေရာတွေ၊ တချို့ Sector တွေမှာ ထိခိုက်မှုတော့ ရှိပါလိမ့်မယ်"

စစ်ကောင်စီအနေနဲ့ စီးပွားရေးတိုးတက်မှုကို အထောက်အကူဖြစ်ဖို့ အခုလို ငွေကြေး မူဝါဒပိုင်း ဆိုင်ရာ ကိစ္စတွေ ကို မကြာခဏ ပြောင်းလဲနေတာလို့ ဆိုပေမယ့် ကုန်သည်တွေ ဘက်ကတော့ ပြောင်းလဲလိုက်တဲ့ စနစ်တွေအပေါ် မှာ လိုက်မီအောင် မနည်းကြိုးစား နေရတယ်လို့ ပြောပါတယ်။
လက်ရှိ တရုတ်နယ်စပ်မှာ တရုတ်ယွမ်ဈေးတက်နေချိန် ပို့ကုန်သမားတွေအတွက် တွက်ခြေ ကိုက်ရမှာဖြစ်ပေမယ့် အရင်ပို့ကုန်ငွေတွေ မရသေးတာ၊ ကုန်ပစ္စည်းတင်ပို့နိုင်မှု မရှိသေးတာ အပြင် ငွေဈေးတက်တဲ့အတွက် ပို့ကုန်ရငွေ ပြန်သွင်းတဲ့အခါ ကွာဟမှုတွေ ရှိတာကြောင့် တွက်ခြေမကိုက်ကြဘူးလို့ မန္တလေးတိုင်းဒေသကြီး ငါးရှဉ့်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးတိုင်းကျော်က ပြောပါတယ်။
"အခုငွေဈေးက အမြဲတမ်းပြောင်းနေတော့ လုပ်ရကိုင်ရတာမှာ အဟတွေက တအားများ သွားတယ်။ ဥပမာ - ကျနော်တို့ တရုတ်ယွမ် ဝယ်လွှဲတဲ့အခါမှာ ဈေးနှုန်း က ၄၂၀ ကျော် ပေါက်နေတဲ့ ဟာကို မြန်မာပြည် မှာ ၃၀၀ ကျော်ပြန် ထုတ်ရတာ ဆိုတော့ အဲကြားထဲက ကွာဟမှုကို ဘယ်လို ညှိမလဲပေါ့နော်။ ကျနော်တို့ ပုံမှန်ဆိုရင် ပို့ကုန်သမားတွေအတွက် အခွင့်အလမ်းပိုသာရမယ်ဖြစ်သော်လည်း အခုလောလောဆယ် အဆင်မပြေဘူး၊ ပို့ကုန်ရငွေ ပြန်သွင်းတဲ့အခါမှာ ငွေဈေးကွာဟမှုက နည်းနည်း ကြီးတယ်"
မြန်မာနယ်စပ်ကနေ တရုတ်နိုင်ငံကို ပဲ၊ ပြောင်း၊ နှမ်း စတဲ့ လယ်ယာထွက်ကုန်နဲ့ ရေထွက်ကုန် တွေကို အဓိကတင် ပို့နေတာဖြစ်ပြီး တရုတ်နိုင်ငံဘက်ကတော့ လူသုံးကုန်၊ စားသောက်ကုန်၊ စက်မှုပစ္စည်းတွေကို အဓိကတင်သွင်း တာ ဖြစ်ပါတယ်။
ပို့ကုန်တင်ပို့တာကနေ တရုတ်ယွမ်ငွေရ ရှိမှု အပေါ် မူတည်ပြီး နယ်စပ်ငွေဈေးနှုန်း တည်ငြိမ်မှုကို အထောက်အကူ ဖြစ်စေမှာဖြစ်လို့ နိုင်ငံခြားပို့ကုန်တွေအပေါ် စည်းကမ်း သတ်မှတ်ချက်တွေ ထပ်မံဖြေလျှော့ ပေးဖို့ ကုန်သည်တွေက လိုလားနေကြပါတယ်။