အရေးကြီးတဲ့အိမ်နီးချင်းအဖြစ် ဆက်လက်ထောက်ခံမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော
2022.04.04

မြန်မာနိုင်ငံမှာ အခြေအနေတွေ ဘယ်လိုပဲပြောင်းပြောင်း အာဏာသိမ်းစစ်ကောင်စီကို ဆက်လက်ထောက်ခံသွားမှာ ဖြစ်ကြောင်း၊ တရုတ်အစိုးရက ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ တရုတ်ပြည် ပေကျင်းမှာ တွေ့ဆုံခဲ့စဉ်အတွင်း ဝမ်ယိက - တရုတ်ပြည်အနေနဲ့ အိမ်နီးချင်းဆိုင်ရာ သံရေးတမန်ရေးမှာ မြန်မာကို အရေးကြီး နေရာတစ်ခုအဖြစ် အမြဲ ထားရှိပြီး နက်နက်ရှိုင်းရှိုင်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်လိုကြောင်း ပြောဆိုခဲ့ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ ပြောဆိုချက်ဟာ မြန်မာအာဏာသိမ်းစစ်ကောင်စီကို ထောက်ခံကြောင်း ရှင်းရှင်းပြတ်ပြတ် နောက်ဆုံး ပြသလိုက်တာပါ။ ဝမ်ယိရဲ့ ထောက်ခံစကားဟာလည်း မြန်မာကိစ္စမှာ နောက်ဆုံးတော့ အာဏာသိမ်းစစ်တပ်ကပဲ အနိုင်ရမှာဖြစ်ပြီး ပြင်ပအကူအညီဆိုတာကလည်း ရေရှည်ရရှိနိုင်တာ မဟုတ်ကြောင်း၊ နိုင်ငံတည်ငြိမ်ပြီး အဓိကစီးပွားရေးနဲ့ မဟာဗျူဟာ အကျိုးစီးပွားတွေ ဖွံ့ဖြိုးဖို့ လိုကြောင်း အရိပ်အမြွက်သတိပေးလိုက်တဲ့ လက္ခဏာလည်းဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါ တယ်။
ဒါ့ပြင် ယူနန်ပြည်နယ်ကနေ မြန်မာနိုင်ငံ အိန္ဒိယသမုဒ္ဒရာကမ်းရိုးတန်းအထိ၊ ဆက်သွယ်ရေးအတွက် ကုန်းတွင်းပို့ဆောင်ရေး လမ်းကြောင်းအဖြစ် ဖော်ဆောင်ဖို့လည်းရှိပါတယ်။ CMEC ခေါ် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း စီမံကိန်းအောက်မှာ ဖော်ဆောင်မှာပါ။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ တွေ့ဆုံခဲ့စဉ် အတွင်း ဝမ်ယိက - နှစ်နိုင်ငံအနေနဲ့ တရုတ်မြန်မာ စီးပွားရေးစင်္ကြံလမ်း CMEC စီမံကိန်းကို အရှိန်မြှင့်ဆောင်ရွက်ဖို့၊ အဓိက မြေပြင်အနေအထား စီမံချက်တွေ Covid-19 ကပ်ရောဂါတိုက်ဖျက်မှုတွေ နက်နက်ရှိုင်းရှိုင်း ပူးတွဲဆောင်ရွက်ဖို့၊ အခြေအနေတွေ ဘယ်လိုပြောင်းပြောင်း တရုတ်ပြည်အနေနဲ့ မြန်မာ့အချုပ်အခြာအာဏာ ထိန်းသိမ်းရေး၊ လွတ်လပ်မှု၊ နိုင်ငံ့အခြေအနေနဲ့သင့်တော်မယ့် ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းတွေ ရှာဖွေဖို့ ပြောဆိုခဲ့ပါတယ်။
ဒီအတွင်း တရုတ်ပြည်ဟာ၊ မြန်မာအာဏာသိမ်းစစ်ကောင်စီနဲ့ တစ်စတစ်စ နီးကပ်လာနေခဲ့တာပါ။ ၂ဝ၂၁ ခုနှစ်၊ ဇွန်လအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ တွေ့ဆုံခဲ့ကြရာမှာ ဦးဝဏ္ဏမောင်လွင်က - အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်ကာလတွေ အတွင်း တရုတ်ပြည်ဟာ မြန်မာ့ အခြေအနေနဲ့ သင့်တော်မယ့် တိုးတက်ဖွံ့ဖြိုးရေး လမ်းကြောင်းကို လွတ်လွတ်လပ်လပ် ရွေးချယ်နိုင်အောင် ကူညီအားပေးခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဝန်ကြီးချုပ် ဖြစ်လာခဲ့တဲ့အခါ တရုတ်နိုင်ငံသားတွေ အစိုးရအရာရှိတွေ မြန်မာစစ်ကောင်စီနဲ့ဆက်နွယ်ပတ်သက်လာခဲ့ပြီး စီးပွားရေးအခွင့်အလမ်းတွေ ဖော်ဆောင်လာခဲ့ကြပါတယ်။
ဒီဇင်ဘာလမှာ တရုတ်က မြန်မာရေတပ်အတွက် Ming-class အမျိုးအစား တစ်ပတ်ရစ် ရေငုပ်သင်္ဘောတစီး ပေးအပ်ခဲ့ပြီး မင်းရဲကျော်ထင် လို့ အမည်ပေးခဲ့ပါတယ်။
လက်ရှိ မြန်မာနိုင်ငံအခြေအနေဟာ ပုံမှန်တည်ငြိမ်နေတဲ့ အနေအထားနဲ့ ဝေးကွာနေဆဲ ဖြစ်နေသေးတယ်လို့ ဒီပလိုမက်သတင်းက ဖော်ပြပါတယ်။ တရုတ်အစိုးရကတော့ မြန်မာနိုင်ငံကို လက်ရှိအနေအထားအတိုင်းပဲ ကြည့်မြင်လိုနေကြောင်း ဒီပလိုမက်ဆောင်းပါးက ဖော်ပြပါတယ်။
မြန်မာနိုင်ငံတွင်းမှာတော့ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ၊ စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး အာဏာသိမ်းစစ်တပ်နဲ့ အရပ်ဘက်ပြည်သူ့ ခုခံရေးအဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေဆဲပါ။ ခုခံရေးအဖွဲ့တွေထဲမှာ ပြည်သူ့စစ်အဖွဲ့တွေ၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပါဝင်ကြပါတယ်။