မျက်နှာပုံရိပ်ဖော်ထုတ်နိုင်တဲ့ တရုတ်လုပ်စောင့်ကြည့်ကင်မရာတွေ တပ်ဖို့ စစ်ကောင်စီပြင်ဆင်နေ

နန္ဒာချမ်း (ဝါရှင်တန်ဒီစီ)
2022.07.11
မျက်နှာပုံရိပ်ဖော်ထုတ်နိုင်တဲ့ တရုတ်လုပ်စောင့်ကြည့်ကင်မရာတွေ တပ်ဖို့ စစ်ကောင်စီပြင်ဆင်နေ ၂ဝ၁၈ ခုနှစ် အောက်တိုဘာလက တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပသော တရုတ်နိုင်ငံလုံခြုံရေးဆိုင်ရာ ပြပွဲ မြင်ကွင်းတစ်ခုကို တွေ့ရစဉ်။
Photo: Reuters

မျက်နှာပုံရိပ်ကို စစ်ဆေးဖော်ထုတ်နိုင်တဲ့ နည်းပညာကို အသုံးပြုနိုင်မယ့် တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ လုံခြုံရေးကင်မရာတွေကို စစ်ကောင်စီက မြန်မာနိုင်ငံ မြို့ကြီးတွေမှာ တိုးချဲ့တပ်ဆင်လာနေကြောင်း နီးစပ်သူတွေကို ကိုးကားပြီး ရိုက်တာ သတင်းကဖော်ပြပါတယ်။

လုံခြုံရေးကင်မရာ တပ်ဆင်မယ့် စီမံကိန်းအတွက် ပြည်တွင်းက Fisca လုံခြုံရေးနဲ့ ဆက်သွယ်ရေး ကုမ္ပဏီ၊ နောင်ရိုးကုမ္ပဏီတွေ တင်ဒါအောင်ထားတယ်လို့လည်း ဆိုပါတယ်။ ဒီကုမ္ပဏီတွေဟာ လုံခြုံရေးကင်မရာတွေနဲ့ ဆက်စပ်နည်းပညာတွေကို တရုတ်နည်းပညာ လုပ်ငန်းကြီးတွေဖြစ်တဲ့ Zhejiang Dahua, Huawei နဲ့ Hikvision တွေဆီက ရရှိတယ်လို့လည်း ပြောပါတယ်။

တရုတ်ကုမ္ပဏီထုတ် လုံခြုံရေးကင်မရာတွေ တပ်ဆင်မယ့် စီမံကိန်းနဲ့ ပတ်သက်လို့ ကုမ္ပဏီအများစုက ရိုက်တာသတင်းဌာနရဲ့ မေးမြန်းချက်ကို တုံ့ပြန်ပြောဆိုတာမရှိသလို၊ စစ်ကောင်စီ တာဝန်ရှိသူတွေဘက်ကလည်း မှတ်ချက်ပေးတာ မရှိခဲ့ဘူးလို့ဆိုပါတယ်။

Hikvision ကုမ္ပဏီကတော့ မြန်မာအာဏာပိုင်တွေကို တိုက်ရိုက်ရောင်းချမှု ဘယ်တုန်းကမှ မရှိခဲ့ကြောင်းနဲ့ ပြည်ပဈေးကွက်က ဖောက်သည်တွေကတော့ ဖြန့်ဖြူးရောင်းချမှုတွေရှိကြောင်း ကြေညာချက်ထုတ်ပြန် ပြောဆိုထားပါတယ်။

2018-10-24T000000Z_153195494_RC1EFE3F8EE0_RTRMADP_3_CHINA-SECURITY.JPG
၂ဝ၁၈ ခုနှစ် အောက်တိုဘာလက တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပသော တရုတ်နိုင်ငံလုံခြုံရေးဆိုင်ရာ ပြပွဲ မြင်ကွင်းတစ်ခု။ (Photo: Reuters)

မျက်နှာပုံရိပ်ကို စစ်ဆေးဖော်ထုတ်နိုင်တဲ့ နည်းပညာကို မြန်မာနိုင်ငံအတွက် ရောင်းချတာမရှိကြောင်းလည်း ပြောပါတယ်။ ဒါပေမဲ့လည်း မျက်နှာပုံရိပ်ကို စစ်ဆေးဖော်ထုတ်နိုင်တဲ့ နည်းပညာကို သုံးနိုင်တဲ့ Hikvision ကုမ္ပဏီထုတ် ပစ္စည်းတွေ မြန်မာနိုင်ငံမှာ ရောင်းချထားတာမျိုး ရှိ မရှိ ဆိုတဲ့အပေါ် ရိုက်တာသတင်းဌာနရဲ့ မေးမြန်းချက်ကိုတော့ မဖြေခဲ့ပါဘူး။

လုံခြုံရေးကင်မရာ တပ်ဆင်တဲ့ အစီအစဉ်ကို ရာဇဝတ်မှုတိုက်ဖျက်ရေးအစီအစဉ်အဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်ကတည်းက စတင်ခဲ့တာဖြစ်ပါတယ်။

၂ဝ၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာမသိမ်းခင်ကတည်းက နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ စစ်တွေမြို့တွေမှာ CCTV လုံခြုံရေးကင်မရာတွေ တပ်ဆင်ထားပြီး၊ အခုနောက်ထပ် မြို့ကြီး ၅ မြို့မှာ တပ်ဆင်တာ ဒါမှမဟုတ်ရင်လည်း စီစဉ်နေတာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။ စစ်အာဏာသိမ်းပြီး နောက်ပိုင်း လုံခြုံရေးကင်မရာ တပ်ဆင်တာ၊ တင်ဒါချပေးတာ၊ ခေါ်ယူတာတွေရှိခဲ့တဲ့ မြို့ကြီးတွေထဲမှာ ပုဂံ၊ တောင်ကြီး၊ မော်လမြိုင်၊ ထားဝယ်၊ ဘားအံမြို့တွေ ပါဝင်ပါတယ်။

စစ်အာဏာမသိမ်းခင်ကတည်းက နေပြည်တော်နဲ့ ရန်ကုန်မှာ လုံခြုံရေးကင်မရာတွေ တပ်ဆင်ထားပြီး၊ မန္တလေးမြို့မှာ တပ်ဆင်ဖို့ Huawei ကုမ္ပဏီနဲ့ သဘောတူညီချက် ရရှိထားတာပါ။ နေပြည်တော်မှာ Huawei ကုမ္ပဏီထုတ် ကင်မရာတွေနဲ့ မျက်နှာပုံရိပ်ကို စစ်ဆေးဖော်ထုတ်တဲ့ နည်းပညာကို တွဲဘက် အသုံးပြုနေပြီး၊ ရန်ကုန်က လုံခြုံရေးကင်မရာစနစ်မှာတော့ Hikvision ကုမ္ပဏီရဲ့ ယာဉ်လမ်းကြော ထိန်းချုပ်လမ်းညွှန်တဲ့ ကင်မရာစနစ်အပြင် တခြားအမျိုးအစားကင်မရာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

စစ်အာဏာမသိမ်းခင်ကတည်းက Huawei ကုမ္ပဏီရဲ့ လုံခြုံရေးကင်မရာ ၃ဝဝ ထက်မနည်း ရှိနေတဲ့ မန္တလေးမှာလည်း ထပ်တိုး တပ်ဆင်ဖို့ စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ နီးစပ်သူတစ်ဦးကို ကိုးကားပြီး ဖော်ပြထားပါတယ်။

ပုဂံမှာလည်း စစ်အာဏာမသိမ်းခင်ကတည်းက လုံခြုံရေးကင်မရာတွေ တပ်ဆင်ဖို့ တင်ဒါချထား ပေးထားပြီး၊ ရခိုင်ပြည်နယ် စစ်တွေမြို့မှာတော့ ၂ဝ၁၉ ကတည်းက Huawei ကုမ္ပဏီထုတ် လုံခြုံရေး ကင်မရာတွေ တပ်ဆင်ထားပါတယ်။

မော်လမြိုင်မြို့မှာလည်း စစ်အာဏာသိမ်းပြီး မကြာခင်မှာပဲ တင်ဒါချပေးခဲ့သလို၊ တောင်ကြီးနဲ့ ထားဝယ်မြို့တွေမှာလည်း နောက်ဆက်တွဲ ချပေးခဲ့တယ်လို့ နီးစပ်သူတွေကို ကိုးကားပြီး ရိုက်တာ သတင်းက ဖော်ပြပါတယ်။ မော်လမြိုင်မြို့က တင်ဒါကိုတော့ Fisca နဲ့ နောင်ရိုးကုမ္ပဏီတွေက ရရှိခဲ့ကြပြီး၊ တောင်ကြီးနဲ့ ထားဝယ်မှာတော့ Fisca တစ်ခုတည်းက ရရှိခဲ့တာပါ။

မော်လမြိုင်မြို့မှာ Dahua တရုတ်ကုမ္ပဏီထုတ် ကင်မရာ ၂ဝဝ ကျော် တပ်ဆင်ထားပြီး၊ နောက်ထပ် တင်ဆင်ဖို့လည်း စီစဉ်ထားပါတယ်။ ကချင်ပြည်နယ် မြစ်ကြီးနားမှာလည်း Dahua ကုမ္ပဏီထုတ် ကင်မရာတွေ တပ်ဆင်ထားပြီး၊ ဘားအံမှာတော့ လုံခြုံရေးကင်မရာတွေ တပ်ဆင်မယ့် အစီအစဉ်အတွက် ဆွေးနွေးနေတယ်လို့ သတင်းက ဖော်ပြပါတယ်။

စစ်ကောင်စီကတော့ မြန်မာနိုင်ငံ တိုင်းနဲ့ပြည်နယ် ၁၄ ခုစလုံးမှာ လုံခြုံရေးကင်မရာတွေ တပ်ဆင်ဖို့ ရည်ရွယ်ထားကြောင်းလည်း ပြောပါတယ်။ ရာဇဝတ်မှုလျော့ပါးရေးအတွက် ကမ္ဘာတလွှားနိုင်ငံတွေမှာ လုံခြုံရေး ကင်မရာတွေ တပ်ဆင်လေ့ရှိကြပေမဲ့ မျက်နှာပုံရိပ်ကို စစ်ဆေးဖော်ထုတ်နိုင်တဲ့ နည်းပညာ အသုံးပြုမှုမှာတော့ အငြင်းပွားစရာတွေ ရှိနေပါတယ်။ အထူးသဖြင့် ဒီနည်းပညာကိုသုံးပြီး အတိုက်အခံ နိုင်ငံရေးအင်အားစုတွေ၊ တက်ကြွလှုပ်ရှားသူတွေကို ဖိနှိပ်လာမယ့်အပေါ် လူ့အခွင့်အရေး လှုပ်ရှားသူ တွေ သတိပေးနေကြတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ တိုးလာနေတဲ့ မြန်မာနိုင်ငံမှာလည်း လုံခြုံရေးကင်မရာတွေ တိုးချဲ့တပ်ဆင်မယ့် အစီအစဉ်အပေါ် လူ့အခွင့်အရေး လှုပ်ရှားသူတွေက စိုးရိမ်နေကြတာပါ။

“လုံခြုံရေးကင်မရာတွေဟာ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေအတွက် အန္တရာယ် ရှိပါတယ်။ သူတို့လှုပ်ရှားမှုတွေကို ခြေရာခံတာ၊ တက်ကြွလှုပ်ရှားသူတွေကြား ဆက်သွယ်မှုတွေကို ဖော်ထုတ်တာ၊ ပုန်းတဲ့ နေရာတွေနဲ့ တွေ့ဆုံတဲ့နေရာတွေကို ဖော်ထုတ်တာ၊ လှုပ်ရှားသူတွေသုံးတဲ့ ကားတွေ၊ ဆိုင်ကယ်တွေကို မှတ်ထားပြီး ဖမ်းဆီးတာမျိုးတွေအတွက် စစ်တပ်နဲ့ရဲက အသုံးချနိုင်ပါတယ်။” လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Human Rights Watch အာရှရေးရာ ဒုတိယညွှန်ကြားရေးမှူး Phil Robertson ကပြောပါတယ်။

မြန်မာစစ်ကောင်စီဟာ စောင့်ကြည့်ထောက်လှမ်းမှုတွေကို အရင်ကတည်းက ကျယ်ကျယ်ပြန့်ပြန့် လုပ်နေတာဖြစ်ပြီး၊ တယ်လီဖုန်းနဲ့ အင်တာနက်ဆက်သွယ်မှုတွေကို ကွန်ပျူတာဆော့ဖ်ဝဲလ်တွေ အသုံးပြုပြီး ကြားဖြတ်ထောက်လှမ်းတာ၊ နားထောင်တာတွေလည်း ရှိပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။