ကန်ပက်လက်မှာ တုပ်ကွေးနဲ့ ဝမ်းပျက်ရောဂါကြောင့် သေဆုံးသူ ၂၀ ကျော်ရှိ
2023.07.10

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်က ရွာတွေနဲ့ စစ်ဘေးဒုက္ခသည် စခန်းတွေမှာ ရာသီတုပ်ကွေး၊ ငှက်ဖျားနဲ့ ဝမ်းလျှောဝမ်းပျက်ဖြစ်နေပြီး ကုဖို့အတွက် ဆေးလုံလုံလောက်လောက် မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
"ဆေးဝါးတွေ ပြည်သူတွေအတွက် အသုံးအဆောင်တွေ အားလုံးကို ပိတ်ပင်တာတွေရှိပါတယ်”
ဒါကြောင့် ၂၀၂၃ နှစ်စပိုင်းကစပြီး ဇွန်လအထိ ခြောက်လအတွင်းမှာ ကလေးငယ်တွေ အပါအဝင် ဒေသခံတွေ သေဆုံးတာ ၂၀ ကျော်ရှိတယ်လို့ ကန်ပက်လက်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အမည်မဖော်လိုတဲ့ ဆရာဝန်တစ်ယောက်က RFA ကို ပြောပါတယ်။
“အဲဒီဟာ ဖြစ်တဲ့အချိန်မှာ ဝမ်းပျက်ဝမ်းလျှောရယ်၊ ကလေးတွေမှာ အဆုတ်ရောင် ရောဂါ တွဲဖြစ်ကြတယ်။ အဲဒီအချိန်မှာတုန်းက ကျွန်တော်က အမှတ် ၅ ဘက်မှာ တာဝန်ကျနေတာ။ ကျွန်တော် ကုပေးနေတဲ့နေရာမှာပဲ အဲလိုရုတ်တရက်အဖြစ်များ (outbreak) သွားတာပေါ့။ ကျွန်တော့်ဆီမှာတော့ ဆုံးရှုံးလိုက်ရတာ ကလေး သုံးယောက်ရှိတယ်။ ဆေးဝါးက လုံးလုံးမပြည့်စုံတာ မဟုတ်ဘူး။ မလုံလောက်တာပေါ့။ လသား ကလေးတွေဆိုရင် လက်မှာ ဆေးထိုးပေါက်နဲ့ ဆေးထိုးဖို့ လုပ်ပေးဖို့ ကျွန်တော် မလုပ်ပေးနိုင်တာတွေ ရှိတာပေါ့”
ကန်ပက်လက်မြို့နယ်ကိုသယ်တဲ့ ကုန်ပစ္စည်းနဲ့ ဆေးဝါးတွေကို စစ်ကောင်စီတပ်တွေက ကန့်သတ်ဖြတ်တောက်ထားတဲ့အတွက်ကြောင့်ရော၊ ငွေကြေးပြည့်ပြည့်စုံစုံမရှိတာကြောင့်ပါ ဖျားနာတဲ့သူတွေကိုကုဖို့ ဆေးလုံလောက်အောင်မရှိဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။
“အခုမှာတော့ ရာသီတုပ်ကွေး အရမ်းဖြစ်နေတယ်ပေါ့နော်။ တော်တော့်ကိုဖြစ်နေတယ်။ ကျွန်တော်တို့ရွာ တစ်ရွာမှာ အိမ်ခြေ ဆယ်အိမ်လောက်ရှိရင် အဲဒီအိမ်တွေအားလုံးက ရာသီတုပ်ကွေး ဖြစ်နေတယ်။ ဆေးဝါးကတော့ ကျွန်တော် နဂိုကတည်းက အခက်အခဲရှိတာဆိုတော့လေ ရှိတဲ့ဟာလေးနဲ့ ကျွန်တော်တို့ လုံးပမ်းပြီးတော့မှ လုပ်နေတဲ့ အနေအထားဖြစ်တယ်။ ဆေးမရောက်နိုင်တဲ့ အနေအထား ဖြစ်တယ်။ ဂိတ်တွေမှာ သယ်ယူလို့မရတဲ့ အနေအထားမှာပေါ့နော် ဆေးဝယ်ယူဖို့ ငွေကြေးအခက်အခဲဖြစ်တာရယ်၊ သယ်ယူတဲ့အပိုင်းမှာ အခက်အခဲဖြစ်တာရော နှစ်ခုစလုံးမှာ အခက်အခဲဖြစ်တယ်”
ကန်ပက်လက်မြို့နယ်က ရွာတွေဟာ ဝေးလံခေါင်ဖျားပြီး လမ်းပမ်းဆက်သွယ်ရေး ခက်ခဲပါတယ်။ ဒါကြောင့် အချိန်မီဆေးမကုနိုင်တာ၊ နာတာရှည်ရောဂါတွေအတွက် ဆေးမရှိတာတွေကြောင့် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ ပိုပြီးအသက်ဆုံးရှုံးရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆရာဝန်တစ်ယောက်က RFA ကို ပြောပါတယ်။
“အပြည့်အဝ သူတို့ဆီမှာ ကျွန်တော် မနေနိုင်ဘူး။ တစ်ပတ်ကိုမှ နှစ်ညအိပ် သုံးရက်ပေါ့။ အဲလိုပဲ လုပ်ပေးနိုင်တာကို။ အဲမှာသွားတဲ့အခါကျတော့ မိုးတွင်းဖြစ်တဲ့အခါကျတော့ အပေါ်တက်လိုက် အောက်ဆင်းလိုက်ဖြစ်နေတော့ ကျွန်တော်တို့မှာ လမ်းပန်း ဆက်သွယ်ရေး အခက်အခဲ အဓိကဖြစ်တာပေါ့။ တချို့တွေမှာ မြို့ကို မဖြစ်မနေ သွားရမယ့် အခြေအနေရှိတယ်ပေါ့။ မဖြစ်မနေ မြို့ကိုလွှတ်ရတယ်။ သူတို့ကလည်း အရင်ကတည်းက တောင်ပေါ်မှာ တော်တော်များများ ဆင်းရဲကြတယ်ဆိုတော့ သူတို့ဘက်က အဆင်မပြေတာတွေရှိတာပေါ့”
ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်ကိုသွားတဲ့ မကွေးတိုင်းဘက်က စစ်ဆေးရေးဂိတ်တွေမှာ ခရီးသွားတွေကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးစစ်ဆေးသလို၊ အမျိုးသားခရီးသွားတွေ ပိုပြီးစစ်ဆေးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီဂိတ်တွေမှာ ဆေးဝါးနဲ့ စားနပ်ရိက္ခာ သယ်ခွင့်မပေးသလို၊ သယ်လာရင်လည်း ဖမ်းပြီးသိမ်းတတ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။
“ချောက်၊ ဆိပ်ဖြူ တံတားဂိတ်ရယ်၊ နောက် ဆယ်မိုင်ကုန်းဂိတ်ရယ် ပြီးတော့ ကန်စွန်မဂိတ် ဆိုတဲ့ဟာပေါ့။ အဓိက အစစ်အဆေးကြမ်းတာကတော့ ကန်စွန်မ ဂိတ်မှာပေါ့။ လေးမျဉ်းစောင်းတွေဆိုလို့ရှိရင်ပေါ့။ ဒီအတိုင်း ခရီးသွားတဲ့သူတွေကို ဖမ်းဆီးတာတွေအစ အမြဲတမ်းလုပ်နေတာရှိတယ်။ ဂိတ်တွေမှာ တော်တော်လေး အစစ်အဆေးကြမ်းပြီးတော့မှ ပစ္စည်းတွေမှာတဲ့အချိန်မှာဆိုလို့ရှိရင် ဆေးဝါးတွေ ပြည်သူတွေအတွက် အသုံးအဆောင်တွေ အားလုံးကို ပိတ်ပင်တာတွေရှိပါတယ်”
ပြည်သူတွေ ကျန်းမာရေးအတွက် လိုနေတဲ့ ဆေးဝါးတွေကို သယ်ယူခွင့် ကန့်သတ် ပိတ်ပင်တာနဲ့ ပတ်သက်ပြီး ချင်းပြည်နယ်ရဲ့ စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဦးသန့်ဇင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံပြောဆိုတာ မရှိပါဘူး။
ကန်ပက်လက်မြို့နယ်မှာ ရွာပေါင်း ၁၀၀ ကျော်ရှိပြီး ကျေးလက်မှာနေတာ တစ်သောင်းကျော် ရှိပါတယ်။ တစ်မြို့နယ်လုံးမှာတော့ လူဦးရေ စုစုပေါင်း နှစ်သောင်းကျော် ရှိပါတယ်။