၂ဝ၂၂ ခုနှစ်အတွင်း သေဆုံးသူကလေးပေါင်း အနည်းဆုံး ၁၅၇ ယောက်ရှိ
2022.12.27

၂ဝ၂၁ ခုနှစ် အာဏာသိမ်းပြီးတစ်နှစ်အတွင်း စစ်တပ်ရဲ့အကြမ်းဖက်နှိမ်နင်းမှုတွေနဲ့ လက်နက်ကြီး လက်နက်ငယ်တွေကြောင့် သေဆုံးတဲ့ ကလေးသူငယ် ၁၁ဝ ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့အမျိုးသမီးလူငယ်နဲ့ ကလေးသူငယ်ဝန်ကြီးဌာန က ၂၀၂၂ ခုနှစ်၊ မတ်လ ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ၂၀၂၂ ခုနှစ် နှစ်မကုန်ခင်မှာပဲ အဲဒီလိုနှိမ်နင်းတိုက်ခိုက်မှုတွေကြားမှာ သေဆုံးရတဲ့ ကလေးငယ်အရေအတွက်ဟာ နှစ်ဆကျော် တိုးလာခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းရဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်နေ့ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ အကြမ်းဖက်နှိမ်နင်းမှု၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်မှု၊ လေကြောင်းက တိုက်ခိုက်မှုတွေကြောင့် သေဆုံးရသူကလေးပေါင်း ၂၆၇ ယောက်ရှိပါတယ်။ ၂၀၂၂ ခုနှစ်အတွင်း သေဆုံးရတဲ့ကလေးပေါင်းကတော့ ၁၅၇ ယောက်ရှိပါတယ်။
"မစုရတီလှိုင်တို့ကို အိတ်တွေနဲ့ထည့်ပြီး ကားပေါ်တင်သွားပြီတဲ့။ ရုပ်အလောင်းတွေလည်း ပေးမထားခဲ့ဘူး။ ကလေးတွေရှိတဲ့စာသင်ကျောင်းကို အချက်ပေါင်းတစ်ထောင်လောက် ပစ်တာ"
၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃၁ ရက်နေ့အထိ စာရင်းအရ သေဆုံးသူကလေး ၂၅၉ ဦးပဲ ရှိခဲ့တာမို့ ဒီဇင်ဘာလထဲမှာတင် ကလေး ရှစ်ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။
အဲဒီအထဲမှာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်နေ့ညက စစ်ကောင်စီတပ်က သေနတ်နဲ့ပစ်သတ်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးပင်သာရွာက အသက် ၁၃ နှစ်အရွယ် ခြောက်တန်းကျောင်းသားလေးပါဝင်ပါတယ်။
“၁၉ ရက်နေ့ အဲဒီနေ့က ည ၈ နာရီခွဲလောက်ဝင်လာပြီး မီးရှို့တာပေါ့နော်။ ဝင်တာ အဲ့ဒီ ခြောက်တန်းကျောင်းသားလေး တစ်ယောက်ကို ပစ်သတ်ထားခဲ့တာပေါ့နော်။ စစ်တပ်ဆိုတာ ပျူနဲ့ခွေးနဲ့ရောရာပေါ့နော်။ စစ်တပ်သီးသန့် အနေနဲ့လည်း ရပ်တည်ဖို့ အင်အားမရှိတော့ဘူးလေ။” လို့ ကန့်ဘလူမြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းပြီး သုံးလကျော်အကြာမှာ စစ်ကောင်စီတပ်နဲ့ ချင်းပြည်နယ်၊ ဒီးမော့ဆိုမြို့က ပြည်သူ့ကာကွယ်ရေး တပ်အကြား ပထမဆုံး တိုက်ပွဲစဖြစ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် စက်တင် ဘာလ ၁၀ ရက်နေ့မှာ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ အိန္ဒိယနယ်စပ်အနီးက လုံလဲရ်ရွာကို ပထမဆုံးလေကြောင်းတိုက်ခိုက်မှုအဖြစ် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးတဲ့နောက် ဒီနေ့အထိ အရပ်သားနေထိုင်ရာဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်လာတာဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်အတွင်းလေကြောင်းတိုက်ခိုက်မှုထဲမှာ ကုလသမဂ္ဂနဲ့ ကမ္ဘာ့နိုင်ငံတွေကပါ ထိတ်လန့်တုန်လှုပ်ခဲ့ရတဲ့ အထင်ရှားဆုံးဖြစ်ရပ်ကတော့ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာ စာသင်ကျောင်းကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းက တိုက်ခိုက်မှုကြောင့် ကလေးငယ် ခုနစ်ဦး အပါအဝင် စုစုပေါင်း ၁၃ ဦး သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်ပါ။
သေဆုံးသွားသူထဲမှာ အသက် ၈ နှစ်အရွယ် မစုရတီလှိုင်လည်းပါဝင်ပါတယ်။ ဒါပေမဲ့မိသားစုဟာ ကလေးရဲ့ ရုပ်အလောင်းကိုတောင် မတွေ့မြင်ခဲ့ရပါဘူး။
"လေယာဉ်တွေကဝဲပြီး တဝုန်းဝုန်း တဒိုင်းဒိုင်းနဲ့ပစ်နေတော့ ငါ့မြေးလေးလွတ်ကောင်းပါရဲ့ဆိုပြီး အိမ်ကနေ ဆုတောင်းနေတာပါနော်။ စောင့်ရင်း စောင့်ရင်းနဲ့ ညနေ ၄-၅ နာရီ ကျောင်းသားအမေတွေလာလို့ရပြီဆိုလို့ သွားလိုက်တော့ ကလေးက မရှိတော့ဘူး။ ဘေးဘီကပြောတယ်၊ မစုရတီလှိုင်တို့ကို အိတ်တွေနဲ့ထည့်ပြီး ကားပေါ်တင်သွားပြီတဲ့။ ရုပ်အလောင်းတွေလည်း ပေးမထားခဲ့ဘူး။ ကလေးတွေရှိတဲ့စာသင်ကျောင်းကို အချက်ပေါင်းတစ်ထောင်လောက် ပစ်တာ။ ကလေးက မှန်တဲ့အင်အားကလည်း သေးသေးမဟုတ်ဘူး။ အူတွေ ထွက်တဲ့အထိဖြစ်တာ" လို့ မစုရတီလှိုင်ရဲ့ အဘွားဖြစ်သူက ပြောပါတယ်။
ကလေးတွေရှိတဲ့ စာသင်ကျောင်းကို ပစ်ခတ်လို့သေဆုံးရတာတွေ မတိုင်ခင်မှာလည်း အရပ်သားနေထိုင်ရာရွာတွေကို စစ်တပ်ကပစ်ခတ်တဲ့အတွက် ကလေးတွေ သေဆုံးရပါတယ်။
စစ်ကောင်စီတပ်တွေရဲ့ပစ်ခတ်မှုကြောင့် အသက်မသေဆုံးတဲ့ ကလေးငယ်တွေမှာလည်း ကိုယ်လက်အင်္ဂါဆုံးရှုံးပြီး ဘဝဆုံးရသူတွေ အမြောက်အမြား ရှိနေပါတယ်။

ဇူလိုင်လ ၃ ရက်မှာ စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်စတစ်ခုဟာ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ နေထိုင်တဲ့ ခြောက်နှစ်အရွယ် မကျင်းငိုက်ဟောက်လေးရဲ့ ညာဘက်နားထင်ကတစ်ဆင့် ဦးခေါင်းခွံထဲဝင်သွား ခဲ့ပါတယ်။
"ဓာတ်မှန်ရိုက်တော့ ခေါင်းထဲမှာ လက်နက်ကြီးစ ဝင်နေတာဆိုတော့ ဆရာဝန်တွေက ဒီမှာ မရဘူး။ မန္တလေး သွားရမယ်လို့ ပြောတယ်။ မန္တလေးမှာ ခေါင်းထဲ လက်နက်ကြီးစ တကယ်ကျန်နေတာလားဆိုပြီး CT ရိုက်တယ်။ မန္တလေးက ဆရာဝန်တွေက မခွဲရဲဘူး၊ အန္တရာယ်များတယ်။ နိုင်ငံခြားမှာ ခွဲစိတ်ရင်တော့ ခွဲစိတ်မှု အောင်မြင်နိုင်တယ်။ ဒီမှာတော့ ပစ္စည်းမစုံဘူးဆိုတော့ အောင်မြင်ဖို့ အာမ မခံနိုင်ဘူးလို့ ဆရာဝန်တွေက ပြောတယ်" လို့ မကျင်းငိုက်ဟောက်ရဲ့ မိခင်ဖြစ်သူက ပြောပါတယ်။
ဆင်းရဲနွမ်းပါးတဲ့ မိသားစုဟာ အခုအချိန်ထိ သမီးဖြစ်သူရဲ့ခေါင်းထဲက ကျည်စကို ခွဲထုတ်မပေးနိုင်သေးပါဘူး။ ခေါင်းထဲမှာ သတ္တုကျည်စ ဝင်နေတာကြောင့် မကျင်းငိုက်ဟောက်ဟာ အခုဆိုရင် သူ့နာမည်ကို သူမမှတ်မိတော့သလို ကြာကြာလည်း မတ်တပ်မရပ်နိုင်တော့ဘူးလို့ မိခင်ဖြစ်သူက ပြောပါတယ်။
ဇူလိုင်လ ၁၂ ရက် မနက်မှာလည်း ကရင်ပြည်နယ် သံတောင်ကြီးမြို့၊ ပျားစခန်းရွာအနီးမှာ စစ်ယာဉ်တန်းရဲ့ ပစ်ခတ်မှုကြောင့် ၁၂ နှစ်အရွယ် ကလေးဟာ သုံးနှစ်အရွယ်ညီဖြစ်သူနဲ့ အိမ်ထဲမှာ ကစားနေရင်း သေနတ်ထိမှန်တဲ့အတွက် ညီအစ်ကိုနှစ်ယောက်လုံး ခြေထောက်ဆုံးရှုံးခဲ့ပါတယ်။
“သားက အိမ်ထဲမှာ ကစားနေတာ။ အဲဒါကို သားတို့ကိုရောပဲ ပစ်သွားတာ။ သားခြေထောက်ကို မှန်သွားတာ။ အဲဒီလိုလျှောက်သွားနေရင်း ပစ်သွားတာ။ ဒီလိုမျိုး ဒိုင်းဒိုင်း ဒိုင်းဒိုင်းနဲ့ ပစ်ချလိုက်တာ။ အဲဒါ သားခြေထောက်ကိုရော၊ သားညီလေးကိုရော မှန်သွားတာ။ ခြေထောက်တွေလည်း နာနေတယ်။ ခေါင်းတွေလည်း ကိုက်နေလို့” သေနတ်ကျည်ထိမှန်ခံခဲ့ရတဲ့ သံတောင်ကြီးမြို့က ကလေးက ပြောပြပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လေကြောင်းက တိုက်ခိုက်လို့ ဒါမှမဟုတ် လက်နက်ကြီးနဲ့ပစ်ခတ်လို့ အနည်းဆုံး ကလေး ၃၈၂ ဦး သေဆုံးတာနဲ့ ကိုယ်လက်အင်္ဂါ ချို့ယွင်းပျက်စီးတာတွေ ရှိခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်ရေးအထူးကိုယ်စားလှယ် Tom Andrews ၂၀၂၂ ခုနှစ် ဇွန်လ ၁၄ ရက်နေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီနေ့အထိလည်း စစ်ကောင်စီတပ်သားတွေဟာ အရပ်သားနေထိုင်ရာမြို့ရွာတွေကို မီးရှို့ဆဲ၊ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ပစ်ခတ်ဆဲ၊ လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေဆဲမို့ သေဆုံးဒဏ်ရာရသူအရပ်သားတွေ နေ့စဉ်ရှိနေဆဲဖြစ်ပါတယ်။ အဲဒီအထဲမှာ ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေ အများဆုံးပါဝင်ပါတယ်။

လက်နက်ကြီးလက်နက်ငယ်တွေကြောင့် သေဆုံးရတာအပြင် မြေမြှုပ်မိုင်းအပါအဝင် စစ်ကျန်လက်နက်ပစ္စည်း ပေါက်ကွဲမှုကြောင့် စစ်အာဏာသိမ်းပြီး ၁၅ လအတွင်း ကလေးငယ် ၁၁၅ ဦးအထိ သေဆုံး၊ ဒဏ်ရာရခဲ့တယ်လို့ UNICEF Myanmar က သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဲဒီအထဲမှာ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ကန်ရွာကနေ စစ်ကောင်စီတပ်ထွက်သွားချိန်ကျန်ခဲ့တဲ့ ဗုံးသီးကို ဆော့ကစားခဲ့တဲ့ အသက် ခုနစ်နှစ်အရွယ် မောင်ပြည့်စုံအောင်နဲ့ မောင်မင်းထွဋ်ဇော်တို့နှစ်ဦးလည်းပါဝင်ပါတယ်။
"၄၀ မမဗုံးသီးကို သူတို့ ကလေးလေးတွေက တစ်ယောက်နဲ့တစ်ယောက် ပစ်ပြီးတော့မှ မြှောက်ဆော့ပြီးတော့မှ ဆော့နေကြတာ။ မြှောက်ဆော့ပြီး နောက်ပိုင်းကျတော့ ဒီဟာကိုမှ ကျောက်ခဲနဲ့ ထုလိုက်တဲ့အချိန်မှာ ပေါက်ကွဲမှုကြောင့် ဒီကလေးလေး နှစ်ယောက်က သေသွားတာ။" လို့ ကန်ရွာဒေသခံ မယုကိုက ပြောပါတယ်။
နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တစ်ခုဖြစ်တဲ့ Save the Children က ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့က ထုတ်ပြန်တဲ့ကြေညာချက်ထဲမှာ မြန်မာနိုင်ငံတစ်ဝန်း ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူပေါင်း ၁.၄ သန်း ကျော်ရှိနေပြီး အဲဒီထဲမှာ ကလေးငယ် ငါးသိန်းနှစ်သောင်း ပါဝင်တယ်လို့ဖော်ပြထားပါတယ်။
အဲဒီအိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒက္ခသည်ကလေးတွေရဲ့ အခြေအနေကို အပိုင်းနှစ် အဖြစ် ဆက်လက်တင်ပြပါမယ်။