စိတ်ဒဏ်ရာသင့် မြန်မာပြည်က ကလေးများ
2022.07.02

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်မှုဒဏ် ခံစားနေရတဲ့ ကလေးငယ်တွေကို ကယ်တင်ဖို့ အရေးပေါ် လိုအပ်နေကြောင်း ကုလသမဂ္ဂက ဇွန်လ ၂၉ ရက်နေ့က သတိပေးလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ် စစ်တပ်အာဏာသိမ်းမှုနဲ့အတူ ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရခဲ့ကြတဲ့အပြင် ထင်သလို ဖမ်းဆီးထိန်းသိမ်းခံခဲ့ကြရတဲ့ ကလေးအရေအတွက် ရာနဲ့ချီ တိုးပွားလာနေကြောင်းလည်း ကုလသမဂ္ဂရဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီက ဖော်ပြပါတယ်။ ကလေးငယ် ၈ သန်းနီးပါး ကျောင်းမတက်နိုင်ကြဘဲ အတော်များများ လက်နက်ကိုင် ပဋိပက္ခတွေ၊ စစ်ပွဲတွေထဲ ဆွဲသွင်းခံခဲ့ကြရတယ်လို့ ဆိုပါတယ်။
တကယ်တော့ အာဏာမသိမ်းခင် တစ်နှစ်ကတည်းက ကိုဗစ်ကပ်ရောဂါကြောင့် ကလေးတွေ ကျောင်းမတက်ဘဲ နေခဲ့ရတာပါ။ ကပ်ရောဂါအပေါ် ကြောက်လန့်စိတ်၊ ပညာရေးနှောင့်နှေးမှာကို စိုးရိမ်စိတ်နဲ့ နေခဲ့ရတဲ့ ကလေးတွေဟာ အာဏာသိမ်းပြီးနောက်ပိုင်း အနိဋ္ဌာရုံတွေကြောင့် နာကျင်ထိတ်လန့်စွာ စိတ်ဒဏ်ရာတွေ ခံစားနေကြရပါတယ်။
“သမီးတို့မှာ နေစရာ မရှိတော့ပါဘူး။ ကျောင်းမတက်ရတာလည်း ကြာပါပြီ။ စာမတတ်မှာလည်း ကြောက်ပါတယ်။ ကျောင်းလည်း နေချင်ပါတယ်။ သမီးတို့ အိမ်ပြန်မဆောက်နိုင်မှာလည်း ကြောက်ပါတယ်။ သေရမှာလည်း ကြောက်ပါတယ်”
ရွာလုံးကျွတ်မီးရှို့ခံလိုက်ရလို့ နေစရာမရှိတော့တဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက ကလေးတစ်ယောက်ရဲ့ အကြောက်တရား ဖြစ်ပါတယ်။
ရန်ကုန်တိုင်းမှာရှိတဲ့ သီလရှင်ကျောင်းတစ်ကျောင်းက အသက် ၁၅ နှစ်အရွယ် သီလရှင်ဆရာလေးတစ်ပါးမှာလည်း မကွေးတိုင်းက ကျောင်းသူလေးနဲ့တူတဲ့ အကြောက်တရား ရှိနေပါတယ်။
“တချို့ကျောင်းတွေမှာ ဗုံးပေါက်တာတွေ ရှိတယ်။ အဲဒါကြောင့် တပည့်တော်တို့ကျောင်းမှာလည်း အဲဒီလိုဖြစ်မှာ စိုးရိမ်ပူပန်မိပါတယ်။ တချို့ဆရာလေးတွေဆို ဆွမ်းခံထွက်ရတယ်လေ။ ပစ်ခတ်လိုက်ရင် ထိမိသွားမှာပဲလေ။ မထိမိဘူးလို့ မပြောနိုင်ဘူးလေ။ အဲဒီလို စိုးရိမ်ရတာတွေရှိတယ်။ တချို့ကျောင်းတွေက စစ်သားတွေ စောင့်တယ်လေ။ ကျောင်းသားတွေကို ပစ်ခတ်မှာစိုးလို့ မဖွင့်တာတွေလည်း ရှိတယ်။ ခုမှ ကျောင်းတက်ရမယ့် ကလေးတွေကျတော့ နစ်နာတာပေါ့။ ကျောင်းတွေ နောက်ကျတာများလို့ ရှိရင်လည်း အသက်တွေကကြီးလာတော့ သိပ်အဆင်မပြေတော့ဘူးလေ”
စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲပြင်းထန်တဲ့ စစ်ကိုင်းတိုင်းထဲက အသက် ၁၅ နှစ်အရွယ် မမျိုး (အမည်လွှဲ) ကတော့ ဒီဒုက္ခတွေကို မခံစားချင်တော့ဘူးလို့ ပြောပါတယ်။
“ဒီလိုအခြေအနေက ပိုက်ဆံလည်း၊ ဝင်ငွေလည်း မရှာနိုင်ဘူးလေ။ စီးပွားရေးအခြေခံကလည်း မကောင်းတော့ ညီမလေးတို့ အရမ်းစိတ်ဓာတ်ကျတယ်။ တုပ်ကွေးတွေကလည်း ပေါနေတယ်။ အဲဒါကတော့ ဟို တစ်လောတုန်းကပါ။ စိတ်ဓာတ်တွေ မတရားကျနေတာ။ မတရားခံစားနေရတာ။ ဒီအန္တရာယ်တွေ၊ ဒီဒုက္ခတွေကို မခံစားချင်တော့ဘူးဆိုပြီး တွေးမိတယ်”
ကိုယ်တိုင် ဖမ်းဆီးနှိပ်စက်ခံရသူတွေ အပါအဝင် သွေးထွက်သံယိုတိုက်ခိုက်မှု၊ ဖမ်းဆီးနှိပ်စက်မှု၊ အိုးအိမ်တွေ မီးလောင်ပျက်စီးရတာတွေကို မြင်တွေ့ခံစားနေရတာ၊ ဘေးလွတ်ရာမှာ အမိုးအကာမဲ့၊ စားစရာမဲ့ ပုန်းရှောင်ကြရတာ၊ ဘယ်အချိန် တိုက်ခိုက်ခံရမလဲဆိုတဲ့ စိုးရိမ်ထိတ်လန့်ရတာနဲ့ နိုင်ငံရေးအခြေအနေကြောင့် အလုပ်အကိုင်မရှိ စားဝတ်နေရေးခက်ခဲရတဲ့ ဒုက္ခဆင်းရဲတွေကို ခံစားကြရသူ ကလေးတွေရဲ့ စိတ်ဒဏ်ရာဟာ သူတို့ အသက်ရှင်မယ့် ဘဝတစ်လျှောက်လုံးကို ကြီးမားတဲ့သက်ရောက်မှု ဖြစ်လာစေနိုင်တယ်လို့ အမေရိကန်ပြည်ထောင်စု၊ ဗားမောင့်တက္ကသိုလ်မှာ စိတ်ပညာပါရဂူတန်း တက်ရောက်နေတဲ့ စိတ်ကျန်းမာရေးပညာရှင် ဒေါက်တာဖြူပန်းနုခင် က ပြောပါတယ်။
“ကလေးငယ်တွေအနေနဲ့ သူတို့ကိုယ်တိုင်ရော မိသားစုဝင်တွေရော လုံခြုံမှုမရှိဘူး၊ အကန့်အသတ်တွေ အန္တရာယ်တွေ အများကြီး ရှိနေတယ်ဆိုတာကို သိနေတဲ့အတွက် အမြဲတမ်း ကြောက်ရွံ့ထိတ်လန့်မှုတွေ ရှိနိုင်တယ်။ အိပ်မက်ဆိုးတွေ ခဏခဏ မက်တာ ဖြစ်တတ်တယ်။ ဒါကို ဖွင့်မပြောတတ်လို့ရှိရင် တစ်ယောက်တည်း စိတ်ထိခိုက်ပြီးတော့ ငိုနေတာ၊ စိတ်အတက်အကျ မြန်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ရေရှည်မှာဖြစ်တတ်တဲ့ ပြဿနာတချို့က ကလေးငယ်တွေမှာ စိတ်ဒဏ်ရာကြောင့် မိမိကိုယ်ကိုယ် ယုံကြည်မှု လျော့နည်းတာ၊ အန္တရာယ်အမျိုးမျိုးကို ကြုံတွေ့ခဲ့ရတဲ့အတွက် သူတစ်ပါးအပေါ် ယုံကြည်မှု နည်းပါးတာလည်း ဖြစ်တတ်တယ်။ ပညာရေးနဲ့ အိမ်ထောင်ရေးမှာ ပြဿနာတွေ ဖြစ်တတ်တယ်ပေါ့နော်”
ဒီလိုအခြေအနေမျိုးမှာ သူတို့ဘာလိုအပ်နေသလဲဆိုတာကို စစ်ကိုင်းတိုင်းထဲက မမျိုးက ခုလို ပြောပါတယ်။
“ဥပမာ - ညီမလေး စိတ်ဆင်းရဲနေတဲ့အချိန်မှာ ငွေကြေးထောက်ပံ့တယ်။ ထောက်ပံ့တာ မှန်တယ်။ ဒါပေမဲ့ ညီမလေးတို့ကို နှိမ်တယ်ဆိုရင် ထောက်ပံ့တာလည်း ထောက်ပံ့တာပေါ့နော်။ ဒါပေမဲ့ ညီမလေးတို့အတွက် စိတ်ခံစားချက်က မပြေဘူးလေ။ တကယ်တမ်းတော့ အားပေးစကားကပဲ ညီမလေးတို့ကို ကောင်းကောင်း အထောက်အပံ့ဖြစ်မှာ”
သူတို့တစ်တွေကို ဘယ်လို အားပေးစကားတွေ ပြောရမလဲဆိုတာကို ဒေါက်တာဖြူပန်းနုခင်က အခုလို အကြံပေးပါတယ်။
“ဒီကာလမှာပေါ့နော် မိသားစုဝင်တွေက ဘယ်လိုတုံ့ပြန်သလဲ၊ ပတ်ဝန်းကျင်က လူကြီးတွေက သူတို့ကို ဘယ်လို စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေပေးသလဲဆိုတာအပေါ်မူတည်ပြီးတော့ ကလေးငယ်တွေက စိတ်ပိုင်းဆိုင်ရာ ကြံ့ကြံ့ခံနိုင်မှုကို တည်ဆောက်နိုင်ကြပါတယ်။ ဒီလို အန္တရာယ်ရှိနေတဲ့ အခြေအနေမျိုးမှာတောင်မှပေါ့နော်။ အရေးအကြီးဆုံး အချက်အလက်တွေက သူတို့အနားမှာ စိတ်တည်ငြိမ်စွာနဲ့ အတတ်နိုင်ဆုံး ပြဿနာကို ရင်ဆိုင်နိုင်တယ်။ ဖြေရှင်းနိုင်တယ်ဆိုတာကို မိသားစုဝင်တွေက ပြသလို့ရပါတယ်။ အရေးအကြီးဆုံးတစ်ချက်က ကလေးငယ်တွေမှာ တစ်ဦးတစ်ယောက်တည်း ထိခိုက်ခံစားနေရရင် စိတ်ဒဏ်ရာတွေက ပိုပြင်းထန်လေ့ရှိတာကြောင့် လူကြီးတွေ၊ မိသားစုဝင်တွေအနေနဲ့ ကလေးငယ်တွေကို သူတို့ခံစားချက်တွေကို အချိန်ပေးပြီး နားထောင်ပေးသင့်ပါတယ်။ မြန်မာ့ယဉ်ကျေးမှုအရ လူကြီးတွေက ကလေးတွေကို ဘယ်လိုဖြစ်သင့်တယ်ဆိုပြီး အကြံပေးတာ၊ ဆုံးမတာ ပိုများတာ တွေ့ရတတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာတော့ သူတို့ကို ဆုံးမစကားပြောမယ့်အစား သူတို့ဖြစ်ချင်တဲ့ စိတ်ကလေးတွေ သူတို့ခံစားချက်တွေကို နားထောင်ဖို့ အရမ်းပဲ အရေးကြီးပါတယ်ရှင့်”
လူ့လောကအကြောင်းကို နားလည်ကာစမှာ နာကျင်စရာ၊ ထိတ်လန့်ကြောက်ရွံ့စရာတွေကိုသာ မှတ်ဉာဏ်ထဲမှာ သိမ်းဆည်းရမယ့် သူတို့လို ဆယ်ကျော်သက်အရွယ်တွေအတွက် အားပေးစကားဟာ ဘယ်လောက် အကျိုးရှိသလဲဆိုတာ ကိုယ်တိုင်အတွေ့အကြုံအရ နားလည်ထားတဲ့ ထားဝယ်မြို့က နော်ဆာမူး (အမည်လွှဲ) ကတော့ အသက်အရွယ်တူ၊ ဘဝတူ မိန်းကလေးအချင်းချင်း ရင်ဖွင့်ပြီး အားပေးစကားပြောကြမယ်လို့ ပြောပါတယ်။
“ဒီလိုခက်ခဲတဲ့ကာလမှာ မိသားစုဝင်တွေရဲ့ အားပေးစကားကလည်း အထောက်အပံ့ဖြစ်တယ်။ ဒီလိုခက်ခဲတဲ့ အခြေအနေကို ကြုံတွေ့ရပေမယ့်လည်း စိတ်ပျက်အားငယ်ခြင်းမရှိဘဲနဲ့ တစ်ဦးနဲ့ တစ်ဦး အားပေးစကားပြောရင်း၊ ဖေးမကူညီရင်း ဒီအခြေအနေကို အတူတူ ရင်ဆိုင်ကျော်ဖြတ်ကြမယ်။ အချင်းချင်း ရင်ဖွင့်ပြီးတော့ အားပေးစကားတွေပြောကြမယ်”
၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး ပြည်သူ နှစ်ထောင်ကျော် သေဆုံးခဲ့ရပြီး၊ အဲဒီအထဲမှာ ကလေးသူငယ် အနည်းဆုံး ၃၈၂ ဦး သေဆုံး၊ ထိခိုက်ဒဏ်ရာရ၊ ကိုယ်လက်အင်္ဂါချို့တဲ့ သွားခဲ့ကြရပါတယ်။ ပြည်သူ ၇ သိန်းကျော် အိုးအိမ်ဆုံးရှုံး၊ ဘေးလွတ်ရာရွှေ့ပြောင်းကြရပြီး အဲဒီအထဲမှာ ကလေးသူငယ် နှစ်သိန်းခွဲကျော် ပါဝင်တယ်လို့ ကုလသမဂ္ဂရဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီရဲ့ ဇွန်လ ၂၉ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။