ကျိုက်ဒုံမြို့မှာ စစ်ကောင်စီစခန်းတွေမရှိတော့ကြောင်း SOF အဖွဲ့ပြော

RFA Burmese
2024.05.27
ကျိုက်ဒုံမြို့မှာ စစ်ကောင်စီစခန်းတွေမရှိတော့ကြောင်း SOF အဖွဲ့ပြော အထူးစစ်ဆင်ရေးအဖွဲ့ (SOF) တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ်၊ မေလ ၃ ရက်နေ့က တွေ့ရစဉ်။
ဓာတ်ပုံ - အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F)

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ ၆ နယ်‌မြေက ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့၊ ပိုင်ခလန် ကျေးရွာအနီးမှာရှိတဲ့ ဖိုးချိမု စစ်ကောင်စီဗျူဟာတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) မဟာမိတ်ပူးပေါင်းတပ်တွေ မေလ ၁၉ ရက်က တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။

KNLA မဟာမိတ်တပ်တွေ ဖိုးချိမု စခန်းသိမ်းလိုက်နိုင်တာကြောင့် ထိုင်း-မြန်မာနယ်စပ် နယ်မြေဖြစ်တဲ့ ကော့ကရိတ်ခရိုင်က ကျိုက်ဒုံမြို့ဟာ စစ်ကောင်စီတပ်ကင်းစင်တဲ့ နယ်မြေဒေသဖြစ်ပြီလို့ KNLA မဟာမိတ်ပူးပေါင်းတပ်မှာ ပါဝင်တဲ့ အထူးစစ်ဆင်ရေး (SOF) စစ်ကြောင်းတာဝန်ရှိသူ ရဲဘော် အောင်စံရှား က RFA ကို ပြောပါတယ်။

"ဒီစခန်းကပြောရရင် ကော့ကရိတ်ရယ်၊ ကျိုက်ဒုံ၊ ကြာအင်းဆိပ်ကြီး အဲဒီမြို့တွေရဲ့ ထိုင်းနယ်စပ်တစ်လျှောက်လုံးမှာ နောက်ဆုံးစခန်းဖြစ်တာပေါ့။ ပြီးခဲ့တဲ့ နှစ်တွေမှာ စခန်းသိမ်းထားတာရှိတယ်။ ကွီလုံတိုင် စခန်းရှိတယ်။ ရေတလျှောက်စခန်းရှိတယ်။ မဲသရောထ စခန်းရှိတယ်။ အခု ဖိုးချိမု စခန်းကတော့ နောက်ဆုံးစခန်းပေါ့နော်။ တကယ့်ကို ဒါအင်အားကြီးစခန်း သက်သက်ပဲ။ အင်အားရာနဲ့ချီ စခန်းကြီးပဲ သိမ်းနိုင်ခဲ့တာပေါ့။ အဲဒီ ထိုင်းနယ်စပ်တစ်လျှောက်လုံးမှာတော့ စစ်ကောင်စီအထိုင်စခန်းမရှိတော့ဘူး"

ဒီစခန်းဟာ ထိုင်း-မြန်မာနယ်စပ်မှာရှိတာကြောင့် စစ်ကောင်စီတပ်သားတချို့ ထိုင်းနိုင်ငံထဲ ထွက်ပြေးသွားတာတွေလည်း ရှိတယ်လို့ဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ယာယီဗျူဟာမှူး ရန်နိုင် အပါအဝင် အခြားအဆင့်နဲ့ အကြပ်၊ တပ်သားပေါင်း ၄၈ ယောက်ကို ဖမ်းဆီးရမိခဲ့ပြီး စစ်သုံ့ပန်းဥပဒေနဲ့အညီ စစ်ဆေးထိန်းသိမ်းထားတယ်လို့လည်း ရဲဘော် အောင်စံရှား က ပြောပါတယ်။

"တိုက်ပွဲမှာ စကစဘက်က ဒုတပ်ရင်းမှူးရန်အောင်အပါအဝင် ၄၈ ဦး မိတာပေါ့နော်၊ ဒုတပ်ရင်းမှူးရန်အောင်က အခုလောလောဆယ်မှာတော့ ယာယီဗျူဟာမှူးတာဝန်ယူထားတဲ့တစ်ယောက် ဖြစ်တာပေါ့။ ကျန်တာကတော့ တခြားအဆင့် ၁ဝ ဦး လောက်ပါတယ်။ ကျန်တာကတော့ ရိုးရိုးတပ်သားတွေပါပဲ။ အကိုတို့ သိရတာကတော့ အဲဒီမှာ အားလုံးပေါင်း ကိုးဆယ်ကျော်မှာ ကျဆုံးတဲ့ ရဲဘော်နဲ့ ဖမ်းဆီးမိတာနဲ့ဆိုရင် ကျန်တဲ့စစ်သားက ၂၆ ဦးကျန်တယ်။ ထိုင်းဘက်ခြမ်းက သတင်းထုတ်ပြန်ထားတယ်။ ထိုင်းစစ်တပ်ကတော့ ထုံးစံအတိုင်းပဲ ဗမာစစ်တပ်နဲ့ ချိတ်ဆက်ပြီးတော့ ပြန်ပို့မှာပေါ့"

ကျိုက်ဒုံမြို့ အခြေအနေနဲ့ ပတ်သက်ပြီး KNU တပ်မဟာ ၆ စစ်ရေးတာဝန်ရှိသူတွေ သဘောထား မေးမြန်းနိုင်ဖို့ RFA က ဆက်သွယ်နေ‌‌ပေမဲ့ အဆက်အသွယ် မရသေးပါဘူး။

ကရင်ပြည်နယ်အတွင်း စစ်ကောင်စီ တပ်စခန်းတွေ သိမ်းပိုက်ခံနေရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပြန်တာ မရှိသေးသလို ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းကျော်သူကို တယ်လီဖုန်း ဆက်သွယ်ပေမဲ့ ဖုန်းလက်ခံ မဖြေဆိုပါဘူး။

ကော့ကရိတ်မြို့ရှိ စစ်ကောင်စီ ဖိုးချီးမူးတပ်စခန်းအား တိုက်ခိုက်အပြီး သိမ်းဆည်းရမိသော လက်နက်များအား အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) က ၂ဝ၂၄ ခုနှစ် မေလ ၂၆ ရက်နေ့က ထုတ်ပြန်ထားစဉ်။ (ဓာတ်ပုံ - အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F)
ကော့ကရိတ်မြို့ရှိ စစ်ကောင်စီ ဖိုးချီးမူးတပ်စခန်းအား တိုက်ခိုက်အပြီး သိမ်းဆည်းရမိသော လက်နက်များအား အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) က ၂ဝ၂၄ ခုနှစ် မေလ ၂၆ ရက်နေ့က ထုတ်ပြန်ထားစဉ်။ (ဓာတ်ပုံ - အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F)

လက်ရှိ ကျိုက်ဒုံမြို့မှာ မြေပြင်တိုက်ပွဲ မရှိတော့ပေမဲ့ စစ်ကောင်စီတပ်က ကြာအင်းဆိပ်ကြီး၊ ကျိုက်ဒုံ၊ ဘုရားသုံးဆူမြို့ နယ်ဘက်ကို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကင်းထောက်လေယာဉ် ပျံသန်းတာရှိပြီး တချို့နေရာတွေမှာတော့ ကရင်နယ်ခြားစောင့်တပ် (BGF) အဖွဲ့တွေလည်း ဆက်ရှိနေတယ်လို့ ကျိုက်ဒုံဒေသခံက ပြောပါတယ်။

"ကျိုက်ဒုံမှာက စစ်တပ်ကတော့ မရှိတော့ဘူးဆိုတော့ အေးအေးဆေးဆေးဖြစ်သွားပြီပေါ့။ ပြန်နေတဲ့လူတွေလဲ ပြန်နေကုန်ပြီလေ။ ဒါပေမဲ့ လေယာဥ်ကတော့ လာလာဝဲတယ်ပေါ့။ အခု ကျိုက်ဒုံမှာ BGF လည်းမရှိတော့ဘူးပေါ့။ ကြာအင်းဆိပ်ကြီးနဲ့ သုံးဆူသွားတဲ့လမ်းမှာတော့ BGF တွေ သွားလာနေတာ တွေ့သေးတယ်။ စစ်တပ်ကိုတော့ မတွေ့တော့ဘူး။ လူတွေကတော့ ကြာအင်းဆိပ်ကြီး၊ ကျိုက်ဒုံ၊ ပိုင်ကလန်ထိုင်းနယ်စပ်အထိ သွားသွားလာလာ လုပ်နေကြပြီ"

မေလ ၂၀ ရက်ကနေ ၂၇ ရက်အထိ ကော့ကရိတ်ခရိုင်ထဲက မြဝတီ၊ အာရှလမ်းသစ်၊ ဒေါနတောင်လမ်းဟောင်းနေရာနဲ့ သဃန်းညီနောင် ကျေးရွာတွေဘက်မှာ စစ်ကောင်စီ အောင်‌‌ဇေယျ စစ်ဆင်ရေးတပ်ဖွဲ့တွေနဲ့ KNLA မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲ ဆက်ဖြစ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။