စစ်တပ်က ထပ်ပြီးတပ်မစွဲရင် လက်ခတ်တောင် ပြန်ရုပ်သိမ်းပေးမယ်လို့ KNLA ပြော

စစ်တပ်က လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို ပြန်ရရေး ထိုးစစ်ဆင်တိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့အပေါ်မှာ KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေက ခံစစ်ဗျုဟာနဲ့ချေမှုန်းသွားဖို့ ပြင်ဆင်ထားတယ်လို့ ပူးပေါင်းတပ်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်က KNLA ပူးပေါင်းမဟာမိတ်တပ်တွေ သိမ်းပိုက်ရရှိထားတဲ့ တာဝါတိုင်စခန်းကုန်းကို ပြန်သိမ်းယူဖို့ စစ်ကောင်စီတပ်က လက်ခတ်တောင် တောင်ခြေမှာ စစ်အင်အားတိုးချဲ့နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေ က ပြောပါတယ်။
“အကြမ်းဖက် စစ်ကောင်စီအနေနဲ့က မကြာမီကာလမှာ လက်နက်ကြီးပစ်အားတွေ များများနဲ့ လက်ခတ်တောင် ဘုရားကုန်းကို ထပ်မံပြီးတော့ တိုက်ခိုက်လာဖို့လည်း ရှိပါတယ်။ အဲ့ဒီနေရာကို ပစ်ခတ်နိုင်မဲ့ လက်နက်ကြီးပစ်နေရာတွေကို ထပ်တိုးပြီးတော့ ချထားတာတွေကို တွေ့ရပါတယ်။ KNLA ပူးပေါင်းမဟာမိတ်အဖွဲ့တွေအနေနဲ့ကလည်း သူတို့ဆင်လာတဲ့ ထိုးစစ်တွေကို စနစ်တကျ ခံစစ်ဗျူဟာအရပဲ အမှည့်ခြွေပြီးတော့ ချေမှုန်းသွားဖို့ လည်း ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ လက်ခတ်တောင်ဘုရားကုန်းကို KNLA ပူးပေါင်းအဖွဲ့တွေ၊ သိမ်းပိုက်ထားတာဆိုရင် အခုဆိုရင် ရက်ပေါင်း ၄၀ ကျော်ပါပြီ။ ဒီရက် ၄၀ အတွင်းမှာလည်း သူတို့က ထိုးစစ်ကို အကြိမ်ကြိမ်ဆင်တယ်၊ အဲ့ဒီထိုးစစ်တိုင်းကိုလည်း ကျွန်တော်တို့ဒီအဖွဲ့တွေက ခံစစ် မဟာဗျူဟာအရ စနစ်တကျ အမှည့်ခြွေ တိုက်ခိုက်တဲ့အခါကျတော့ အကျအဆုံး များစွာနဲ့ လက်နက်တွေအမြောက်အမြား ကျွန်တော်တို့ကို ပေးလှူပြီးတော့ ဆုတ်ခွာသွားရတာချည်းပါပဲ”
ဒေသတွင်းက အထင်ကရသာသနိကနေရာကို လက်နက်ကိုင်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ ထပ်ပြီးတပ်စွဲတာမျိုး မလုပ်ဖို့ တာဝန်ယူမယ်ဆိုရင် မိမိတို့အနေနဲ့ တပ်ရုပ်သိမ်းဖို့အသင့်ရှိတယ်လို့ ဩဂုတ်လ ၂၈ ရက်နေ့က လက်ခတ်တောင်စခန်းမှာ ကရင်အမျိုးသားအလံတော် လွှင့်ထူတဲ့ အစီအစဥ်ပြုလုပ်ပြီး တန်ပြန်ထုတ်လွှင့်တဲ့ ရုပ်သံမှတ်တမ်းမှာ KNLA ပူးပေါင်း ကော်ပရာစစ်ကြောင်းမှူး ဗိုလ်ဒါဘောက ပြောဆိုထားပါတယ်။
“ကျွန်တော်တို့ကဒီအပေါ်မှာထိုင်ချင်လို့ ထိုင်နေတာလည်းမဟုတ်ဘူး။ စိုးမိုးထားချင်လို့ စိုးမိုးထားတာလည်း မဟုတ်ဘူး၊ အဓိကက စစ်ကောင်စီက ဒီအပေါ်မှာလာပြီးတော့ တပ်စွဲထားပြီးတော့မှ ကျွန်တော်တို့ကို တောက်လျှောက် အပြစ်မဲ့ပြည်သူတွေကို အပေါ်ဆီးကနေပြီးတော့ လက်နက်ကြီးတွေနဲ့ ပွိုင့် ၅ ကြီးတွေနဲ့ ဟောင်ဝှစ်ဇာကြီးတွေနဲ့ ပစ်ခတ်နေတဲ့အပေါ်မှာ ကျွန်တော်တို့ မခံနိုင်တော့တဲ့အဆုံး တက်သိမ်းရတာဖြစ်တယ်။ သူတို့အနေနဲ့ ဒီကနေ့ဒီအချိန်ထိ ဒီနယ်မြေကို သာသနာ့နယ်မြေအဖြစ် သတ်မှတ်တယ်ဆိုရင် စစ်ကောင်စီဘက်က တာဝန်ရှိတဲ့အရာရှိ တစ်ယောက်ယောက်ကနေပြီးတော့ ဒီပေါ်မှာ ကျွန်တော်တို့ တပ်မစွဲတော့ပါဘူး မည်သည့်လက်နက်ကိုင်မှ ခွင့်မပြုတော့ပါဘူးလို့ ကျွန်တော့်ကို တာဝန်ယူမှု တာဝန်ခံမှုတစ်ချက်တည်းပြောလိုက် ကျွန်တော်ချက်ချင်း ကျွန်တော်တပ်ကို ပြန်ရုပ်ပေးဖို့ ဒါအချိန်မရွေးပဲ”
လတ်ခတ်တောင်တိုက်ပွဲကာလအတွင်းမှာ စစ်တပ်ဘက်က ဒုတပ်ကြပ်တစ်ဦးအပါအဝင် သုံးဦး လက်နက်ခဲယမ်းတွေနဲ့ ဘက်ပြောင်းခိုလှုံလာခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ကို ပြည်သူ့ရင်ခွင်အဖွဲ့နဲ့ ချိတ်ဆက်အပ်နှံပေးထားသလို မိသားစုတွေ ပြန်လည်ဆုံဆည်းနိုင်ဖို့ကိုလည်း သူတို့သဘောဆန္ဒအရ ဆက်လက်ကူညီပေးသွားမယ်လို့ ဗိုလ်ဒါဘော က ပြောပါတယ်။
စစ်တပ်က အခုဩဂုတ်လ ၂၀ ရက် နောက်ပိုင်းမှာ လက်ခတ်တောင်ပေါ်က KNLA ပူးပေါင်းမဟာမိတ်တပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်တာမျိုးမရှိဘဲ စစ်ရေးပြင်ဆင်နေတာမျိုးပဲရှိတယ်လို့လည်း ဆိုပါတယ်။

လက်ခတ်တောင်ကို ပြန်တိုက်ဖို့ စစ်ကူစစ်ကြောင်းတွေနဲ့ လက်နက်ခဲယမ်းတွေကို ဘားအံ၊ နဘူး၊ ထို့ကော်ကိုး၊ မြဝတီလမ်းပိုင်းကနေ စစ်တပ်နဲ့ BGF တပ်တွေ ကွပ်ကဲနေတဲ့ မေတ္တာလင်းမြိုင်ရွာဘက်ကို သယ်ယူနေတာ မြင်တွေ့နေရတယ်လို့ မြဝတီ မြို့ခံတွေက ပြောပါတယ်။
လက်ခတ်တောင်ခြေမှာ စစ်တပ်လက်နက်ကြီးနဲ့ စစ်အင်အားတိုးချဲ့နေရာယူထားတာတွေ ဆက်ရှိနေတာကြောင့် ဒုက္ခသည်တစ်ထောင်လောက် နေရပ်ပြန်လို့မရသေးဘူးလို့ တောရဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ ဒုက္ခသည်လူငယ်တစ်ဦး က RFA ကို ပြောပါတယ်။
“တိုက်ပွဲတွေ ဆက်ပြီးဖြစ်လာနိုင်တဲ့အခြေအနေရှိတော့ အိမ်မပြန်ရဲသေးဘူး။ အခုဆိုရင် ဒီထိုင်တော်မူဘုရားထဲ မှာလည်း သံချပ်ကာကားတွေပြီးရင် အတွဲလိုက်ပစ်တဲ့ ဒုံးကားတွေ ရှိနေတယ်၊ စစ်ကောင်စီတပ်ကလည်း ဒီလက်ခတ်တောင်နဲ့ ကျောက်လုံးကြီး ဘက်တွေကို စစ်သားတွေ လက်နက်ခဲယမ်းတွေ အဆက်မပြတ် ပို့နေတယ်၊ ဒီရပ်ကွက်ထဲကလူကြီးတွေပြောတာကတော့၊ တိုက်ပွဲက ကြီးမယ့်သဘောတရားမှာ ရှိတယ်လို့တော့ ပြောနေကြတယ်”
လက်ခတ်တောင် စစ်စခန်းပြန်သိမ်းဖို့ စစ်တပ်က စစ်ရေးပြင်ဆင်နေတာနဲ့ ပတ်သက်ပြီး ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်ကို တယ်လီဖုန်းဆက်သွယ်မေးမြန်းပေမဲ့ ဖုန်းလက်ခံ မဖြေပါဘူး။

လက်ခတ်တောင်တာဝါတိုင်စစ်စခန်းကို KNLA ပူးပေါင်း မဟာမိတ်တပ်တွေ ပြန်လည်စွန့်လွတ်မှသာ စစ်တပ်က ပြန်ရနိုင်တော့မယ့် အခြေအနေရှိနေပြီလို့လည်း ဦးမောင်မောင်ဆွေ က ပြောပါတယ်။
“ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်တွေ၊ မဟာမိတ်အင်အားစုတွေ အနေနဲ့က မြဝတီ-ကော့ကရိတ် လမ်း၊ ကြာအင်းဆိပ်ကြီးဘက်တို့၊ ကျိုက်ဒုံဘက်တို့ အဲ့ဒီဘက်တစ်ကြောအားလုံးနီးပါးကို စိုးမိုးနေရာယူထားပြီ ဖြစ်တဲ့အတွက် စစ်ကောင်စီအနေနဲ့က အဲ့ဒီဘုရားကုန်းကို ပြန်လည်ရရှိတယ်ဆိုရင်တောင် မဟာဗျူဟာအရ သူတို့အတွက်ကတော့ ဘာမှတိုးပြီးတော့ အကျိုးမရှိနိုင်တော့ပါဘူး။ အဲ့ဒီဘုရားကုန်းအနေနဲ့ကလည်း ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေ၊ မဟာမိတ်တော်လှန်ရေးအင်အားစုတွေက မလိုချင်လို့ပေးမှပဲ သူတို့ပြန်ရရှိတော့မဲ့သဘော ရှိတယ်လို့လည်း ဖြည့်စွက်ပြီးတော့ ပြောချင်ပါတယ်။”
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ ရက်က KNLA ပူးပေါင်းမဟာမိတ်တပ် ကျားဖြူစစ်ကြောင်း ထိန်းချုပ်ထားတဲ့ ကော့ကရိတ် ဒေါနတောင် လမ်းဟောင်းနေရာမှာလည်း စစ်တပ်ရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ ၃၅၀ တပ်ရင်းက တပ်ထောက်ဗိုလ်ကြီး ရဲမင်းထွန်း ကို ဖမ်းဆီးရမိထားတယ်လို့ Justice soldier PDF အဖွဲ့က ရဲဘော်ကိုဇွဲ က ပြောပါတယ်။
“ကျွန်တော်တို့ ဖမ်းမိတဲ့ ဗိုလ်ကြီးကိုတော့ ကျွန်တော်တို့က ဒီစစ်သုံ့ပန်းဥပဒေအရ ကျွန်တော်တို့ ထိန်းသိမ်းထားပြီးတော့မှ တောင်ပိုင်းတိုင်း စစ်ဒေသကွပ်ကဲရေး သုံ့ပန်းထိန်းသိမ်းတဲ့နေရာကို ကျွန်တော်တို့ ပို့မှာ ဖြစ်ပါတယ်ပေါ့နော်။ “

အခု ဩဂုတ်လ ၃၀ ရက်နေ့အထိ မြဝတီမြို့၊ အာရှလမ်းသစ်၊ ကော့ကရိတ်၊ တောင်ကြာအင်း၊ကျုံဒိုး၊ ကြာအင်း ဆိပ်ကြီး၊ ဘုရားသုံးဆူ ဒေသအတွင်းမှာ စစ်တပ်စစ်ကြောင်း တပ်စွဲထားတဲ့နေရာတွေနဲ့ စစ်တပ်တပ်ရင်းနေရာတွေကို KNLA ပူးပေါင်းမဟာမိတ်တပ်တွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ ပြောက်ကျားတိုက်ခိုက်တာ၊ ဒေသတွင်း လမ်းပိုင်းတွေမှာ လုံခြုံရေးစစ်ဆေးနေပါတယ်။
စစ်တပ်ဘက်ကလည်း လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်တိုက်ခိုက်နေတယ်လို့ KNLA ပူးပေါင်းအဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။