မြဝတီမြို့ လောင်းကစားလုပ်ငန်းက တရုတ်နိုင်ငံသားတွေ နေရာရွှေ့ပြောင်း
2024.05.23

ကရင်ပြည်နယ်၊ မြဝတီမြို့ သောင်ရင်းမြစ်ဘေးက ငွေလိမ်ဂိုဏ်းနဲ့ ကာစီနိုလောင်းကစားရုံလုပ်ငန်း လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသားတွေဟာ ထိုင်း-မြန်မာနယ်စပ် ဆန်ခလဘူရီ၊ ဘုရားသုံးဆူမြို့ဘက် ပြောင်းရွှေ့လာနေပါတယ်။
လူ ခြောက်ထောင်လောက် ပြောင်းရွှေ့လာတယ်လို့ ဘုရားသုံးဆူမြို့က လုံခြုံရေးအရ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။
"တရုတ်တွေ တော်တော်များတယ်တဲ့။ အခုဆိုရင် ဘုရားသုံးဆူမှာ တည်းခိုခန်းတွေ ရှိတာ အဲ့ဒါကို လပြတ်နဲ့တောင် ငှားလိုက်တယ်တဲ့။ သူတို့ တည်းခိုခန်းမှာပဲ အပြီးတည်းတယ်ပေါ့နော်"
မြဝတီဘက်မှာ နယ်ခြားစောင့်တပ် (BGF) က နိုင်ငံခြားသားတွေကို ငါးလအတွင်း ထွက်ခွာဖို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။ အဲဒီနောက်ပိုင်း BGF နဲ့ ဘုရားသုံးဆူအခြေစိုက် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) တပ်ဖွဲ့တွေ ချိတ်ဆက်ပြီး တရုတ်နိုင်ငံသားတွေကို နေရာပြောင်းရွှေ့ပေးနေတာလို့ ဘုရားသုံးဆူမြို့ခံတွေက ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ မြန်မာနိုင်ငံဘက်ခြမ်း အမှတ် ၄ ရပ်ကွက်၊ မျိုးချစ်ဂိတ်၊ ဓမ္မဂီရိတောင်၊ တိုင်တစ်ရာ ဘုန်းကြီးကျောင်း စတဲ့နေရာတွေမှာရှိတဲ့ BGF နဲ့ DKBA တပ်ဖွဲ့ဝင်တွေရဲ့ အိမ်ခြံမြေတွေနဲ့ တခြားဒေသခံတွေရဲ့ အိမ်တွေမှာ ငှားနေကြတယ်လို့ ဘုရားသုံးဆူမြို့ခံအမျိုးသမီးက ပြောပြပါတယ်။
"ဓမ္မဂီရိတောင်ခြေရင်းပေါ့။ မျိုးချစ်ဂိတ်အပေါ်ဘက် အတက်မှာ အများကြီးပဲ။ ဓမ္မဂီရိ အောက်ကနေ ဒီ တိုင်တစ်ရ အရှေ့ဘက်တစ်ကြောအကုန်လုံးက ကာစီနိုသက်သက်၊ ဟိုတုန်းက ရိုးရိုးအိမ်တွေ နေရာမှာတောင် ကာစီနိုရုံတွေ ဖြစ်ကုန်ပြီ"
BGF တပ်ဖွဲ့တွေဟာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကော့ကရိတ်လို ဒေသတွေကို ရှောင်ပြီး ဘားအံ၊ မော်လမြိုင်၊ မုဒုံ၊ အဘစ်ရွာ ဘုရားသုံးဆူလမ်းပိုင်းကနေ ဘုရားသုံးဆူကို ခေါ်လာတာဖြစ်ပါတယ်။ သူတို့လည်း ဘုရားသုံးဆူကို ရောက်လာပြီးနောက် အိမ်ခြံမြေဈေးတွေလည်း ငှားရမ်းခ ဘတ်ငွေတစ်လကို သုံးသောင်းလောက်အထိ ဖြစ်လာတယ်လို့ ဒေသခံတစ်ဦးကလည်းပြောပါတယ်။
အခုပြောင်းရွှေ့ကြတဲ့ တရုတ်နိုင်ငံသားတွေဟာ မြဝတီမြို့တွင်းနဲ့ သောင်ရင်းမြစ်နံဘေးက ကာစီနိုထောင်ထားတဲ့သူတွေ ဖြစ်ပြီး ရွှေကုက္ကိုမြို့သစ်ဘက်က ကျားဖျန့်လုပ်ငန်းတွေကတော့ အပြောင်းအရွှေ့မရှိဘဲ ဆက်လုပ်နေတုန်းပဲလို့ ရွှေကုက္ကိုကျားဖျန့်လုပ်ငန်းက မြန်မာအလုပ်သမားတစ်ဦးက ပြောပါတယ်။
"ရွှေကုက္ကိုမှာ အလုပ်လာလုပ်တဲ့ မြန်မာလုပ်သားတွေကိုတော့ အခုထိရွှေ့ခိုင်းတာမျိုးတော့ မရှိသေးဘူး။ BGF ကတော့ မြို့ဝင်မှာ ငါးလ ဆိုင်းဘုတ်တော့ ထောင်ထားတယ်။ ငါးလ ဆိုင်းဘုတ်ထောင်ထားပေမဲ့ တချို့ တရုတ်အလုပ်သမားတွေကတော့ အလုပ်လုပ်ခိုင်းနေတုန်းပဲ။ တချို့အလုပ်တွေကလည်း လူခေါ်နေတုန်းပဲ။ အလုပ်သမားတွေကတော့ နေရာရွှေ့ပြောင်းတာ မရှိသေးပါဘူး"
ဒါ့အပြင် ရွှေကုက္ကိုမြို့သစ်က ကျားဖျန့်ငွေလိမ်လုပ်ငန်းနဲ့ ကာစီနိုလုပ်ငန်းတွေမှာ အလုပ်သမားအသစ် ဆက်လက်ခေါ်ယူခန့်ထားတာတွေရှိနေပြီး လောင်းကစားရုံတွေ၊ အထပ်မြင့်အဆောက်အဦတွေလည်း ဆက်ပြီး ဆောက်လုပ်နေတုန်းပဲလို့ မြန်မာဝန်ထမ်း က ပြောပါတယ်။
ဒါတွေနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ ကရင်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီး မင်းကျော်သူနဲ့ မြဝတီမြို့ BGF စည်းကမ်းထိန်းသိမ်းရေးတာဝန်ရှိသူ ဗိုလ်မှူး နိုင်မောင်ဇော်တို့ဆီ ဆက်သွယ်ပေမဲ့ ဖုန်းလက်ခံဖြေဆိုခြင်းမရှိပါဘူး။