နှစ်နှစ်ကျော်အတွင်း ကလေး ငါးရာနီးပါး သေဆုံးမှု စစ်ရာဇဝတ်မှုမြောက်

RFA Burmese
2023.10.05
နှစ်နှစ်ကျော်အတွင်း ကလေး ငါးရာနီးပါး သေဆုံးမှု စစ်ရာဇဝတ်မှုမြောက် ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ် ရွှေရောင်ပြရွာအနီးတွင် ၂ဝ၂၂ ခုနှစ် မတ်လ ၂၉ ရက်နေ့က လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့သည့် မောင်ညီညီဇော်ထက်နှင့် မောင်ကြယ်စင်မင်းတို့အား တွေ့ရစဉ်။
Citizen Journalist

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အသက် ၁၈ နှစ်အောက် ကလေး ၄၉၁ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေး ဝန်ကြီးဌာနက အောက်တိုဘာ ၄ ရက် မနေ့က သတင်းစာရှင်းလင်းပွဲအတွင်း ပြောပါတယ်။

ဒီကလေးငယ်တွေဟာ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု၊ ကျေးရွာတွေကို ဝင်ရောက်စီးနင်းမှုတွေကြောင့် သေဆုံးခဲ့တာလို့ ဆိုပါတယ်။

"စစ်တပ်ရဲ့ လုပ်ရပ်တွေဟာ လူငယ်တွေကို ဖျက်ဆီးတာတင် မဟုတ်ဘူး၊ နောင်အနာဂတ် ကလေးငယ်တွေကိုပါ စိတ်ဒဏ်ရာရအောင် လုပ်လိုက်တယ်"

သာမန်အချိန်မှာ ပြုစုပျိုးထောင်ပေးရမယ့် ကလေးငယ်တွေကို စစ်ပွဲကာလမှာ မထိခိုက်အောင် ကာကွယ်ပေးရမယ့်အစား ပစ်ခတ်သတ်ဖြတ်နေတာက စစ်ရာဇဝတ်မှုမြောက်တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြောင့် နိုင်ငံတစ်ဝန်းမှာ စာသင်ကျောင်း ၁၁၉ ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။

အသက်မသေ ကျန်ရစ်တဲ့ ကလေးငယ်တွေဟာလည်း စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုနဲ့ လက်နက်ကြီးရန်ကို ကြောက်လန့်ပြီး စာသင်နေကြရတယ်လို့ NUG ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီး နော်စူဇန်နာလှလှစိုး က ပြောပါတယ်။

“စစ်ဖြစ်ပွားတဲ့ နေရာတွေမှာပေါ့၊ ကလေးတွေဟာ စာသင်နေရမယ့်အစား ကြောက်ရွံ့နေရတယ်။ ဒီလေကြောင်းတိုက်ခိုက်မှုကိုကြောက်လို့ အမိုးပေါ် တစ်ချိန်လုံး ကြည့်ပြီးတော့ စာသင်နေရတယ်။ ဒီရုရှားက သမ္မတ ပူတင်ဟာဆိုရင် ယူကရိန်းက ကလေးတွေကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားပြီးတော့ ကလေးစစ်သားအနေနဲ့ အသုံးပြုတာ အဲဒါတွေကြောင့် သမ္မတပူတင်ဟာဆိုရင် ICC ကို ပို့ဖို့အတွက် အမိန့် ချမှတ်ခံရတယ်။ အဲလိုပဲ စစ်ကောင်စီ ခေါင်းဆောင်နဲ့တကွ သူရဲ့ အပေါင်းအပါတွေ ကလည်းပဲ မြန်မာနိုင်ငံမှာရှိတဲ့ ကလေးတွေကို အဲလို လူမဆန်စွာ သတ်ဖြတ်ဖမ်းဆီးတဲ့ အတွက်ကြောင့် ဒီလိုပဲ အပြစ်ပေး အရေးယူခံသင့်တယ်လို့ ယုံကြည့်ပါတယ်“

NUG က ပြုစုထားတဲ့ စာရင်းတွေအရ စစ်ကောင်စီဟာ အာဏာသိမ်း နှစ်နှစ်ခွဲကျော် အတွင်း လေကြောင်းနဲ့ ဖျက်အားပြင်း လက်နက်တွေသုံးပြီး အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုပေါင်း အကြိမ် ၂၃၅၁ ကြိမ် လုပ်ခဲ့တယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇ ရက်နေ့က ဝန်းသိုမြို့နယ် ဂျိုးတောင်ရွာက စာသင်ကျောင်း ပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ကလေး ၂၁ ဦးနဲ့ ဆရာမ တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ တိုက်ပွဲဖြစ်တာ မရှိဘဲ ဖျက်အားပြင်း ဟောင်ဝစ်ဇာ (Howitzer) လက်နက်ကြီးနဲ့ သုံးကြိမ် ပစ်ခတ်ခဲ့ပြီး ကလေးတွေ စာသင်နေတဲ့ ကျောင်းဆောင်အနီး ကျရောက်ပေါက်ကွဲခဲ့တာပါ။

၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာက စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ကလေး ခုနစ်ဦး အပါဝင် စုစုပေါင်း လူ ၁၃ ဦး သေဆုံးခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုတွေကို ဘယ်လိုမှ မတားဆီးနိုင်ဘဲ ဒီတိုင်းလက်ပိုက်ကြည့်နေရတယ်လို့ အဲဒီနေ့တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူ အသက် ခုနစ်နှစ်အရွယ် မဆုရတီဦးရဲ့ အဘိုးဖြစ်သူက ပြောပါတယ်။

“မိဘတစ်ယောက်ရဲ့ နေရာကတော့ ကိုယ့်သားသမီး လွမ်းဆွေးတမ်းတတာပေါ့။ ကျန်တာတော့ ကိုယ်တတ်နိုင်တဲ့ အင်အားမဟုတ်တော့ ဒီအတိုင်း ကြည့်နေရတာ။ မျှော်လင့်ချက်တွေက အများကြီး မဲ့သွားတာပေါ့။ ကိုယ့်သားသမီးအပေါ်မှာ ကိုယ်မျှော်လင့်ထားတာ နည်းတာမှ မဟုတ်တာ”

အဲဒီတိုက်ခိုက်မှုကြောင့် အသက်ဆုံးခဲ့ရတဲ့ အသက် ခုနစ်နှစ်အရွယ် မောင်ဘုန်းတေဇရဲ့ မိခင်ကတော့ စာတော်တဲ့ သားလေးကို ဒီနေ့အထိ မမေ့နိုင်ဘဲ ကြေကွဲနေဆဲပါပဲ။

“ဖြစ်ပျက်သွားတာတွေလည်း ကိုယ်က မြင်လိုက်ရတာဆိုတော့ မျက်စိထဲက ထုတ်လို့မရဘူး။ ကလေးတွေ မြင်တိုင်းလည်း အမြဲတမ်း သတိရတယ်၊ ဘယ်တော့မှ မေ့တဲ့အခါရယ်လို့ မရှိဘူး။ ကြာလာလေ ပိုလွမ်းလေ၊ ပြန်ခေါ်လို့ မရလို့သာ၊ တစ်ခါတစ်ခါများ ဟစ်တောင်ခေါ်လိုက်ချင်တယ်..ငါ့သားရေလို့ ဟစ်တောင် ခေါ်လိုက်ချင်တယ်။ အခုဆိုရင် ဆုပေးပွဲတွေဘာတွေလုပ်ရင် ငါ့သားက ဉာဏ်ကောင်းတယ် စာလိုချင်တယ်၊ ဪ..ငါ့သားလေး ရှိရင်လည်း သူများတွေလို အဆင့် (၁) ရချင်ရမှာဆိုတဲ့စိတ် အမြဲတမ်း အောက်မေ့တယ်။ သူများတွေဆုရရင် ငါ့သားလေးရှိရင် ဆုရမှာ၊ ကျွန်မသမီးကလည်း သူငယ်တန်းကနေ အခုချိန်ထိ ပထမတွေပဲရတာ။ ကျွန်မ သားသမီးတွေက နှစ်ယောက်လုံး ဉာဏ်ကောင်းတယ်၊ ပညာတော်တယ်။ ကျွန်မသမီးလိုပဲ ငါ့သားရှိရင် ပထမရမှာပဲလို့ စိတ်ထဲမှာ အောက်မေ့မိတယ်။ ရင်ထဲကို ခံစားရတယ် ပြောမပြတတ်အောင်ကို ခံစားရတယ်“

ဒီပြစ်မှုတွေအတွက် ကျူးလွန်သူတွေကို နိုင်ငံတကာကနေ အမြန်ဆုံး အရေးယူပေး စေချင်တယ်လို့ သူက ဆိုပါတယ်။

၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့ကလည်း ကန့်ဘလူမြို့နယ် ပဇီကြီးရွာက လူစုလူဝေးကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၈ နှစ်အောက် ကလေး ၁၉ ဦး အပါဝင် စုစုပေါင်း လူ ၁၆၅ ဦး သေဆုံးခဲ့ပါတယ်။

အသက်သေဆုံးခဲ့တဲ့ ကလေးမိဘ ခုနစ်ဦးကို ဆက်သွယ်မေးမြန်းတဲ့အခါ သူတို့ ကလေးတွေ ကြုံခဲ့ရတဲ့ အဖြစ်ဆိုးကြီးကို ဒီနေ့အထိ ပြန်မပြောပြနိုင်လောက်အောင် စိတ်ထိခိုက် ကြေကွဲနေဆဲလို့ RFA ကို ပြောပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကယားနဲ့ ကရင်ပြည်နယ်က ကလေးငယ် တွေဟာ အခုချိန်မှာ လေကြောင်းရန်နဲ့ လက်နက်ကြီး ရန်ကနေ ကင်းလွတ်နိုင်မယ့် ဗုံးခိုကျင်းတွေတူးပြီး စာသင်နေကြရပါတယ်။

ဖယ်ခုံမြို့နယ် လအိကျေးရွာအနီးတွင် စစ်တိုက်လေယာဉ်တစ်စီး ပျံဝဲနေသည့်အတွက် ပုန်းရှောင်နေသည့် ကလေးတချို့ အား  ၂၀၂၃ ဇန်နဝါရီလ ၁၀ ရက်နေ့က  တွေ့ရစဉ်။ (Photo: Union of Karenni State Youth)
ဖယ်ခုံမြို့နယ် လအိကျေးရွာအနီးတွင် စစ်တိုက်လေယာဉ်တစ်စီး ပျံဝဲနေသည့်အတွက် ပုန်းရှောင်နေသည့် ကလေးတချို့ အား ၂၀၂၃ ဇန်နဝါရီလ ၁၀ ရက်နေ့က တွေ့ရစဉ်။ (Photo: Union of Karenni State Youth)

စစ်ပွဲတွေကြား ရှင်သန်နေထိုင်ရတဲ့ ကလေးငယ်တွေဟာ ဘဝတစ်လျှောက်လုံး စိတ်ဒဏ်ရာတွေနဲ့ ကြီးပြင်းရမှာမို့ ဒါက တိုင်းပြည်ရဲ့ အနာဂတ်တစ်ခုလုံး ဖျက်ဆီးခံရတာလို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကွန်ရက် (BHRN) ညွှန်ကြားရေးမှူး ဦးကျော်ဝင်း က ပြောပါတယ်။

“ကလေးတစ်ယောက်ရဲ့ ဘဝ၊ ကလေးတစ်ယောက်လို နေလို့မရတဲ့ အနေထားတွေ အများကြီး ဖြစ်သွားပြီ။ ဒီကလေးတွေ လေကြောင်းနဲ့ ဗုံးကြဲတယ်၊ မိဘတွေ သတ်ဖြတ်ခံရတယ်၊ သူတို့ရွာတွေ မီးရှို့ခံရတယ်၊ သူတို့ လူနေမှုဘဝတွေ ပြောင်းလဲ သွားတယ်။ သူတို့ ဆော့ချင်တိုင်း ဆော့လို့မရတော့ဘူး၊ ဗုံးခိုကျင်းထဲမှာ ပုန်းနေရတယ်၊ ဘာအသံလည်း မသိဘူး ကြားနေရတယ်။ အဲလိုမျိုးလေးတွေ သူတို့ရဲ့ စိတ်ဒဏ်ရာက တော်တော်ကြောက်စရာကောင်းတယ်။ ဒီကလေးတွေက သူတို့ရဲ့ စိတ်ဒဏ်ရာကို မပြောတတ်ဘူး၊ နားမလည်ဘူး၊ ဒါပေမဲ့ သူတို့ရဲ့ ဘဝတစ်ခုလုံး ဒါကြီးကို ခံစားရတော့မယ်။ စစ်တပ်ရဲ့ လုပ်ရပ်တွေဟာ လူငယ်တွေကို ဖျက်ဆီးတာတင် မဟုတ်ဘူး၊ နောင်အနာဂတ် ကလေးငယ်တွေကိုပါ စိတ်ဒဏ်ရာရအောင် လုပ်လိုက်တယ်။ ဒါတွေက ကျွန်တော်တို့ တိုင်းပြည်အတွက် တော်တော်လေး ကြောက်စရာကောင်းတဲ့ ဆိုးဝါးတဲ့ရလဒ်တွေ ဖြစ်မှာပေါ့“

စစ်ကောင်စီရဲ့ လုပ်ရပ်တွေက စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်တာကြောင့် နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကို လွှဲပြောင်းပေးဖို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တိုက်တွန်းထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာ ၄ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် နှစ်နှစ်ခွဲကျော်အတွင်း ကလေးငယ်တွေ အပါအဝင် နိုင်ငံတစ်ဝန်း အသက်ဆုံးခဲ့သူ ၄,၁၄၁ ဦး ရှိနေပါပြီ။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။