တိုက်ပွဲတွေကြောင့် ပလက်ဝဒေသ ကလေးတွေ ပညာရေး ပိုခက်ခဲလာ
ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ နယ်မြေချင်း ထိစပ်နေတဲ့ ချင်းပြည်နယ် တောင်ဘက်စွန်းက ပလက်ဝမြို့နယ်မှာ နယ်မြေ မငြိမ်းချမ်းတာနဲ့ ဆရာ၊ ဆရာမတွေ မလုံလောက်တာကြောင့် ကလေးတွေ ပညာသင်ကြားရေးအတွက် အတော်ခက်ခဲနေတယ်လို့ ဒေသခံ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားမိဘတွေက ပြောပါတယ်။
ပလက်ဝမြို့နယ်မှာ စာကျောင်းပေါင်း ၃၉၀ ရှိပြီး မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား သုံးသောင်းကျော် ရှိတယ်လို့ မြို့နယ်ပညာရေးမှူးရုံးရဲ့ စာရင်းက ဖော်ပြပါတယ်။ ဒါပေမဲ့ လက်ရှိ နိုင်ငံရေးအခြေအနေ၊ စစ်ကောင်စီတပ်နဲ့ ရက္ခိုင်တပ်တော် AA တို့အကြား စစ်ရေးအခြေအနေတွေကြောင့် စာသင်ကျောင်းအတော်များများ ပိတ်ထားရတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။
အခုနှစ် ဇူလိုင်လ ၂ ရက်နေ့တုန်းက ပလက်ဝမြို့နယ် ရီးမဝရွာကနေ တိုးမဝရွာ အလယ်တန်းကျောင်းကို စက်လှေနဲ့ ကျောင်းသွားတက်ရင်း စစ်ကောင်စီတပ်က ပစ်ခတ်လို့ အသက် ၁၂ အရွယ် ငါးတန်းကျောင်းသား နှစ်ဦး သေဆုံးခဲ့ပါတယ်။
အဲဒီအချိန်ကစလို့ ရှုမဝ၊ ရီးမဝ၊ တိုးမဝနဲ့ အနီးတစ်ဝိုက်မှာရှိတဲ့ ရွာတွေက စာသင်ကျောင်း တွေ မဖွင့်နိုင်တော့ဘူးလို့ ရှုမဝရွာသားတစ်ဦးက RFA ကို ပြောပါတယ်။
"ကျနော်တို့ရွာက ကျောင်းသားကတော့ ၈၀ ဝန်းကျင်လောက် ရှိတယ်။ ကျနော်တို့ရွာမှာ မူလတန်းကျောင်းပါဆရာ၊ ပထမတော့ဖွင့်တယ်။ နောက်တော့ ကလေးတွေကို လမ်းမှာ လက်နက်ကိုင်တွေက ပစ်ခတ်မှုရှိလို့လေ၊ နောက်ပိုင်း ကျနော်တို့ရွာနဲ့ ရီးမဝရွာက ကျောင်းမဖွင့်ကြတော့ဘူး။ ကျောင်းဆရာ၊ ဆရာမတွေလည်း မရှိတော့ဘူးလေ။ လာလည်း မလာရဲကြတော့ဘူး။ အဲဒါကြောင့် ကျောင်းကတော့ မဖွင့်နိုင်ဘူး။ ကျောင်း မတက်တဲ့ ရွာတွေကတော့ အခုလောလောဆယ် ရှုမဝရယ်၊ ရီးမဝရယ် နောက်ပြီး အောက်ပိုင်းက ကျောက်ဖျာတို့ ဘာတို့ပေါ့။ သိရသလောက်တော့ ရှုမဝနဲ့ ရီးမဝ ကတော့ ကျောင်းမဖွင့်နိုင်ဘူး။ ကျောင်းသွားတဲ့ အပြန်မှာပေါ့နော်။ သူတို့လှေကို ပစ်သွားလို့ ဆုံးသွားတာပါ"
မြန်မာနိုင်ငံရဲ့ အနောက်မြောက်ပိုင်း တောင်တန်းထူထပ်တဲ့ ချင်းပြည်နယ်ရဲ့ တောင်ဘက် စွန်းမှာ တည်ရှိပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ နယ်မြေချင်းထိစပ်နေတဲ့ ပလက်ဝမြို့နယ် ဟာ ပထဝီဝင်အနေအထားအရ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလွန်းတဲ့ဒေသ ဖြစ်ပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကိစ္စတွေမှာ ကုလားတန်မြစ်ကြောင်းတစ်လျှောက် ရေလမ်းခရီး တစ်ခုတည်းကိုသာ ခက်ခက်ခဲခဲ အသုံးပြု သွားလာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အစကတည်းက လမ်းပန်းဆက်သွယ်ရေး ခက်ခဲလို့ ဆရာ၊ ဆရာမ မလုံလောက်တဲ့ ပလက်ဝမြို့နယ်က စာသင်ကျောင်းတွေဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းနောက်ဆက်တွဲ CDM လှုပ်ရှားမှုတွေကြောင့် ကျောင်းတိုင်းမှာ ဆရာ၊ ဆရာမ မရှိသလောက် နည်းပါး သွားတယ်လို့ ဆိုပါတယ်။
တချို့ကျောင်းတွေဆိုရင် စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် AA တို့အကြား ဇူလိုင်လက စတင်ခဲ့တဲ့ တစ်ကျော့ပြန် တိုက်ပွဲတွေကြောင့် ဖွင့်ပြီးမှ ပြန်ပိတ်ထားရတယ်လို့ ပလက်ဝမြို့က ဒေသခံတစ်ဦးက ပြောပါတယ်။
"တချို့နေရာတွေမှာ ကျောင်းဆရာ၊ ဆရာမတွေက လုံလောက်မှု မရှိဘူး။ လုံလောက်မှု မရှိတာ များပါတယ်။ ကျောင်းတိုင်းမှာပါ။ ဝေးလံခေါင်ဖျားတဲ့ နေရာမှာဆိုရင်တော့ ကျောင်းဖွင့်ပြီးမှ ပိတ်လိုက်တာမျိုးလည်း ရှိပါတယ်။ အစိုးရစစ်တပ်နဲ့ AA တို့ တိုက်ပွဲတွေ ဖြစ်တယ်လေ။ အဲလိုနေရာ ဒေသဆိုရင်တော့ ပိတ်ရတာ များပါတယ်"
ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ပလက်ဝမြို့နယ် ပညာရေးမှူးရုံးကို RFA က ဆက်သွယ်မေးမြန်း တဲ့အခါ ပလက်ဝမြို့နယ်မှာ မဖွင့်နိုင်တဲ့ကျောင်း ၁၉ ကျောင်းပဲရှိပြီး ၃၇၁ ကျောင်းကို ပုံမှန်အတိုင်း ဖွင့်လှစ်ထားနိုင်တယ်လို့ ဒုတိယ မြို့နယ်ပညာရေးမှူး ဦးမင်းလှိုင်က ပြောပါတယ်။

ပလက်ဝမြို့နယ် နှမဒါကျေးရွာ အလယ်တန်းကျောင်းအုပ်ဆရာ ဦးကျော်သီကတော့ သူတို့ရွာမှာ တိုက်ပွဲတွေကြောင့် ရွာသားအတော်များများ တိမ်းရှောင်နေရပြီး ပုံမှန်အတိုင်း ကျောင်းမဖွင့်နိုင်ဘူးလို့ ဆိုပါတယ်။
ပညာသင်ချင်တဲ့ နှမဒါရွာက ကလေးတွေကို ပလက်မြို့ပေါ်က အထက (၁) နဲ့တွဲပြီး ခက်ခက်ခဲခဲ သင်ကြားပေးနေရတယ်လို့လည်း ဆရာ ဦးကျော်သီက ပြောပါတယ်။
"ကျောင်းအခြေအနေက ဆရာ၊ ဆရာမ အင်အားက မလုံလောက်တာတော့ အမှန်ပါပဲ။ ကျနော်ကျတဲ့ ကျောင်းမှာလည်း မူပြဆိုရင်တော့ တစ်ယောက်ပဲ ရှိတာလေ၊ ဆိုတော့ သင်ကြားမှုက လုံးဝထိရောက်မှု မရှိဘူး။ နောက် နယ်မှာလည်းပဲ နယ်မြေ မငြိမ်းချမ်း တာနဲ့ ဆရာ၊ဆရာမတွေကလည်း သွားနိုင်တဲ့သူက နည်းတယ်။ နောက် နယ်မှာလည်းပဲ ကျောင်းကတော့ မြို့နယ်မှူး ပြောတဲ့အရတော့ မဖွင့်နိုင်တဲ့ကျောင်းလည်း အများကြီး ရှိသေးတယ်။ အခု ကျနော် တာဝန်ကျတဲ့ နှမဒါမှာလည်း တိုက်ပွဲတွေဖြစ်နေတဲ့ အခါ ကျတော့ ရှောင်နေကြတာဆိုတော့ ဒီက အထက (၁) နဲ့ တွဲပြီး ဖွင့်ထားရတယ်"
ဒီအတွက် ဒေသခံတွေစုပေါင်းပြီး ကိုယ်ထူကိုယ်ထ ၆၅ ကျောင်း ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁ ရက်နေ့က စတင်ဖွင့်လှစ်လိုက်တယ်လို့ ပလက်ဝမြို့နယ် ပညာရေးဘုတ်အဖွဲ့က ပြောပါတယ်။
အာဏာသိမ်းပြီးတဲ့နောက် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက် ထွက်ပြေးသွားတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက်လည်း စစ်ဘေးဒုက္ခသည်စခန်း ကိုးခုမှာ ကိုယ်ထူကိုယ်ထ စာသင်ကျောင်း ကိုးကျောင်း ဖွင့်လှစ်ပေးထားတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဆရာ၊ ဆရာမ မလုံလောက်မှု၊ ပုံနှိပ်စာအုပ် အလွယ်တကူ ဝယ်လို့ မရမှု၊ ငွေကြေး မလုံလောက်မှု စတဲ့ အခက်အခဲမျိုးစုံကို ရင်ဆိုင်နေရတယ်လို့ ပလက်ဝမြို့နယ် ပညာရေး ဘုတ်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"ပုံနှိပ်စာအုပ်က ဘယ်လိုမှ မရနိုင်ဘူး။ ဗလာစာအုပ်တွေကလည်း သယ်ယူရေးကလည်း မတူပီ-မင်းတပ် ဘက်ကလည်း ပိတ်တယ်။ ဟိုဘက် ရခိုင်ပြည်နယ် ကျောက်တော်ဘက် ကလည်း လမ်းတွေအကုန်လုံး ပိတ်တဲ့အခါကျတော့ သယ်ယူစရိတ်တွေကလည်း တော်တော်လေး ကုန်ဈေးနှုန်းတွေ တက်တယ်။ ကျောင်းသားမိဘတွေကလည်း ဘာစီးပွားရေးမှ ရောင်းဖို့မရှိတဲ့အခါကျတော့ အဲလိုမျိုး ဒုက္ခတော့ ရောက်နေကြတယ်။ ရောက်နေကြပေမယ့် သူတို့ ကိုယ်ထူကိုယ်ထစနစ်နဲ့ ဖွင့်နေကြဆဲဖြစ်ပါတယ်။ ဖွင့်ကြတဲ့အထဲမှာ တစ်မြို့နယ်လုံးတော့ မဟုတ်သေးဘူး။ ကျနော်တို့ ပြည်တွင်းမှာ ၆၅ ကျောင်း ကိုယ်ပိုင်ပုံစံ၊ ကိုယ်ထူကိုယ်ထနဲ့ ဖွင့်ထားတယ်"
လက်ရှိ ပလက်ဝမြို့နယ်က ဖွင့်လှစ်ထားတဲ့ ကိုယ်ထူကိုယ်ထကျောင်းတွေမှာ ကျောင်းသား၊ ကျောင်းသူပေါင်း ၅,၃၃၉ ဦး စာသင်ကြားနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
"ပုံနှိပ်စာအုပ်က ဘယ်လိုမှ မရနိုင်ဘူး။ ဗလာစာအုပ်တွေကလည်း သယ်ယူရေးကလည်း မတူပီ-မင်းတပ်ဘက်ကလည်း ပိတ်တယ်"
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ မြို့ပေါ်ရပ်ကွက် သုံးခုနဲ့ ကျေးရွာအုပ်စုပေါင်း ၅၇ ခု ရှိပြီး လူဦးရေ ခြောက်သောင်းလေးထောင်ကျော် နေထိုင်ပါတယ်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို အရင်က မင်းတပ်-မတူပီ ကားလမ်းကတစ်ဆင့် သွားလာလို့ ရခဲ့ပေမယ့် အာဏာသိမ်းပြီးတဲ့နောက် ချင်းပြည်သူ့ကာကွယ်ရေးတပ် CDF တွေကို ထိန်းချုပ်လိုက်တာကြောင့် အဲဒီကားလမ်းကို စစ်တပ်က ပိတ်ပင်ထားပါတယ်။
အခုနှစ် ဇူလိုင်ကစလို့ ရက္ခိုင့်တပ်တော် AA နဲ့ တိုက်ပွဲတွေ ပြန်ဖြစ်လာချိန်မှာ ရခိုင်ပြည်နယ် ကျောက်တော်မြို့ကတစ်ဆင့် သွားလာလို့ရတဲ့ တစ်ခုတည်းသော ကုလားတန် မြစ်ကြောင်းလမ်းကိုလည်း စစ်ကောင်စီတပ်က ကန့်သတ်ထိန်းချုပ်တဲ့အတွက် ပလက်ဝမြို့နယ်ဟာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အစစအရာရာမှာ အခက်အခဲမျိုးစုံ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။