AA အဖွဲ့က ပြန်လွှတ်ပေးသူတွေကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ ခေါ်ယူစစ်ဆေးပြီး ပြန်လွှတ်

မင်းသိန်းအောင်
2019.11.06
21people-shwenadi-boat-622 အမှတ်(၃) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲရုံးမှာ စစ်ဆေးခံနေရသူတွေကို ဒေသခံ လွှတ်တော် ကိုယ်စားလှယ်နဲ့အတူ တွေ့ရစဉ်
Photo: MP U Tun Aung Thein

AA အဖွဲ့က ပြန်လွှတ်ပေးလိုက်ပြီးနောက် ဘူးသီးတောင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှာ စစ်ဆေးခံနေရသူအားလုံး ဒီနေ့ညနေ ၆ နာရီခွဲမှာ ပြန်လွတ်လာကြပြီလို့ မိသားစုဝင်တွေက ပြောပါတယ်။

စစ်တွေမြို့ကနေ ဘူးသီးတောင်မြို့နယ်ကိုသွားတဲ့ ရွှေနဒီ အမြန်ရေယာဉ်ပေါ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့သူတွေအထဲက ၂၅ ဦးကို အေအေ အဖွဲ့က မနေ့ကပြန်လွှတ်ပေးခဲ့တာပါ။

အဲဒီအထဲက လူ ၂၁ ဦးကို ဘူးသီးတောင်မြို့ အမှတ်(၃) နယ်ခြားစောင့် ရဲတပ်ဖွဲ့ရုံးမှာ ခေါ်ယူစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

စစ်ဆေးခံနေရသူတွေထဲက အသက် ၃၂ နှစ်အရွယ် ကျောင်းဆရာတစ်ဦးဖြစ်တဲ့ ဦးထွန်းရွှေဟာ ကျန်းမာရေး ချို့ယွင်းလာတဲ့အတွက် ဒီနေ့ နေ့လယ် ၁၂ နာရီလောက်မှာ ဘူးသီးတောင် ဆေးရုံကို တင်လိုက်ရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဆေးရုံတင်လိုက်ရတဲ့ ကျောင်းဆရာ ဦးထွန်းရွှေရဲ့ အစ်မဖြစ်သူ ဒေါ်နီလာသိန်းက အခုလိုပြောပါတယ်။

“ကြောက်တာလည်းပါမှာပေါ့။ မစားနိုင် မအိပ်နိုင်နဲ့လေ။ မနက်က ဖုန်းဆက်လာတယ် အိပ်လို့လည်း မရဘူး၊ စားလို့လည်းမရဘူးလို့ပြောပြီး ငိုပါတယ်။ ကျွန်မတို့ကလည်း အကူအညီတောင်းပြီးတော့ တပ်ကဆေးရုံကို လာပြပေးပါတယ်။ အားဆေးတွေ ဘာတွေသွင်းရမယ်လို့ပြောပါတယ်။ အိပ်ဆေးတွေ၊ စိတ်ငြိမ်ဆေးတွေ ပေးရမယ်၊ ဆေးရုံတင်ရမယ်လို့ပြောလို့ အခုဆေးရုံကို တင်ထားရပါတယ်”

အခုလက်ရှိမှာတော့ ဆေးကုသမှုတွေကို ဆက်လက်လုပ်ဆောင်နေရဆဲဖြစ်တယ်လို့ ဒေါ်နီလာသိန်းက ပြောပါ တယ်။

ထိန်းသိမ်းစစ်ဆေးခံနေရသူတွေရဲ့ မိသားစုဝင်တွေက ပြန်လွတ်လာဖို့အရေးကို ဂိတ်ဝအနီးကနေ စောင့်မျှော် နေပေမယ့် ဒီနေ့ညနေပိုင်းအထိ ပြန်လွတ်မလာသေးတာကြောင့် စိုးရိမ်ပူပန်မှုတွေ ရှိနေကြပါတယ်။

ထိန်းသိမ်းစစ်ဆေးခံနေရတဲ့ ဦးမောင်မြင့်နိုင်ရဲ့ မိသားစုဝင်တစ်ဦးဖြစ်သူ ဒေါ်စိန်လှဖြူက -

“ကျွန်မတို့ကတော့ စိုးရိမ်တာပေါ့။ ဟိုမှာလည်း ခေါ်သွားခံရချိန်မှာ စားမဝင် အိပ်မပျော်တာတွေလည်း ရှိခဲ့တယ်။ ကျွန်မ မတ်လေးဆိုရင် ကျန်းမာရေးမကောင်းလို့ ဆေးတွေသောက်နေရတာ။ ဒီရောက်ရင်လည်း မိသားစုနဲ့တွေ့ခွင့်မရဆိုတော့ ကျွန်မတို့က စိုးရိမ်ကြောင့်ကြတာပေါ့။ သူတို့စစ်ဆေးမှုပြီးအောင် ကျွန်မတို့ဘယ်အချိန်အထိ စောင့်နေရမလဲဆိုတာလည်းမသိဘူးလေ။ သူတို့စစ်ဆေးပြီးမှပဲ လွတ်မယ်ဆိုတော့ ကြာလည်းကြာသွားပြီ။ မနေ့ကပင် အခုထိ မိသားစုနဲ့ တွေ့ခွင့်မရသေးဘူး ဖြစ်နေပါတယ်”

စစ်ဆေးခံနေရသူတွေနဲ့အတူရှိနေတဲ့ ဘူးသီးတောင်မြို့နယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက -

“မနေ့ကစစ်တဲ့အချက်အလက်တွေနဲ့ ကွဲလွဲနေတဲ့ သက်သေခံ ခုနစ်ယောက်ရှိတယ်လို့ ပြောတယ်။ အဲဒီခုနစ်ယောက်ကို စစ်ဆေးတယ်။ အဲဒီဟာပြီးရင် သူတို့ကို ပြန်လွှတ်ပေးမယ်လို့ အဲလိုပဲပြောတယ်။ အခုစစ်တာက ၁၉ ယောက်ရှိတယ်။ နှစ်ယောက်ကတော့ သူတို့သီးခြားယူသွားတယ်။ ဘယ်ကို ယူသွားတယ် ဆိုတာမသိဘူး။ သူတို့ဒီမှာမရှိဘူး။ ဒီမှာသတင်းတွေထွက်နေတာက အဲဒီနှစ်ယောက်က ရဲတပ်ဖွဲ့ကလို့ ပြောနေကြတယ်။ အဲဒါကြောင့် သူတို့ကိုခေါ်သွားတာ။ ဒီမှာစစ်တာက မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကပါတယ်။ ပြီးရင် မောင်တော သတင်းတပ်ဖွဲ့ကပါတယ်။ ဒီမနက်က စစ်ဗျူဟာကလည်း လာစစ်သွားတယ်။ ပြီးရင် အမှတ်(၃)နယ်ခြားစောင့်ကလည်းစစ်တယ်”

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်နေ့က ရွှေနဒီ အမြန်ရေယာဉ်ပေါ်က တပ်မတော်သား၊ ရဲတပ်ဖွဲ့၊ အစိုးရ ဝန်ထမ်းတွေ အပါအဝင် လူ ၁၅၀ ကျော်ကို အေအေအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတာနဲ့ ပတ်သက်လို့ ရွှေနဒီ အမြန်ရေယာဉ်ပိုင်ရှင်နဲ့ ဝန်ထမ်းခု နစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့က ထိန်းသိမ်းစစ်ဆေးနေတာဖြစ်ပါတယ်။

ဒီအမှုနဲ့ဆက်စပ်ပြီး မနေ့က အေအေအဖွဲ့ကပြန်လွှတ်ပေးလိုက်သူတွေကို သက်သေတွေအဖြစ်နဲ့ ခေါ်ယူစစ်ဆေးတာလို့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကျော်ဇံကပြောပါတယ်။

အလားတူ မနေ့က ပြန်လည်လွတ်မြောက်လာတဲ့ ရသေ့တောင်ဒေသခံ ဦးကျော်ဌေးကိုလည်း ဒီနေ့ နေ့လယ်က စစ်တွေမြို့ အမှတ်(၁)ရဲစခန်းမှာ ထိန်းသိမ်းစစ်ဆေးနေပါတယ်။

ဒီနေ့ မနက်က ဦးကျော်ဌေးနဲ့အတူရှိနေခဲ့တဲ့ စစ်တွေမြို့နယ် ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဦးအောင်သန်းဝေ ပြောပြတာက -

“ရဲတပ်ဖွဲ့က စစ်ဆေးစရာရှိတယ်ဆိုပြီးတော့မှ ဒီနေ့မနက်က မလိခရေယာဉ်နဲ့ ပါလာတယ်ခင်ဗျ။ ရဲတပ်ဖွဲ့က လုံခြုံရေးတွေနဲ့ပါလာတာ။ အခုလည်း အမှတ်(၁)မြို့မရဲစခန်းမှာ စစ်ဆေးမယ်ဆိုပြီးတော့ စခန်းမှူးပြောပြချက်အရ သိရတယ်ဗျ”

အေအေအဖွဲ့က ပြန်လွှတ်ပေးလိုက်သူတွေကို စစ်ဆေးနေတာတွေနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့တာဝန်ရှိသူကို RFA ကဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ အခုလိုပြောပါတယ်။

“ဒါကတော့ ပုံမှန်လုပ်ရိုးလုပ်စဉ်ပါပဲ။ ပြန်လာရင်တော့ သိသင့် သိထိုက်တဲ့အချက်အလက်တွေကို သိချင်လို့မေးတာပါပဲ။ ပြန်လွှတ်မှာပေါ့ဗျာ။ ဘာလို့တရားစွဲမှာလဲ။ မစွဲပါဘူး။ သူတို့ကိုမှ အမှုမလုပ်တာကို ဘာလို့စွဲရမှာလဲ”


ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကနေ အခုအချိန်အထိ အရပ်သား သေဆုံးမှု ၉၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရမှုက လူ ၁၃၀ ကျော်အထိ ရှိနေပြီလို့ ဒေသခံတွေကပြောဆိုကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။