ပရဟိတ အမှောင်ခေတ်

ဂျူလိုင်မျိုး(ဝါရှင်တန်ဒီစီ)
2021.05.11

မြန်မာနိုင်ငံအတွင်း လူမှုကူညီရေး စေတနာ့ဝန်ထမ်းလုပ်ကိုင်နေကြတဲ့အဖွဲ့အစည်းတွေဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လွတ်လွတ်လပ်လပ်ကူညီခွင့်တွေ မရတော့ဘဲ တရားမဝင် မြေအောက်အဖွဲ့အစည်းတွေလို လှုပ်ရှားနေကြရပါတယ်။ စားဝတ်နေရေးခက်ခဲလာသူတွေကို ကူညီကြတဲ့သူတွေလည်း ဖမ်းဝရမ်း ထုတ်ခံရတာ၊ ကူညီမှုတွေ လုပ်ခွင့်မပေးတာတွေ ကြုံနေရပါတယ်။

ဖေဖော်ဝါရီလ၁ရက် စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီလက်အောက်မှာ အလုပ်မလုပ်ဘူးဆိုပြီး အာဏာဖီဆန်ရေး CDM လှုပ်ရှားမှု လုပ်နေသူတွေ၊ စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေ၊ ဖမ်းဝရမ်းထုတ်လို့ တိမ်းရှောင်နေရသူတွေ၊ အလုပ်အကိုင်ရှားပါးလာလို့ စားဝတ်နေရေး အခက်အခဲရှိတဲ့သူတွေ စတဲ့ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ နေထိုင်စရာလိုအပ်ချက်တွေ အများအပြားရှိလာပါတယ်။ အကူအညီလိုအပ်တဲ့သူတွေ အာဏာသိမ်းပြီးနောက်ပိုင်း သိသိသာသာများလာတဲ့အကြောင်း ပရဟိတကူညီရေးလုပ်နေတဲ့ ဆရာဝန်တဦးက ရှင်းပြပါတယ်။

"အဓိကကတော့ စစ်ဘေးရှောင်ပြည်သူတွေကို ကချင်၊ ကရင်၊ တစ်ချို့သောဒေသတွေမှာ နယ်စပ်ဒေသကို မဟုတ်ဘဲနဲ့ ကိုယ့်ရပ်ရွာထဲမှာပဲ နေရပ်ရှောင်ခွာပြီး ပုန်းနေရတဲ့သူတွေအတွက်ကို အဓိကအားဖြင့် စားနပ်ရိက္ခာ၊ ဆေးဝါး၊ လိုအပ်တဲ့ ကျန်းမာရေးအထောက်အကူပြုပစ္စည်းတွေ ဒါတွေကို လှူဒါန်းမှုတွေ ပြုလုပ်နေတယ်။ ပြည်တွင်းကလည်း အလှူရှင်အဖွဲ့တွေ ပြည်ပကလည်း အလှူရှင်တွေနဲ့ အတူတူ ပူးပေါင်းပြီး လုပ်ဆောင်တယ်၊ ဒီအခြေအနေသည် နေရာတော်တော်များများမှာ ဖြစ်တယ် ကူညီရမယ့်သူတွေက များတယ်။ ဒီတစ်နေရာပြီးသွားရင် နောက်တစ်နေရာ နောက်တစ်နေရာဆိုပြီးဖြစ်တယ်"

အခုကာလမှာ စတုဒိသာ ကျွေးမွေးတာတွေ၊ ဆာသူဝင်စားဆိုတဲ့အလှူတွေ၊ ပိုရင်လှူ လိုရင်ယူဆိုတဲ့ လှူဒါန်းမှုတွေ စတဲ့ အလှူမျိုးစုံကို ပုံစံမျိုးစုံနဲ့ လှူဒါန်းနေကြပါတယ်၊ ဒီလိုလှူဒါန်းမှုတွေကို စစ်ကောင်စီအနေနဲ့ ပုဒ်မ ၅၀၅ ဝရမ်းထုတ်တာ၊ ပိတ်ပင်ဖမ်းဆီးတာတွေ ဆက်တိုက်ဆောင်ရွက်လာခဲ့ပါတယ်၊ လူသားချင်းစာနာတဲ့ ပေးကမ်းလှူဒါန်းမှုတွေဟာ အခုကာလမှာတော့ လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့်မရဘဲ တရားမဝင်တဲ့ ပြစ်မှုကျူးလွန်တဲ့ လုပ်ရပ်တွေလို ဖြစ်လာနေပါတယ်။ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ လှူဒါန်းနေရတဲ့အကြောင်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကူညီနေသူတဦးက ရှင်းပြပါတယ်။

"အဓိကက ရိုးရိုးလေးပါပဲ လှူတာဗျာ။ မြန်မာတွေအနေနဲ့က ကောင်းမှုကုသိုလ်လုပ်တာပဲ။ ကောင်းမှုကုသိုလ်လုပ်တဲ့ဟာကို ဖမ်းဆီးတယ်ပေါ့နော်။ အလှူအတန်းတွေကို မလုပ်အောင် လုပ်တယ်ဆိုတာ ဒါအကုသိုလ်ဖြစ်စေတာပေါ့နော်၊ လှူတယ်ပေါ့ဗျာ ကျွန်တော့်မှာ ပိုလျှံနေလို့လှူတယ် မည်သူမဆို အယုတ်အလတ် အမြတ်မရွေးပေါ့။ ဘာသာမရွေး ကျွန်တော့်ဆီက လာယူလို့ရတယ်ဗျာ။ ပွင့်ပွင့်လင်းလင်း ကိုယ့်အိမ်ရှေ့မှာ ကိုယ်ချလှူတာတောင်မှ အန္တရာယ်အပြုခံရတာပေါ့။ ဖမ်းဆီးခံရတယ် နောက်တစ်ခုက မလှူဖို့ ပိတ်ပင်တာတွေရှိတယ် ဥပဒေကြောင်းအရလည်း အဲ့ဒါနဲ့ပတ်သက်လို့ ဘာမှမရှိဘူး ဒါပေမယ့် သူတို့လုပ်ချင်လို့လုပ်တယ် ပြည်သူကို အကြောက်တရား ရိုက်သွင်းတာပေါ့နော်၊ လှူတာတောင် လွတ်လပ်စွာ လှူခွင့်မရှိတဲ့အတွက် စိုးထိပ်မှုပေါ့ သူတို့စစ်ကောင်စီဘက်ကနေပြီးတော့ ဒီအကြောက်တရားကို ရိုက်သွင်းတယ်"

လွတ်လွတ်လပ်လပ်လှူခွင့်မရတဲ့အပေါ် ပရဟိတဆရာဝန်တဦးကလည်း မကျေမနပ်ဖြစ်နေပါတယ်။

"စစ်အာဏာသိမ်းလို့ ဒီအလှူတွေ ထလုပ်နေတယ်လို့ တွေးနေတယ်ဆိုကတည်းကိုက သူတို့ဘာတွေကြောက်နေလဲလို့ သူတို့ကိုပဲပြန်မေးရမှာပဲ၊ မြန်မာသည် မြန်မာ့ရဲ့ဓ လေ့အတိုင်း အလှူလုပ်တယ်၊ ဒါကို ဒီအလှူကိုလိုက်ပိတ်ပင်တယ်ဆိုကတည်းကိုကတော့ စဉ်းစားစရာပဲပေါ့နော်၊ ပြည်သူတွေပြောသလို ဘာပျက်နေပြီလဲဆိုပြီး ပြန်မေးယုံပဲရှိတော့တယ်၊ မြန်မာလူမျိုးရဲ့ဓလေ့အရ ကျွန်တော်တို့ရဲ့နေ့ရက်တိုင်းကို ခေါင်းစဉ်မျိုးစုံနဲ့ လှူဒါန်းကြတယ်၊ ဒီအခြေအနေကြီးမို့လို့ လှူတာမဟုတ်ဘူး လှူသင့်လှူထိုက်လို့ ကျွန်တော်တို့လှူတယ် ဒါကို လိုက်ပိတ်ပင်တယ်ဆိုကတည်းကိုကတော့ ကြောက်နေတာပဲပေါ့"

လှူတဲ့သူတွေအဖမ်းခံနေရတဲ့အဖြစ်ကတော့ သိပ်လွန်လွန်းနေပြီလို့ အကူအညီပေးနေသူတဦးက ပြောပါတယ်။

"ဘာမှ သူတို့မှာ လုပ်စရာမရှိတဲ့အတွက်ကြောင့် လှူတဲ့နေရာထိ လိုက်လံပြီး ဖမ်းဆီးပြီးတော့ အဲ့လိုဖမ်းဆီးခံရတဲ့သူတွေဆိုရင်လည်း သူတို့ဆီကနေပြီးတော့ ပြန်လည်ရွေးချယ် ရွေးတဲ့အခါမှာလည်း ပိုက်ဆံပေးပြီး ထုတ်ရတဲ့အပိုင်းတွေ ရှိတာပေါ့နော်။ တစ်ယောက်ကို တစ်သိန်းနှုန်းနဲ့တို့ နှစ်သိန်းနှုန်းနဲ့တို့ပေါ့နော်၊ လှူတဲ့သူတွေကို ဖမ်းဆီးတဲ့အထိဖြစ်လာတာက ဒါကလူမဆန်ဘူးပေါ့နော်။ ဗုဒ္ဓဘာသာဖြစ်ဖြစ် ဟိန္ဒူ ၊ မွတ်စလင် ဘာပဲဖြစ်ဖြစ် လှူတယ်ဆိုတာက ကုသိုလ်ယူတာပေါ့နော်။ ကုသိုလ်ကို ဖျက်တဲ့သူက အကုသိုလ်ပဲ ရမှာပေါ့နော်။ ငါမလှူနိုင်ဘူး သူတို့လှူနိုင်တယ် စိတ်တောင်မွေးရမယ့်ဟာကို လိုက်ပိတ်ဆို့တဲ့ အပိုင်းတွေ ဖမ်းဆီးနှိပ်စက်တဲ့အပိုင်းတွေ လုပ်လာတယ်ဆိုတာကတော့ ဒါက တိရိစ္ဆာန်ပေါ့ဗျာ လူစိတ်မရှိတဲ့သူလို့ပဲ ပြောချင်ပါတယ်ခင်ဗျ"

အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်နေသူတွေကို အကူညီပေးနေရတာကလည်း မြေအောက်လှုပ်ရှားမှုတခုဖြစ်နေပါတယ်။ အခက်အခဲတွေ ဘယ်လိုရှိနေသလဲဆိုတဲ့အကြောင်း ကူညီနေသူတဦးက ရှင်းပြပါလိမ့်မယ်။

"အခက်အခဲက မတ်လလောက်မှာစ ခဲ့တယ်၊ မတ်လမှာ CDM တွေ Supporter တွေဖမ်းတယ် အလှူငွေကောက်တဲ့သူတွေလည်း အဖမ်းခံရမှာကြောက်ပြီးတော့ အလှူငွေကောက်ကူတွေ နည်းလာတယ်၊ အလှူငွေထည့်တဲ့သူတွေကလည်း Transtration တွေကနေလိုက်တယ်ဆိုလို့ အလှူငွေထည့်ဖို့ဟာ သူတို့က အဆင်မပြေတော့ဘူး၊ တော်တော်လေးကို အင်အားနည်းလာခဲ့တယ်၊ Cush နဲ့ပေးလည်း ၁ ယောက် ၂ ယောက်ပဲရှိတယ်၊ ကျန်းမာရေးချို့တဲ့တဲ့လူတွေကို ကျန်းမာရေး စရိတ်အနေနဲ့ထပ်ပြီးတော့ ထောက်ပံ့တယ်၊ အဆောင်လခ မပေးနိုင်တော့တဲ့ CDM တွေ နှင်ချခံလိုက်ရတဲ့ CDM တွေ ရှိတယ် သူတို့တွေကို အဆောင်တွေစီစဉ်ပေးခဲ့တယ်၊ ဧပြီလက တော်တော်ခက်ခက်ခဲခဲဖြစ်တယ်၊ အင်တာနက်တွေက ဖြတ်တောက်လိုက်တာမို့"

ဘဏ်တွေမှာ ကန့်သတ်ချက်တွေရှိလာလို့ ငွေကြေးကူညီဖို့ကအစ ခက်ခဲနေတဲ့အကြောင်း ပရဟိတ ဆရာဝန်တစ်ဦးကရှင်းပြပါတယ်။

"ဘဏ်တွေကနေ ပိုက်ဆံထုတ်တဲ့အခါမှာလည်း အခက်အခဲတွေရှိတယ်၊ ပြည်တွင်းနဲ့ပြည်ပ ငွေကြေးလဲလှယ်မှုအခက်အခဲတွေ ကြုံတွေ့ရတယ်၊ အရင်လို အလှူအတန်းတွေကို ကောင်းကောင်းမွန်မွန် ပေါ်ပေါ်တင်တင် မလုပ်ရဘူး ရင်နာဖို့အရမ်းကောင်းပါတယ် ပရဟိတကိုတောင် မှောင်ခိုလုပ်နေရတဲ့အခြေအနေမျိုးကို ရင်ဆိုင်နေရပါတယ်။ တစ်ချို့နေရာတွေဆို တိုင်းရင်းသားဒေသမဟုတ်ဘူး ဒါပေမယ့်လည်း ဘေးအန္တရာယ်ကို ရင်ဆိုင်နေရတယ်၊ ဒီအခါမှာ သူတို့တွေကို ဆက်သွယ်ရတဲ့အခြေအနေကအစ ခက်ခဲမှုရှိတယ်၊ ငွေကြေးတွေကိုအလှူခံတော့မယ်ဆိုလည်း ပေါ်ပေါ်တင်တင်ပေါ့ ပေးလို့မရဘူး၊ တော်တော်ကြီးကို လျှို့လျှို့ဝှက်ဝှက်နဲ့ပဲ လုပ်ပေးနေရတာမျိုးတွေကို ကြုံတွေ့နေရတယ်၊ ဒါသည် နေရာတိုင်းပါပဲ၊ နယ်စပ်ဒေသကနေကူညီနေတာကော ပြည်တွင်းကောပေါ့၊ ပြည်တွင်းမှာပိုပြီးတော့ တင်းကြပ်မှုတွေ ချုပ်နှောင်မှုတွေ ပိုများပါတယ်။ ကိုယ်လှူပေးထားတဲ့ပစ္စည်းအရာတွေကို အလှူရှင်တွေ ဝမ်းပန်းတသာဖြစ်အောင်လို့ သာဓုခေါ်နိုင်အောင်လို့ ဆိုရှယ်မီဒီယာကို ရှဲတဲ့အခြေအနေမှာတောင် တော်တော်ဒုက္ခရောက်ပါတယ်၊ ဒါသည် အပေါ့ဆုံးကိစ္စကို ပြောတာပါ၊ တကယ်လက်တွေ့ မြေပြင်မှာလှုပ်ရှားနေရတာဆိုရင် စဉ်းစားသာကြည့်ပါတော့"

ဘဏ်တွေ ပုံမှန်လည်ပတ်မှုမရှိတာ၊ ငွေလည်ပတ်မှု ကျဆင်းလာတာ၊ ငွေကြေးရှားပါးလာတာ၊ အလှူလုပ်သူတွေကို ဖမ်းဆီးတာ စတာတွေကြောင့် ထောက်ပံ့ကူညီတဲ့ အစီအစဉ်တွေက ခက်ခဲလာပါတယ်။ စစ်ကောင်စီက ဘယ်လိုပဲ ပိတ်ပင်တားဆီးမှုတွေလုပ်လုပ် အကူအညီလိုနေသူတွေအတွက် ထောက်ပံ့လှူဒါန်းမှုတွေကတော့ ရတဲ့နည်းလမ်းနဲ့ ဆက်လက်လုပ်ဆောင်နေမှာပဲလို့ ပရဟိတ ဆောင်ရွက်နေသူတွေကပြောပါတယ်။

CDM ဝန်ထမ်းတွေကိုထောက်ပံ့နေသူတစ်ဦးကလည်း ဖြစ်တဲ့နည်းနဲ့ ဆက်ပြီးကူညီနေမယ်လို့ဆုံးဖြတ်ထားပါတယ်။

"ဘယ်လိုအခက်အခဲတွေပဲရှိရှိ အလှူငွေရအောင်ရှာမယ် ပြီးရင် ရအောင် Support ပေးမယ် CDM တွေဘက်ကလည်း ရအောင် တောင့်ခံပေးကြပါ။ Supporter တွေအနေနဲ့လည်း ညီမတို့နဲ့ နီးစပ်သည်ဖြစ်စေ နီးစပ်ရာအဖွဲ့တွေမှာဖြစ်စေ အလှူငွေလေးတွေ ရအောင်ထည့်ပေးကြပါလို့ ပြောချင်ပါတယ်"

အခက်အခဲတွေကြားမှာ ဖြစ်အောင်ဆက်ပြီးကူညီမယ်လို့ အကူညီပေးနေသူတဦးက ဆိုပါတယ်။

လှူဒါန်းရတဲ့အခါမှာ အခက်အခဲကတော့ ရှိတာပေါ့နော်၊ သူတို့စစ်ဆေးရေးတွေ မမိအောင်ပေါ့၊ ပုံစံမျိုးစုံလုပ်ရတာပေါ့၊ ရောက်အောင်သွားပေးတဲ့အခါမှာလည်း ချိန်းဆိုတဲ့နေရာတွေမှာလည်း တချို့လည်း ရှောင်တိမ်းနေတာတွေရှိတာပေါ့နော်၊ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ အာလူးဆိုရင်လည်း စစ်ဆေးရေးတွေဘာတွေ မမိအောင် ထုပ်ပိုးတာကစပြီးတော့ လုပ်ရတာပေါ့ဗျာ၊ အဓိကကတော့ မဖြေရှင်းချင်လို့ အဲ့လိုရှောင်တိမ်းပြီးလုပ်တာပေါ့နော်၊

ပရဟိတဆရာဝန်တစ်ဦးကလည်း ကူညီမှုတွေကို ရပ်မသွားစေရဘူးလို့ဆိုပါတယ်။

"သူငယ်ချင်းတွေထဲမှာဆိုရင် လိုရင်ယူ ပိုရင်လှူဆိုတဲ့အလှူလေးတွေလည်း ပျက်မသွား ဆက်ရှိနေတုန်းပဲ၊ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့ နွမ်းပါးတဲ့ မိသားစုတွေသော်လည်းကောင်း တချို့သော CDM လုပ်ထားတဲ့ မိသားစုတွေသော်လည်းကောင်း သူတို့အတွက်ကို အလှူအတန်းတွေ လုပ်ပေးနေတဲ့သူတွေကလည်း သူတို့ရတဲ့ နည်းလမ်းတွေနဲ့ မျိုးစုံဆက်ပြီးလှူဒါန်းနေတာကိုလည်း တွေ့ရပါတယ်၊ ပြည်ပမှာနေရတဲ့သူတွေအတွက်ကတော့ အများကြီး ရိုက်ခတ်မှုသက်သာတယ်၊ ပြည်တွင်းမှာ လှုပ်ရှားနေရတဲ့ ကျွန်တော်တို့ရဲ့ ရဲဘော်ရဲဘက်တွေကတော့ ပိုပြီးတော့ ဖိနှိပ်မှုတွေ ချုပ်ချယ်မှုတွေ ကန့်သတ်မှုတွေကို ခံစားရမယ်ဆိုတာ ယုံကြည်တယ်၊ ပိုပြီးတော့ဆိုးတဲ့ ကန့်သတ်မှုတွေရှိနိုင်တယ်။ ဒါပေမယ့် ဒါတွေကိုကြောက်လို့တော့ ကျွန်တော်တို့ ငြိမ်နေမှာမဟုတ်ဘူး ကူညီပေးနေရတဲ့ ကိုယ်ထောက်ပံ့ပေးနေရတဲ့ ကိစ္စတွေကို ရပ်တန့်သွားမှာ မဟုတ်ဘူး ရှေ့ဆက်ပြီးတော့ ကူညီရမယ့် ကူညီနိုင်သလောက်ကို ကူညီသွားမယ် ကိုယ်လိုချင်တဲ့ စစ်မှန်တဲ့ ကိုယ်တောင့်တတဲ့ အရာမရမချင်း ထောက်ပံ့မှုတွေ ကူညီမှုတွေ လုပ်ပေးနေရဦးမှာပါပဲ၊ပြည်တွင်းကော ပြည်ပကော ကမ္ဘာရဲ့ ဘယ်နေရာရောက်နေရောက်နေ မြန်မာလူမျိုးက မြန်မာလူမျိုးပါပဲ အဲ့ဒီအတွက် ကိုယ့်လူမျိုး ကိုယ့်တိုင်းရင်းသားတွေအားလုံး ကျွန်တော်တို့လိုချင်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီရဖို့အတွက် အားလုံးဟာတစ်ချိန်တည်းမှာ တူတူညီညီကြိုးစားနေတယ်။ ကူညီထောက်ပံ့မှုတွေလည်း ဆက်လုပ်နေဦးမှာပဲလို့ ပြောချင်ပါတယ်"

မြန်မာနိုင်ငံဟာ အလှူအတန်းပေါများတဲ့ နိုင်ငံတစ်ခုအဖြစ် ထင်ရှားပါတယ်။ ဒါပေမယ့် လှူဒါန်းမှုတွေအခြိမ်းခြောက်ခံနေရတဲ့ စစ်အာဏာသိမ်းကာလမှာ လှူဒါန်းသူတွေရော အလှူလက်ခံသူတွေပါ သူပုန်တွေဖြစ်လာနေပါပြီ။ လှူဒါန်းကူညီမှုဆိုတာ တရားမဝင်လှုပ်ရှားမှုဖြစ်လာနေပါပြီ။ အန္တရာယ်တွေ ကြားက ကူညီနေကြတဲ့သူတွေလည်း သူရဲကောင်းတွေ ဖြစ်လာနေပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။