အဖွဲ့အစည်းတွေ ညီညွတ်ကြဖို့ လွတ်မြောက်နယ်မြေရောက် အဖွဲ့တွေတိုက်တွန်း

RFA Burmese
2024.02.01
အဖွဲ့အစည်းတွေ ညီညွတ်ကြဖို့ လွတ်မြောက်နယ်မြေရောက် အဖွဲ့တွေတိုက်တွန်း ရန်ကုန်မြို့မှာနေထိုင်သူတချို့ စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြနေတာကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်နေ့က တွေ့ရစဉ်။
AFP

၂၀၂၀ ရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို မဲမသမာမှုတွေရှိခဲ့တယ်ဆိုတဲ့စွပ်စွဲချက် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းခဲ့တာ အခု ဆိုရင် သုံးနှစ်ပြည့်မြောက်လာခဲ့ပါပြီ။

ဒီကာလအတွင်း စစ်ကောင်စီဟာ သူတို့ကို ဆန့်ကျင်တော်လှန်သူမှန်သမျှကို ရက်ရက်စက်စက်ချေမှုန်းခဲ့ပြီး နေအိမ်တွေ၊ ရွာတွေမီးရှို့တာ၊ စစ်ကြောင်းထိုးတိုက်ခိုက်တာ လေယာဉ်နဲ့ ဗုံးကြဲတာ စတာတွေကြောင့် လက်ရှိအချိန်အထိ အရပ်သားပြည်သူ နှစ်သန်းခွဲကျော် အထိ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။

သုံးနှစ်တာကာလအတွင်း စစ်တပ်ရဲ့လက်ချက်ကြောင့် ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ အရပ်သားပြည်သူ စုစုပေါင်း (၄၄၆၈) ဦး သေဆုံးခဲ့ရပြီး ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်းဟာ (၂၅၉၂၆) ဦးအထိရှိတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီလိုပေးဆပ်ခဲ့မှုတွေများလွန်းလို့ စစ်အာဏာရှင် အမြတ်ပြတ်စေချင်တဲ့အတွက် တော်လှန်ရေးအင်အားစုတွေအားလုံး ညီညွတ်စေချင်တယ်လို့ အမည်မဖော်လိုတဲ့ ရန်ကုန်တက္ကသိုလ်က CDM ကထိက ဆရာမ တစ်ဦးက ပြောပါတယ်။

“အာဏာသိမ်းတာ ဒီ ၁ ရက်နေ့ဆို ၃ နှစ်ပြည့်ပြီ၊ ပြည်သူတွေဖက်ကလည်း ကြံ့ကြံ့ခံပြီး တောင့်ခံပေးခဲ့သလို ကျွန်မတို့ CDM တွေဘက်ကလည်း အပြည့်အဝတောင့်ခံပေးခဲ့တယ်၊ ကိုယ်နိုင်တဲ့ဘက်က တာဝန်တွေထမ်းဆောင်ပေးခဲ့ကြတဲ့အတွက်ကြောင့်မို့ ဒီတော်လှန်ရေးလုပ်နေသူတွေနဲ့အတူ ကိုယ်နိုင်တဲ့ဝန်တွေ ထမ်းခဲ့တယ်ဆိုတာ သိစေချင်တယ်၊ ဆက်ပြီးတော့လည်းပဲ တော်လှန်ရေးပြီးမြောက်တဲ့အထိ ညီညီညွတ်ညွတ်နဲ့ ကိုယ်ဖြစ်ချင်တဲ့ပန်းတိုင်ရောက်အောင် အတူတကွတိုက်ပွဲဝင်ပေးဖို့ပြောချင်ပါတယ်ရှင့်။”

ဒီလို ပြည်သူတွေကို ရက်ရက်စက်စက်ချေမှုန်းနေတဲ့ စစ်ကောင်စီကို တော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စုပေါင်းပြန်လည်တိုက်ခိုက်ခဲ့ကြလို့ နိုင်ငံမှာ စစ်မီးအရှိန်မြင့်လာခဲ့သလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ "၁၀၂၇ စစ်ဆင်ရေး" နောက်ပိုင်းမှာ ရှမ်းပြည်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်း၊ ကယားနဲ့ ကချင် စတဲ့ပြည်နယ်တွေက မြို့တွေက စစ်တပ်ရဲ့စခန်းတွေ ရာနဲ့ချီ သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

“စစ်ကိုင်း၊ မကွေးမှာ တကယ်တိုက်နေတဲ့အဖွဲ့အစည်းတွေရှိတယ်၊ ဗိုလ်နဂါး ဒီဖက်မှာ BPLA အဲဒါတွေကို NUG၊ MOD အနေနဲ့က တချိန်ချိန်မှာ ဖက်ဒရယ်အာမီ စတန်းဒက်အာမီအတွက် အစိတ်အပိုင်းတွေဖြစ်ဖို့ အခုကတည်းကနေစပြီး ကျွန်တော်တို့က တည်ဆောက်ရမှာလေ။” ဦးထွန်းကြည်၊ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ရဲ့ ဦးဆောင်ကော်မတီဝင်

မြေပြန့်ဒေသတွေမှာလည်း တော်လှန်ရေးအင်အားစုတွေ ညီညီညွတ်ညွတ်နဲ့ မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေ ဖြစ်စေချင်တယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ရဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ဆိုပါတယ်။

“ဘုံရန်သူသည်အစဉ်အမြဲရန်သူပီသတယ်၊ ရန်ငါစည်းပြတ်တယ်၊ အခု သူက ဆောက်တည်ရာမရဖြစ်နေတဲ့အပြင်၊ အလံဖြူထောင်ပြီးတော့ တပ်ရင်းအလိုက်တပ်မအလိုက် ရုပ်ပျက်ဆင်းပျက်ဗျာ ဘက်ပြောင်းတာတွေများလာတယ်၊ အခုလိုမျိုး ဘုံရန်သူရဲ့အခက် တော်လှန်ရေးအင်အားစုတွေရဲ့အချက် ကျွန်တော်တို့ပြည်သူလူထုတွေက ERO တွေရဲ့ အောင်မြင်မှုတွေကို လက်ခုပ်တီးပြီးတော့ပီတိဖြစ်နေရတယ်၊ ဒါတွေကလည်း ကျွန်တော်တို့အတွက်အားတွေဖြစ်နေရတယ်၊ ဒီ NUG၊ MOD ဦးဆောင်ပြီးတော့ ဗျူဟာမြောက် မဟာမိတ်တပ်ပေါင်းစု ဦးဆောင်ပြီးတော့ မြို့တွေကိုသိမ်းလာပြီ PDF တွေပေါ့ဗျာ၊ ပကဖတွေ ဒီလိုမျိုး ကျွန်တော်တို့မြင်ချင်တွေ့ချင်တယ်လေ၊ အခုကအဲလိုမဟုတ်ဘဲနဲ့ ကျွန်တော်တို့အလယ်ပိုင်းမှာဆို စစ်ကိုင်း၊ မကွေးမှာ တကယ်တိုက်နေတဲ့အဖွဲ့အစည်းတွေရှိတယ်၊ ဗိုလ်နဂါး ဒီဖက်မှာ BPLA အဲဒါတွေကို NUG၊ MOD အနေနဲ့က တချိန်ချိန်မှာ ဖက်ဒရယ်အာမီ စတန်းဒက်အာမီအတွက် အစိတ်အပိုင်းတွေဖြစ်ဖို့ အခုကတည်းကနေစပြီး ကျွန်တော်တို့က တည်ဆောက်ရမှာလေ။”

တိုင်းရင်းသားဒေသတွေမှာ ခုလို မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေဖြစ်လာပေမဲ့ တစ်ပြည်လုံးအတိုင်းအတာနဲ့ တပြိုင်တည်းမတော်လှန်နိုင်သေးတာကို အားမလိုအားမရ ဖြစ်မိတယ်လို့လည်း ဆိုပါတယ်။

မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) မှ အဖွဲ့ဝင်များ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ရှေ့တန်းစစ်မြေပြင်တွင် ဒရုန်းယာဉ်မောင်းနှင်နေသည်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် တွေ့ရစဉ်။ (Photo : AFP)
မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) မှ အဖွဲ့ဝင်များ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ရှေ့တန်းစစ်မြေပြင်တွင် ဒရုန်းယာဉ်မောင်းနှင်နေသည်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် တွေ့ရစဉ်။ (Photo : AFP)

စစ်တပ်ပြိုလဲယိုင်နဲ့နေပြီဖြစ်တာမို့ နောင်လာမဲ့ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးမှာ ပြည်သူတွေနဲ့အတူ နိုင်ငံရေးဦးဆောင်သူတွေက ပြင်ဆင်ထားဖို့လိုတယ်လို့ ဗကသ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က ပြောပါတယ်။

“ကိုယ်စီကိုယ်စီ စစ်ရေးမှာခေါင်းဆောင်နေသူအားလုံးသိထားရမှာသည် ကျွန်တော်တို့ပြည်သူတွေက ကျွန်တော်တို့ကိုအခုအချိန်မှာ မင်းသားလို Hero လို ဝိုင်းပြီးတော့အားပေးနေကြတာ၊ ဝိုင်းပြီးတော့ ကူညီနေကြတာသည် သူတို့မလိုချင်တဲ့ဘဝကိုမရောက်အောင် သူတို့တွန်းနေတာဖြစ်တယ်၊ အဲဒီအပေါ်မှာ သာယာပြီးတော့ ပြည်သူကတော့ ငါဘာလုပ်လုပ်ထောက်ခံတယ်ဆိုတာမျိုးနဲ့ လုပ်ချင်တာ လုပ်လို့မရဘူး၊ အဲဒါဆိုရင်ပြည်သူတွေက ပြန်ပြီးဒဏ်ခတ်ခံရမှာဖြစ်တယ်၊ နိုင်ငံရေးရဲ့ ရပ်တည်ချက်လည်း စောင်းသွားနိုင်တယ်၊ ဒါကြောင့်မို့လို့ ကျွန်တော်တို့ လိုချင်တဲ့ဘဝရောက်အောင်လို့ ဘုံရန်သူ အာဏာရှင် ကျဆုံးသွားအောင် ကျွန်တော်တို့သည် လိုအပ်တဲ့အခြေအနေ ပန်းတိုင်မရောက်သေးချိန် ဒီကြားကာလကို အဆင်ပြေတဲ့နိုင်ငံရေး မူဝါဒချပြီးတော့ ကျွန်တော်တို့ပြည်သူအားလုံးကလည်း တညီတညွတ်တည်း လျှောက်လှမ်းဖို့လိုတယ်၊ ကိုယ်လုပ်ချင်တာမလုပ်ဖို့လိုတယ်၊ အတ္တတွေကိုနောက်ထားပြီးတော့ နောက်မျိုးဆက်အတွက် ငါတို့တော့ဘယ်လောက်ပင်ပန်းပင်ပန်း ပေးဆပ်ကြမယ်ဆိုတဲ့ အဖွဲ့အစည်းအသီးသီးရဲ့ ခေါင်းဆောင်ပိုင်းတွေ ဒီစိတ်ထားဖို့လိုပါမယ်။”

စစ်အာဏာရှင်စနစ်ပြိုလဲပြီးနောက်ပိုင်း အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုဖော်ဆောင်ဖို့အတွက် နိုင်ငံရေးပါတီတချို့တို့ကလည်း သူတို့ရဲ့နိုင်ငံရေးရပ်တည်ချက်အရ ကြိုတင်ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။

သုံးနှစ်အတွင်း တစ်ပြည်လုံးစစ်မီးတောက်လောင်ခဲ့လို့ တိုင်းပြည်ပြိုလဲနေတာကို ပြန်လည်ကုစားဖို့ အလွှာပေါင်းစုံညီညွတ်ကြဖို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီ အတွင်းရေးမှူး ဦးမျိုးကျော် က တိုက်တွန်းပါတယ်။

“ကျွန်တော်တို့နိုင်ငံက တစ်စစီဖြစ်နေပြီ၊ လုံးဝကိုအချုပ်အချာအာဏာမရှိဘဲနဲ့နေတာ သုံးနှစ်ရှိသွားပြီလို့ ပြောရမယ်ပေါ့၊ တိုင်းပြည်လည်းဘုံးဘုံးလဲနေပြီ၊ အကုန်လုံးကလည်း စစ်ရဲ့သားကောင်တွေ ပြည်သူတစ်ရပ်လုံးခံစားနေရပြီ၊ အဲဒီဟာကိုပြန်လည်ကုစားဖို့အတွက်ကတော့ အဓိကပြောချင်တာကတော့ ရှိတဲ့အဖွဲ့အစည်းတွေ တော်လှန်ရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ ဒီနိုင်ငံရေးပလက်ဖောင်း တည်ဆောက်ပြီးတော့ ကျွန်တော်တို့အပြုသဘောနဲ့ ဘယ်လိုနည်းနဲ့ဖက်ဒရယ်ပြည်ထောင်စုကို စုနိုင်မလဲဆိုတဲ့အပေါ်မှာပဲ ဘုံသဘောကိုဆောင်ရလိမ့်မယ်လို့ပြောချင်ပါတယ်။”

ခေတ်အဆက်ဆက်က စစ်အာဏာရှင်စနစ်ကို နှစ်ပေါင်း ၇၀ တော်လှန်ခဲ့ရာမှာ အခု ၂၀၂၄ ခုနှစ်ဟာ စစ်တပ် ယိုင်နဲ့သွားအောင်လုပ်ပြီး စစ်အာဏာရှင်စနစ်အမြစ်ပြတ်ဖို့ အရေးကြီးဆုံးဖြစ်သလို တော်လှန်ရေးအင်အားစုတွေအားလုံး အဓိက ညီညွတ်ကြဖို့ အရေးကြီးတယ်လို့ အားလုံးက တိုက်တွန်းပြောဆိုနေကြပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။