ဗိုလ်မှူးမျိုးမင်းထွန်း ကို ပြည်သူ့သစ္စာဖောက်အဖြစ် CDM စစ်သည်တွေ ကြေညာ

CDM လှုပ်ရှားမှုမှာ ပြီးခဲ့တဲ့မတ်လက ပါဝင်လာခဲ့ပြီးနောက် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်ကောင်စီထံ ပြန်လည်ဝင်ရောက်သွားခဲ့တဲ့ ပဲခူးတိုင်း ကျောက်ကြီးမြို့အခြေစိုက် ခမရ ၃၅၁ ရဲ့ တပ်ရင်းမှူး ဗိုလ်မှူး မျိုးမင်းထွန်း က သူမှားယွင်းခဲ့ကြောင်းနဲ့ စစ်တပ်ဖွဲ့ဝင်တွေအနေနဲ့ ဒီမိုကရေစီအင်အားစုတွေက CDM ပြုလုပ်ဖို့ စည်းရုံးမှုတွေကို လက်မခံကြဖို့ စစ်ကောင်စီသြဇာခံ မီဒီယာတွေကနေ အောက်တိုဘာ ၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်ပရောက် CDM စစ်သည်တွေကလည်း သူတို့အနေနဲ့ အဖွဲ့အစည်းတစ်ခုခုရဲ့ စည်းရုံးသိမ်းသွင်းမှုကြောင့် အခုလို အာဏာရှင်ဆန့်ကျင်ရေးမှာ ပါဝင်လာခဲ့တာမဟုတ်ဘဲ ကိုယ်ပိုင်အသိစိတ်ဓာတ်နဲ့ ပြည်သူ့ဘက်က ရပ်တည်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဗိုလ်မှူးမျိုးမင်းထွန်း ကို ပြည်သူ့သစ္စာဖောက်တစ်ဦးအဖြစ် သတ်မှတ်ကြောင်း ဒီကနေ့ အောက်တိုဘာ ၇ ရက်နေ့ မှာ ကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်ပါတယ်။
"တကယ်တော့ ရှင်းရှင်းပြောရရင် ဆွမ်းဆန်ထဲ ကြွက်ချေးရောတဲ့ ကိစ္စပါ"
ပြည်သူ့ရင်ခွင်၊ ပြည်သူ့ပန်းတိုင်၊ ပြည်သူ့သားကောင်း၊ People’s Soldiers Defense Force နဲ့ Breaking Brain Washed အဖွဲ့ ၅ ဖွဲ့ရဲ့ စုပေါင်းထုတ်ပြန်ချက်မှာ ဗိုလ်မှူး မျိုးမင်းထွန်းကို တော်လှန်ရေးအင်အားစုတွေက အဆင့်မြင့်အရာရှိတစ်ဦးအဖြစ် ကောင်းမွန်သက်သာစွာနေထိုင်နိုင်ဖို့ စီစဉ်ကူညီခဲ့ကြောင်း၊ လွတ်မြောက်နယ်မြေမှာ နေထိုင်စဉ်အတွင်း သူ့ကို NUG အပါအဝင် မည်သည့်အဖွဲ့အစည်း လူပုဂ္ဂိုလ်ကမှ ဖိအားပေးပြောဆို စေခိုင်းခဲ့တာ မရှိဘဲ သူ့ဆန္ဒအတိုင်း မီဒီယာတွေကို ပြောကြားခဲ့ခြင်းသာဖြစ်ကြောင်း၊ ဒါ့အပြင် အခု စစ်ကောင်စီထံပြန်လည် သွားရောက်ပြီးချိန်မှာလည်း စစ်ကောင်စီ အမိန့်ပေးစေခိုင်းတဲ့အတိုင်း လိမ်ညာပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း၊ ဒါကြောင့် ဗိုလ်မှူး မျိုးမင်းထွန်းကို ပြည်သူ့သစ္စာဖောက်အဖြစ် သတ်မှတ်ကြောင်း စသဖြင့် ဖော်ပြထားပါတယ်။
ဇနီးဖြစ်သူ CDM သူနာပြုဗိုလ်ကြီး ခင်ပပထွန်းနဲ့ အတူ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ အငြိမ်းစားဗိုလ်ကြီး သင်းအောင်ထွေး က ဗိုလ်မှူး မျိုးမင်းထွန်းဟာ သြစတေးလျကို တခြား CDM တပ်မတော်သားတွေရောက်ရှိသွားတာကို အသေအချာသိပါတယ်လို့ RFA ကိုပြောပါတယ်။
"တကယ်တော့ ရှင်းရှင်းပြောရရင် ဆွမ်းဆန်ထဲ ကြွက်ချေးရောတဲ့ ကိစ္စပါ။ ကျွန်တော်တို့ အဓိက လုပ်ရမယ့် အလုပ်က အဲဒီ ကြွက်ချေးတွေကို ကျွန်တော်တို့ ဘယ်လိုဖယ်ရှားမလဲ အဲ့ဒါက အရေးကြီးဆုံးကိစ္စလို့ ယူဆပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဘက်မှာ လုပ်လာတဲ့ လူတွေအားလုံး ရှင်းရှင်းပြောလို့ရှိရင် ဓမ္မနဲ့အဓမ္မကို ပိုင်းဖြတ်ပြီးတော့မှ လာတဲ့အခါမှာ အခက်အခဲဆိုတာ ရှိကြတာ။ ကျွန်တော်တို့ စွန့်လွှတ်ခဲ့ရတာ အများကြီးပဲ။ ကျွန်တော်တို့ လုပ်လာခဲ့သူတွေမှာ စွန့်လွှတ်ခဲ့ရတာတွေရှိတယ်။ေ ရှ့ဘဝတက်လမ်းတွေ ဘာတွေညာတွေ။ ပြီးလို့ရှိရင် ဒီဘက်မှာ ခက်ခဲတာတွေရှိတယ်။ ကူညီနိုင်တဲ့ဟာတွေ ကူညီနေတာလည်းရှိတယ်။ သူပြောသွားတဲ့ဟာနဲ့ ပတ်သက်ရှိရင် ဩစီ ကိစ္စလိုဟာမျိုးက မဟုတ်ဘူး။ အဲဒါလည်းရှင်းရှင်းပြောလို့ရှိရင် ပြောလို့မကောင်းလို့ သူသည် ဒီကိစ္စကိုစောင့်နေတဲ့ သူတစ်ယောက်ဖြစ်တယ်။ စောင့်နေပြီ အဆင်ပြေတော့မယ်။ အဲဒီအခြေအနေမှာဖြစ်သွားတာ။ ဟိုဘက်ကိုရောက်သွားတာ တစ်ယောက်မှ မရှိဘူးလို့ သူပြောတာရှိတယ်။ ဒါမမှန်ဘူး သူသိတယ်။ သူကိုယ်တိုင်လည်းသိတယ် လိမ်ခဲ့တာ။ ဘယ်သူတွေရောက်တယ်။ ဘာညာတောင်သူသိပါတယ်။ ဒါတွေက အမှန်တော့ ပြောပြလို့ မကောင်းတဲ့အရာတွေပေါ့။ လိမ်နေတာဖြစ်တဲ့အတွက် ကျွန်တော်က သိအောင်ပြောပြရခြင်းဖြစ်တယ်။"
"စစ်တပ်က CDM တွေ စပါတဲ့အချိန်တုန်းက စစ်တပ်က CDM လုပ်မှာ အရမ်းကြောက်တယ်။ CDM ဆိုတာ မရှိဘူးပေါ့"
CDM ဗိုလ်ကြီးထက်မြက် ကလည်း အခုနှစ်ဆန်းပိုင်းမှာ CDM စစ်သည်တချို့ တတိယနိုင်ငံတွေကို သွားရောက် အခြေချ နေထိုင်ခွင့်ရရှိတဲ့သတင်း ထွက်ပေါ်လာခဲ့ပြီးချိန်ကစပြီး တပ်ရင်းတပ်ဖွဲ့ဝင်တွေအတွင်းမှာ ကာကွယ်ရေး ဦးစီးချုပ်နဲ့ အပေါင်းအပါစစ်အာဏာရှင်တွေအတွက် အသက်ပေး အသေခံမယ့်အစား CDM လုပ်ရင် နိုင်ငံခြား တိုင်းပြည်တစ်ခုမှာ အခြေချနေထိုင်ခွင့်ရနိုင်တယ်ဆိုတဲ့ အတွေးအခေါ်ပြန့်ဝင်သွားခဲ့တဲ့အတွက် စစ်ကောင်စီခေါင်း ဆောင်တွေအနေနဲ့ ဒီကိစ္စကို ကာကွယ်တားဆီးဖို့ အပြင်းအထန်ကြိုးစားခဲ့ကြတယ်လို့ ပြောပါတယ်။
"CDM လုပ်လာပြီဆိုရင် ကြုံရမယ့် အခက်အခဲတွေက အများကြီး ဒါကို လုပ်လာတဲ့သူတွေက ရအောင် ကျော်ဖြတ်မှာပဲ။ စစ်တပ်က CDM တွေ စပါတဲ့အချိန်တုန်းက စစ်တပ်က CDM လုပ်မှာ အရမ်းကြောက်တယ်။ CDM ဆိုတာ မရှိဘူးပေါ့။ စစ်ပြေးပဲ သစ္စာဖောက်တယ် ဆိုပြီးသတ်မှတ်တယ်။ ဒါပေမယ့် CDM အင်အား ပြင်းထန်လာတဲ့အခါကျတော့ စစ်တပ်ထဲမှာ ဆိုင်းဘုတ်တွေ ထောင်ပြီးတော့ CDM လုပ်ရင် ဘယ်လိုပြစ်ဒဏ်တွေ ခံရမယ်၊ မိသားစုတွေ ဘယ်လိုမျိုး ဒုက္ခရောက်မယ် ဆိုပြီးတော့ သတိပေး ဆိုင်းဘုတ်တွေ ထောင်ပြီး လုပ်ရတာတွေတောင် ရှိတယ်။ အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ဗိုလ်မှူးမျိုးမင်းထွန်း ပြန်ဝင်သွားတယ် သူပြောဆိုတဲ့ဟာတွေနဲ့ ပတ်သက်ပြီးတော့ စစ်တပ်က သူ့ကို အသုံးချသွားတယ်။ ပြည်သူတွေနဲ့ CDM တွေကြားထဲကို သွေးခွဲလိုက်။ ပြီးတော့အစိုးရနဲ့ ကျွန်တော်တို့ CDM တွေကြားကို သွေးခွဲလိုက်တယ်။ စစ်တပ်ထဲမှာရှိတဲ့ သူရဲ့အောက်ခြေစစ်သားတွေ CDM မလုပ်တော့အောင်ဆိုတဲ့ ပုံစံမျိုးသူတို့ ဒါကို အသုံးချပြီး လုပ်သွားတယ်။ အမြတ်ထွက်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်ထဲမှာ CDM လုပ်တယ်ဆိုတာ အရမ်းရိုက်ခတ်တယ်။ဒါကြောင့်မို့လို့ ဒီဟာကို အသုံးချပြီး အမြတ်ထုတ်သွားတယ်။"

CDM ဆရာဝန် ဗိုလ်ကြီးမင်းမောင်မောင်ကလည်း ဗိုလ်မှူး မျိုးမင်းထွန်းဟာ သြစတေးလျကို ရောက်ရှိသွားတဲ့ အရာရှိစစ်သည်တွေပို့ပေးလိုက်တဲ့ငွေကြေးတွေကို သူကိုယ်တိုင် သုံးစွဲသွားသူတစ်ဦးဖြစ်ပါလျက် အခုလို လိမ်ညာပြောဆိုတာဟာ အင်မတန်ရွံရှာဖွယ်ဖြစ်တယ်လို့ ဝေဖန်ပါတယ်။
"မျိုးမင်းထွန်းက စကစ ဝါဒဖြန့် မီဒီယာကတဆင့်ပေါ့။ စစ်ကောင်စီ ဇာတ်ညွှန်းအတိုင်း မျိုးမင်းထွန်း ထွက်ဆိုသွားတာတွေက လိမ်ညာနေတာတွေဆိုတာကို ကျွန်တော်တို့ CDM တပ်မတော်သားတွေစုပေါင်းပြီး စာထုတ်လိုက်တာဖြစ်ပါတယ်။ တကယ်တော့ သူက အတွက်အချက်မှားတာဗျ။ သေမှာကြောက်တာရယ်၊ ဩစီသွားချင်လို့ ရယ် CDM လုပ်လာတယ်။ သူ့အဆင့်နဲ့ လျော်ညီစွာပဲ သက်တောင့်သက်သာနေရအောင်ပေါ့ဗျာ။ ဒါပေမယ့် သူ့ကို တော်လှန်ရေးထဲမှာ ပါဝင်ခွင့်မပေးခဲ့ပါဘူး။ သူ့ဆီက သူ့အဘတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေတော့ ကျနော်တို့ ရခဲ့တာပေါ့ဗျာ။ သူသွားချင်တဲ့ ဩစတေးလျကိုလည်း ထွက်ခွာဖို့ အတွက် လက်မှတ် ရပြီးသားပဲ။ ၆ လ ၁နှစ်တော့ စောင့်ရမှာပေါ့ဗျာ။ ဩစီသွားဖို့တောင် သူ စာတွေ ဘာတွေ သင်နေတာ။ နောက်ပြီးကျတော့လည်း ဩစီရောက်ပြီးသား အရာရှိစစ်သည်တွေက ထောက်ပံ့နေတာကိုလည်း သူသုံးစွဲနေတာပဲလေဗျာ။ အခုတော့ သူ အတွက်အချက်မှားပြီးတော့ သူ့ခင်ဗျာ စစ်ကောင်စီ အလိုကျ လိမ်လည်ပေးရပြီး ထောင်တောင်ကျအုံးမှာ။ ဆောက်ဖြစ်မှ ကျောင်းဒကာပေါ့ ဘယ်အချိန်လွတ်မှာလည်းမှ မသိတာ။ ဒီဘက်မှာသာ သူအောင့်အီးပြီးနေရင် အချိန်ကာလတစ်ခုမှာ သူ ဩစတေးလျားကိုရောက်မှာပဲလေ။ အခုတော့ သူ့မှာ အတွက်အချက်မှားပြီး မြွေပါလည်းဆုံး သားလည်းဆုံးပေါ့ဗျာ။"
CDM စစ်သည်အဖွဲ့ ၅ ဖွဲ့ရဲ့ စုပေါင်းထုတ်ပြန်ချက်နိဂုံးမှာတော့ မိမိတို့ CDM တွေအနေနဲ့ NUG နဲ့ ပူးပေါင်းပြီး CDM ကြိုဆိုရေးနဲ့ ထောက်ပံ့ရေးကိစ္စတွေကို အရှိန်မြှင့်ဆောင်ရွက်ကြမှာဖြစ်ကြောင်း၊ ခံယူချက်မရှိသူတွေ ထပ်မံပါဝင်လာခြင်းမရှိအောင် စိစစ်မှာဖြစ်ကြောင်းနဲ့ တော်လှန်ရေးအောင်မြင်ဖို့ မိမိတို့ ပိုမိုကြိုးစားဆောင်ရွက်မှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။