ပြည်သူ့ရင်ခွင်အဖွဲ့ကို ဆက်သွယ်တဲ့ စစ်သား၊ ရဲနဲ့ ဝန်ထမ်းတွေများလာ
2023.04.19

စစ်အာဏာရှင်ဆန့်ကျင်ရေး နှစ်နှစ်ကျော်ကာလမှာ ပြည်သူ့ရင်ခွင်အဖွဲ့က သတ်မှတ်လက်ခံထားတဲ့ တပ်တွင်းသတင်းရင်းမြစ်တွေဟာ တစ်နိုင်ငံလုံးက ကြည်းတပ်၊ လေတပ်၊ ရေတပ်တွေမှာ ရှိနေပြီလို့ ပြည်သူ့ရင်ခွင်အဖွဲ့ဝင် CDM ဗိုလ်ကြီး လင်းထက်အောင်က ပြောပါတယ်။
“နေရာတိုင်းမှာ ကျွန်တော်တို့ရဲ့ ဖရဲသီးရှိတယ် လေတပ်မှာလည်းရှိတယ်၊ ရေတပ်မှာလည်း ရှိတယ်၊ ကြည်းတပ်မှာလည်း ရှိတယ် နောက်ဆုံး မင်းအောင်လှိုင်နေတဲ့ နေပြည်တော်မှာလည်း ကျွန်တော်တို့ရဲ့ ဖရဲသီးရှိတယ်။ ဒါကတကယ်ရှိတယ် အဲဒါကြောင့်မို့လို့လည်း ကျွန်တော်တို့ ဒီနေ့လုပ်နိုင်နေတဲ့အရာတွေက ဒါတွေရဲ့ အကျိုးဆက်တွေကြောင့်လို့ ပြောလို့ရပါတယ်။ ဘယ်လောက်ရှိပြီလဲဆိုရင်တော့ ကျွန်တော်တို့ ၅၀ ရာခိုင်နှုန်းလောက်ထိ ရှိတယ် လူအရေအတွက်အရဆိုရင် သေသေချာချာတော့ ပြောလို့တော့ မရဘူးပေါ့။”
အရင်စစ်အာဏာရှင် ဆန့်ကျင်ရေးတွေနဲ့ မတူဘဲ အခုတော်လှန်ရေးမှာ ထောက်လှမ်းရေးကွန်ရက်တစ်ခု ဖန်တီးပေးထားနိုင်နေပြီလို့ CDM ဗိုလ်ကြီး လင်းထက်အောင် က ပြောပါတယ်။
“စစ်တပ်ရဲ့ထောက်လှမ်းရေး အရမ်းအားကောင်းလို့ အရင်တော်လှန်ရေးတွေ ကျဆုံးခဲ့တာလို့ ပြောရင် ပြောလိမ့်မယ်။ ဒါပေမဲ့ အခုတော်လှန်ရေးမှာတော့ ကျွန်တော်တို့သည် ထောက်လှမ်းရေး network တစ်ခု ဖန်တီးပေးထားနိုင်ပြီ။ အဲဒီ network နဲ့လည်း ကျွန်တော်တို့ အတူတူအလုပ်လုပ်နေတယ်။ ဒီ network ကို ပိုမိုအားကောင်းအောင်တော့ ပြည်သူလူထုရော တပ်တွင်းကနေပြီးတော့ ဖရဲသီးတွေရော အားကတော့ ကျွန်တော်တို့ အလိုရှိတယ်။ စစ်တပ်ကြီးပျက်စီးဖို့ အတွက်ပေါ့နော် ထောက်လှမ်းရေး network က အရေးပါအားကောင်းနေပြီလားဆို အဲလောက်ထိတော့ ကျွန်တော်တို့ ပြောလို့မရသေးဘူး အဲဒါကို အားကောင်းအောင် လုပ်ပေးဖို့အတွက်ကတော့ ပြည်သူလူထုနဲ့ တော်လှန်သူတွေ အားလုံးမှာ တာဝန်ရှိတယ် ဒါအရေးမကြီးလို့ မသတ်မှတ်စေချင်ဘူး။”
ပူးပေါင်းကြမယ့်သူတွေကိုလည်း မနစ်နာအောင် ဆုကြေးငွေ သတ်မှတ်ထားပြီး လာရောက်ဆက်သွယ်ချိန်မှာ ဆုကြေးငွေပမာဏကို သတင်းတွေအပေါ် မူတည်ပြီး ပေးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
ဒီအတောအတွင်း စစ်ကောင်စီတပ်သားနဲ့ ရဲဝန်ထမ်းတွေ ပြည်သူ့ရင်ခွင်ခိုလှုံပြီး တပ်တွင်းသတင်းတွေကို ပေးပို့ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ပါဝင်ကြဖို့ လှုံ့ဆော်စာတွေကို ဧပြီလ ၁၉ ရက်နေ့မှာ ရန်ကုန်နဲ့ မန္တလေး လူစည်ကားတဲ့ နေရာ၊ လမ်းမတွေပေါ်မှာ ဖြန့်ဝေခဲ့ပါတယ်။
ဧပြီလ ၁၉ ရက်နေ့ လှုပ်ရှားမှုကိုလည်း People's Embrace (ပြည်သူ့ရင်ခွင်) ဦးဆောင်မှုနဲ့ မြို့ပြတော်လှန်ရေးအင်အားစုတွေဖြစ်ကြတဲ့ Kyimyindaing Networks (K.M.D18) နဲ့ Mayangone Democratic Front (M.D.F) တို့ကဖြန့်ဝေခဲ့တာပါ။
“နေရာတိုင်းမှာ ကျွန်တော်တို့ရဲ့ ဖရဲသီးရှိတယ် လေတပ်မှာလည်းရှိတယ်၊ ရေတပ်မှာလည်း ရှိတယ်၊ ကြည်းတပ်မှာလည်း ရှိတယ် နောက်ဆုံး မင်းအောင်လှိုင်နေတဲ့ နေပြည်တော်မှာလည်း ကျွန်တော်တို့ရဲ့ ဖရဲသီးရှိတယ်"
Mayangone Democratic Front (M.D.F) အဖွဲ့ဝင်တစ်ဦးက တပ်တွင်းသတင်းရင်းမြစ်တွေ အနေနဲ့ ပြည်သူနဲ့အတူ ပူးပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးမှာ ပါဝင်ကြဖို့ တိုက်တွန်းလိုကြောင်း လုံခြုံရေးနဲ့အသက်အန္တရာယ်ကြောင့် အမည်မဖော်ဘဲ ပြောပါတယ်။
“တပ်တွင်းက အရင်းအမြစ်တွေကို ဘာပြောချင်လဲဆိုတော့ အဖြေဆိုတာပေါ့လေ သူများပေးတာထက် စာရင် ကိုယ်ကိုယ်တိုင်လည်း အဖြေရှာဖို့လိုတယ်။ ကျွန်တော်တို့ ပြည်သူနဲ့ တော်လှန်ရေးကာကွယ်ရေးတပ်သားတွေ တိုက်နေတာသည် အကြမ်းဖက်ပေါ့လေ အာဏာသိမ်းမင်းအောင်လှိုင်နဲ့ အာဏာရူးတစ်သိုက်ကို တိုက်နေတာ အောက်ခြေတပ်သားတွေ အနေနဲ့က CDM တံခါးကြီးကတော့ ပိတ်ခါနီးပြီးပေါ့ဗျာ။ ဒါပေမဲ့လည်း အချိန်မီ ရှိသေးတယ်။ ကိုယ့်ဟာကိုယ် အမြန်ဆုံးစဉ်းစားအဖြေထုတ်ပြီးတော့ ပြည်သူနဲ့ လက်တွဲပါ။ တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲပြီးတော့ စစ်အာဏာရှင်စနစ်ကို ပူးပေါင်းတိုက်ဖို့ အတွက် ကျွန်တော်ကတော့ လှုံ့ဆော်ချင်တယ် ဖိတ်ခေါ်ချင်တယ်”
စစ်တပ်အကြောင်း ဝါဒဖြန့်ရေးသားနေပြီး စစ်ဗိုလ်ဟောင်းတွေနဲ့ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက စစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်ဆောင်သူတွေအနေနဲ့ မနိုင်မှန်းသိလို့ စစ်သားတွေနဲ့ရဲဝန်ထမ်းတွေကို ဆွဲဆောင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
“တော်လှန်ရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ မျှော်မှန်းပြီးတော့ လုပ်တဲ့ကိစ္စရပ်ကိုပေါ့နော်။ တစ်ခုတော့ မြင်လို့ရတယ်ပေါ့။ ပုံမှန်သွားနေတာကနေ တော်လှန်ရေးဟာ အောင်မြင်ရမယ်။ ဘယ်လိုသွားတယ် ဘယ်လိုရည်မှန်းချက်ချတယ်ဆိုပြီးတော့ အဲဒီရည်မှန်းချက်တွေ မပြည့်မီတဲ့အခါကျတော့ နောက်ထပ်ပုံစံတစ်မျိုး ပြောင်းလာတယ်ဆိုတဲ့ဟာမျိုး သေချာတာကတော့ သူတို့တော်လှန်ရေး အောင်မြင်မှုမရတဲ့အခါကျတော့ ပုံစံတစ်မျိုး ပြောင်းပြီးတော့ အပျော့နည်းအရ လမ်းကြောင်းတစ်ခုဖော်တယ်လို့ပဲ သုံးသပ်ပါတယ်”

စစ်ကောင်စီတပ်သားနဲ့ ရဲဝန်ထမ်းတွေကို အခုလို ဖိတ်ခေါ်တာဟာ တော်လှန်ရေးမနိုင်လို့ အပျော့ဆွဲပြီး ဖိတ်ခေါ်နေတာ မဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
“အပျော့ဆွဲ ဆွဲနေတာ မဟုတ်ဘူး။ မသိလိုက်ရမရှိအောင် ကျွန်တော်တို့ရဲ့ ပြည်သူ့ရင်ခွင်တံခါးဟာ လက်ရှိအချိန်မှာ ဖွင့်ထားဆဲဖြစ်တယ်။ ဒါပေမဲ့ ဒီတံခါးဟာ အမြဲတမ်းကြီးတော့ ကျွန်တော်တို့ ဖွင့်ထားမှာ မဟုတ်ဘူး။ လက်ရှိအချိန်မှာ ပြည်သူ့ဘက်ရပ်တည်မယ်ဆိုရင် ပြည်သူ့သားကောင်း အဖြစ်နဲ့ ကျွန်တော်ပြောခဲ့တဲ့ ခံစားခွင့်တွေကို ခံစားရမှာ ဖြစ်တယ်။ အချိန်တစ်ခုရောက်လာလို့ တံခါးပိတ်လိုက်ပြီဆိုတဲ့ အချိန်ကျရင်တော့ ဒီလိုခံစားခွင့်တွေ ဒါရတော့မှာမဟုတ်ဘဲ အကြမ်းဖက်စစ်တပ်ရဲ့အလိုတူအလိုပါတွေအဖြစ်နဲ့ပဲ ရှေ့မှာပြည်သူတွေ စီရင်တဲ့ တရားစီရင်မှုကို လက်ခံရမှာ ဖြစ်တယ်ပေါ့နော်။ အဲဒီတော့ မသိလိုက်ရ မရှိအောင် ကျွန်တော်တို့ အသိပေးနေခြင်းဖြစ်တယ် နည်းလမ်းပေါင်းစုံနဲ့”
အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကလည်း ၂၀၂၃ ခုနှစ်ဧပြီလ ၂ ရက်နေ့က တပ်မတော်သားတွေ ရဲဝန်ထမ်းတွေအနေနဲ့ ပြည်သူ့ဘက်ကို ကူးပြောင်းဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။
စစ်ကောင်စီ အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကာလမှ အာဏာဖီဆန်ရေး CDM လုပ်လာတဲ့ ရဲနဲ့ စစ်သား စုစုပေါင်း တစ်သောင်းခြောက်ထောင်လောက် ရှိနေပြီလို့ ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်လက်အောက်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ရဲနဲ့စစ်သားတွေ ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့ နောက်ဆုံးအချိန်ရောက်နေပြီလို့ ပြီးခဲ့တဲ့မတ်လထဲမှာ ပြောဆိုထားပါတယ်။
ပြည်သူ့ရင်ခွင်အဖွဲ့ရဲ့စာရင်းတွေအရ စစ်အာဏာရှင်တော်လှန်ရေးအတွင်း စစ်ကောင်စီခေါင်းဆောင်ကို ကာကွယ်ရင်း သေဆုံးသွားခဲ့တဲ့ စစ်ကောင်စီ တပ်သားနဲ့ ရဲ စုစုပေါင်းသုံးသောင်းကျော်ပြီလို့ ပြောပေမယ့် RFA အနေနဲ့ ဒီအရေအတွက်အပေါ် သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။