ပျောက်ဆုံးနေတဲ့ CDM ဗိုလ်မှူးမျိုးမင်းထွန်း စစ်ကောင်စီစေလွှတ်ခဲ့တဲ့ သူလျှိုလား

2022.10.03
ပျောက်ဆုံးနေတဲ့ CDM  ဗိုလ်မှူးမျိုးမင်းထွန်း စစ်ကောင်စီစေလွှတ်ခဲ့တဲ့ သူလျှိုလား ပဲခူးတိုင်း၊ တောင်ငူခရိုင် ကျောက်ကြီးမြို့အခြေစိုက် စစ်ကောင်စီအမှတ် ၃၅၁ ခြေမြန်တပ်ရင်း တပ်ရင်းမှူးဖြစ်သူ ဗိုလ်မှူး မျိုးမင်းထွန်း။
Photo: Citizen Journalist

အခုနှစ် မတ်လက ပဲခူးတိုင်း၊ တောင်ငူခရိုင် ကျောက်ကြီးမြို့အခြေစိုက် စစ်ကောင်စီအမှတ် ၃၅၁ ခြေမြန်တပ်ရင်း က တပ်ရင်းမှူးဖြစ်သူ ဗိုလ်မှူး မျိုးမင်းထွန်းဟာ ထိုင်း - မြန်မာ နယ်ခြား ဒေသ လွတ်မြောက်နယ်မြေတစ်နေရာကို CDM အာဏာဖီဆန်ရေး လူထုလှုပ်ရှား မှုမှာ ပါဝင်ဖို့အတွက်လို့ ပြောဆိုကာ ရောက်ရှိလာခဲ့ပါတယ်။

ဒါ့အပြင် သူဟာ စစ်ကောင်စီက စေလွှတ်လိုက်တဲ့ သူလျှိုတစ်ဦးဖြစ်နိုင်တယ်ဆိုတဲ့ ဝေဖန်သံတွေလည်း ဒီမိုကရေစီအင်အားစုတွေအကြား ထွက်ပေါ်နေပါတယ်။ စစ်ကောင်စီဘက်လိုက်ရေးသားသူတွေတချို့ကတော့ သူ့ကိုဖမ်းဆီးမိတယ်လို့ ပြောဆိုရေးသားနေကြတာ မြင်ရပါတယ်။

ဗိုလ်မှူးမျိုးမင်းထွန်းဟာ လွတ်မြောက်နယ်မြေမှာ တခြားသူနဲ့ဘဝတူ CDM စစ်သည်ဟောင်း တချို့ နဲ့ အတူနေထိုင်ခဲ့ရာကနေ ပြီးခဲ့တဲ့ ငါးရက်ခန့်က ပျောက်ဆုံးသွားပါတယ်။ အခုနောက်ဆုံးရ သတင်းတွေအရ ပြည်တွင်းကို ပြန်လည်သွားရောက်စဉ် သူ ဖမ်းဆီးခံခဲ့ရတယ်လို့ အနီးကပ် ဆက်ဆံခဲ့သူတချို့က RFA ကို ပြောဆိုကြသလို တချို့ကလည်း စစ်ကောင်စီထံ ပြန်လည် လက်နက်ချတာဖြစ်တယ်လို့ ကြားသိရကြောင်း ပြောပါတယ်။

ဗိုလ်မှူးမျိုးမင်းထွန်းကို လွတ်မြောက်နယ်မြေရောက်ရှိရေးအတွက် ကူညီခဲ့တဲ့ CDM ဗိုလ်ကြီးညီသုတ က ....

"ကိုမျိုးမင်းထွန်းက ၂၀၂၂ မတ်လပိုင်းလောက်မှာ ကျနော်တို့နဲ့ ချိတ်ဆက်ပြီး CDM လုပ်ခဲ့တယ်။ နောက်ပိုင်း ဧပြီလလောက်ထိ ကူညီခဲ့တာ ရှိတယ် ဒါပေမဲ့ နောက်ပိုင်းမှာ တော့ သူ့အနေနဲ့ ကျနော်တို့ဆီက ယူတာမျိုးတွေမရှိဘူး။ အဲဒီနောက်ပိုင်းမှာလည်း ကျနော်တို့နဲ့ အဆက်အသွယ်မရှိတော့ဘူး။ အခုကတော့သူက စစ်ကောင်စီလက်ထဲ ပြန်ရောက်သွားပြီဆိုပြီး ကျနော်တို့ ကြားရတယ်။ ဒါပေမဲ့ ကျနော့်အနေနဲ့ကတော့ နောက်ဆုံးအခြေအနေ မသိသေးဘူးဗျ။ တကယ်ရောက်တာလည်း ဖြစ်နိုင်တယ်။ ဒါမှ မဟုတ် မရောက်တာလည်းဖြစ်နိုင်တယ်။ သို့သော်လည်း ကိုမျိုးမင်းထွန်းနဲ့က အဆက်အသွယ်ပြတ်သွားတာသေချာတယ်။ ဒီကိစ္စကတော့ CDM တွေ အတွက်ဆို တော်တော့ကို ယုံကြည်မှုထိခိုက်စေတဲ့ ကိစ္စပေါ့ဗျာ။ ပြန် မိသွားတာပဲဖြစ်ဖြစ် ပြန် အဖမ်းခံတာပဲဖြစ်ဖြစ် ဒီလိုမျိုး ဖြစ်သွားတဲ့အပေါ်မှာလည်း ပြန်ပြီး ကိုယ့် CDM အချင်းချင်း တော်လှန်ရေးအင်အားစုတွေရဲ့အကြောင်းတွေ ပြန်ဖော်တာမျိုးဆိုရင် ယုံကြည်မှုလည်း ပျက်ပြားစေနိုင်တဲ့ ကိစ္စလို့ မြင်ပါတယ်ဗျ။ ပြည်သူတွေက CDM အပေါ်မှာ ယုံယုံကြည်ကြည်နဲ့ လက်ခံပေးကြတယ်။ ဒီအပေါ်မှာ CDM လုပ်လာတဲ့ စစ်သားတွေကလည်း တန်ဖိုးထားသင့်တာပေါ့။ ကိုယ်က မတော်တဆ ပြန်မိသွားတာမျိုး ပဲဖြစ်ဖြစ် ကိုယ့်ရဲ့ တော်လှန်ရေး ရဲဘော်အချင်းချင်းမှာ ဖော်တာတွေက လုံးဝမလုပ်သင့် ဘူးပေါ့။ အထူးသဖြင့်တော့ ပြည်သူလူထုရဲ့ ယုံကြည်မှုအပေါ်မှာ အလွဲသုံးစားမလုပ် သင့်ဘူးပေါ့ဗျာ။ ဒီလိုလုပ်တဲ့ ရှိတဲ့သူတွေကြောင့်လည်း ကျနော်တို့လည်း ပြည်သူကို အင်မတန် ပြန်အားနာမိပါတယ်"

ပြီးခဲ့တဲ့ မတ်လမှာ လွတ်မြောက်နယ်မြေရောက်ရှိခဲ့စဉ်က ဗိုလ်ကြီးညီသုတနဲ့ အမေးအဖြေ ပြုလုပ်စဉ် ဗိုလ်မှူး မျိုးမင်းထွန်း က ခုလို ပြောဆိုခဲ့ဖူးပါတယ်။

"တအားကြီး ကြာနေပြီ။ ဒီတိုင်းကြာနေရင် ပြည်သူကလည်း ဒုက္ခရောက်မယ်။ ကိုယ်တို့ စစ်သားတွေလည်း ပိုပြီးတော့ ဒီထက်ဆိုးကျိုးတွေ ခံစားနေရဦးမယ်။ သေကြဦးမယ်။ အစ်ကိုတို့ကတော့ ထိခိုက်သေကြေပျက်စီးမှုကို အနည်းဆုံးဖြစ်စေချင်တာပေါ့။ အနည်းဆုံးနဲ့ ဒီဟာကို ပြီးသွားစေချင်တာ။ အဲဒါနဲ့ပဲ CDM လုပ်ဖို့ ဆုံးဖြတ်လိုက်တာပါ"

ဗိုလ်မှူးမျိုးမင်းထွန်းဟာ လွတ်မြောက်နယ်မြေမှာ နေထိုင်ခဲ့တဲ့ ခြောက်လခန့်အတွင်း စစ်ကောင်စီကို တော်လှန်ရေးသမားတွေအနေနဲ့ အနိုင်ရရှိဖို့ မလွယ်ကူကြောင်း မကြာခဏ ပြောဆိုလေ့ရှိသလို လက်ရှိနေထိုင်ရတဲ့ အခက်အခဲတွေကို စိတ်ပျက်ကြောင်းလည်း ညည်းညူလေ့ရှိတယ်လို့ သူနဲ့ အနီးကပ်ဆက်ဆံခဲ့သူတွေက ပြောပါတယ်။ သူ့ဇနီးဖြစ်သူ ဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ထောက်ခံသူဖြစ်တယ်လို့လည်း ဆိုပါတယ်။

နိုင်ငံရေးလေ့လာသူ ရှေ့နေဦးကြီးမြင့်က ဒီအဖြစ်အပျက်ဟာ တော်လှန်ရေးသမားတွေ အတွက် သတိပေးခေါင်းလောင်းသံဖြစ်တယ်လို့ ပြောပါတယ်။

"CDM ဆိုတာဘယ်လို CDM မျိုးလဲဆိုတာ စိစစ်ပါ။ နောင်အခါမှာ ကိုယ့်ဘက်က အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေ၊ အသက်တွေ ပါသွားနိုင်ပါတယ်။ အခုပျောက်သွားပြီ ဆိုကတည်းက ကျနော်တို့ ပေါ့ဆမှုနဲ့ တာဝန်ရှိမှုကတော့ ပေါ်နေပြီ။ နောင်အခါမှာ ကိုယ့်ဘက်ကလူကြီးတွေရဲ့ အသက် အန္တရာယ် စစ်ဘက်လုံခြုံရေးကို ထိခိုက်မှာကို စိုးရိမ်တယ်ဗျ အဲဒါတော့ ကျနော်ပြောချင်တယ်"

နိုင်ငံရေးလေ့လာသူ နောက်တစ်ဦးဖြစ်တဲ့ ဦးသန်းစိုးနိုင်ကလည်း စစ်ကောင်စီ လက်အောက်က ထွက်လာပူးပေါင်းသူတွေကို ကြိုဆိုရမှာဖြစ်သလို သတိထား စောင့်ကြည့်ဖို့ လိုအပ်တယ်လို့ ဝေဖန်ပါတယ်။

"သူတို့အတွက်လုံလောက်တဲ့ တာဝန်ပေးမှု ခံစားမှု လုံလောက်တဲ့ လုံခြုံမှုပေးမှု၊ ဒါတွေ မပြည့်စုံတွေ အတွက်လည်းပြန်သွားတာ ဖြစ်နိုင်ပါတယ်။ ယုံကြည်မှု မပြိုကွဲအောင် တစ်ဖက်က လုပ်ဆောင်ရမှာဖြစ်သလို တစ်ဖက်ကလည်း ကိုယ့်ဘက်က လျှို့ဝှက်ချက် တွေ၊ မလိုအပ်တဲ့ ပေါက်ကြားမှုတွေ မဖြစ်ဖို့အတွက် ကျနော်တို့ဘက်က သတိထားမှု တွေ အချက်ပေးလိုက်တဲ့ ကိစ္စလို့ပဲမြင်ရပါတယ်။ အထူးသဖြင့် အရာရှိအဆင့်ပုဂ္ဂိုလ်တွေ CDM လုပ်လာပြီဆိုရင်တော့ သူတို့အပေါ် ယုံယုံကြည်ကြည်ဆက်ဆံရင်းနဲ့ ကာလတစ်ခု စောင့်ကြည့်ဖို့ လိုအပ်လာလိမ့်မယ်လို့ ကျနော်က အကြံပြုချင်ပါတယ်"

အခုလို ဗိုလ်မှူးမျိုးမင်းထွန်း လက်နက်ချသွားတယ်ဆိုတဲ့ သတင်းကြောင့် သူနဲ့အတူ နေခဲ့သူတွေ အလျင်အမြန် နေရာပြောင်းရွှေ့ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။