ရွှေကုက္ကိုတိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာသူတွေကို CDM ဆေးဝန်ထမ်းတွေကူညီ

တင်အောင်ခိုင်
2023.04.11
ရွှေကုက္ကိုတိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာသူတွေကို CDM ဆေးဝန်ထမ်းတွေကူညီ ရွှေကုက္ကိုမြို့အနီးတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ထွက်ပြေးလာရသည့် ဒုက္ခသည်များအား ကုသပေးနေသော CDM ဆရာဝန်တချို့။
Citizen Journalist

ထိုင်းနိုင်ငံဘက်ရောက်နေသူ ဒုက္ခသည်တွေ အထူးသဖြင့် ထိုင်းအာဏာပိုင်တွေ နေရာချထားပေးတဲ့ နေရာတွေမှာ နေထိုင်သူတွေကို တိုက်ပွဲသံနည်းနည်းငြိမ်တာနဲ့ အိမ်ပြန်ဖို့ ဖိအားပေးတာတွေ ခံရတယ်လို့ အကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။

ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ မေမေ့ရင်ခွင်အဖွဲ့က ကိုသန်းမြင့်အောင်ပြောတာက

“တိုက်ပွဲကတော့ ဖြစ်တယ် ဆိုတဲ့ သတင်းတွေက တက်နေတုန်းပဲ။ ဒါပေမဲ့ ထိုင်းစစ်တပ်ဘက်က သူတို့ကို ပြန်ခိုင်းတယ်လို့ ကြားတယ်။ အခုလက်ရှိကျန်နေတာက ထိုင်းစစ်တပ် မသိတဲ့နေရာမှာ နေနေကြတဲ့သူတွေ။ သူတို့က အကူအညီလည်း မတောင်းဘဲ ပုန်းနေကြတာ။ အခုမှ တချို့က ကျွန်တော်တို့ကို ဆက်သွယ်လာလို့ သွားကူညီရတာ နှစ်ရက်ရှိပြီ”

ဒုက္ခသည်စခန်းတွေမှာ လတ်တလော ရိက္ခာအကူအညီလုံလောက်နေပေမယ့် တချို့စခန်းတွေမှာ စခန်းတစ်ခုလုံး ဖျားနာနေတာမျိုး တချို့ရေကျောက်လို ရောဂါမျိုးတွေ ဖြစ်နေကြပါတယ်။

ဒီအခြေအနေအတွက် ၉ဝ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဒေါက်တာစန်းအောင်က New Myanmar Foundation ဆိုတဲ့ အဖွဲ့ဖွဲ့ပြီး အကူအညီပေးနေတယ်လို့ ပြောပါတယ်။

“လိုအပ်နေတာက ကျန်းမာရေးစောင့်ရှောက်ကုသမှုပေါ့။ အဲ့ဒါလိုနေတယ်။ အဲ့ဒါက ကျွမ်းကျင်တဲ့ ဆရာဝန် ဆရာမတွေလည်း ရှိမှ။ နောက်ပြီး အဆက်အသွယ်လည်းရှိမှ စခန်းထဲကို ဝင်ဖို့ ဆေးကုတဲ့ အလုပ်ကဒီဘက်မှာ တရားမဝင်ဘူး ဖမ်းလို့ရတယ်။ အဲ့ဒါတွေညှိပြီး လုပ်ရတာပေါ့”

ဒီအဖွဲ့မှာပါဝင်ကူညီသူတွေဟာ CDM ဆရာဝန်နဲ့ သူနာပြုတွေ ဖြစ်ကြပါတယ်။ CDM သူနာပြုဆရာမတစ်ဦးကတော့ သူတို့ ဆရာဝန်တစ်ဦးနဲ့ အတူ ဒုက္ခသည်တွေကို အကူအညီပေးပါတယ်လို့ ပြောပြပါတယ်။

“ကျန်းမာရေးအတွက် လိုအပ်နေတဲ့အတွက် ဝင်ကူကြတာပေါ့။ New Myanmar Foundation မှာ ဒေါက်တာမွန်းရှိတယ်။ အထက်တန်းသူနာပြု သုံးဦးရှိတယ်။ အဲ့ဒါနဲ့ သွားကြတာပေါ့”

မြန်မာနိုင်ငံဘက်က ဆရာဝန်ဆရာမတွေ လာရောက်ကုသပေးတဲ့အတွက် အားသာချက်တွေ အများကြီးတွေ့ခဲ့ရတယ်လို့ ကိုသန်းမြင့်အောင်က ပြောပါတယ်။

“စစ်ဘေးရှောင်စခန်းတွေကို ထိုင်းရဲ့ကျန်းမာရေးဌာနကလည်း လာတယ်။ ဒါပေမဲ့ ဘာကွာသလဲဆိုတော့ စစ်ဘေးရှောင်တွေက ကရင်တွေ တချို့ဗမာစကားတောင်မတတ်ဘူး ထိုင်းစကားလည်းမတတ်ဘူး။ ဒါပေမဲ့ ဗမာဆရာဝန်တွေ ကုရင် ဘေးမှာ ဘာသာပြန်ပေးမယ့်သူရှိတယ်။ ထိုင်းဆရာဝန်တွေနဲ့ကျတော့ ဘာသာစကား အခက်အခဲနဲ့ ဝေဒနာရှင်တွေ မသက်သာကြဘူး။ ဒါပေမဲ့ အခက်အခဲတွေတော့ ရှိတယ် စခန်းထဲကို ဝင်တာကအစ အကန့်အသတ်ရှိတယ်၊ ထိုင်းစစ်တပ် မရှိတဲ့နေရာတွေမှာတော့ လွတ်လွတ်လပ်လပ် ကုသပေးလို့ရတယ်”

ကိုသန်းမြင့်အောင် ပြောပြသွားတာပါ။ စစ်ဘေးဒုက္ခသည်တွေအနေနဲ့ စခန်းတွေမှာထက် ကိုယ့်အိမ်ကိုယ်ယာတွေမှာပဲ နေထိုင်လိုကြတာပါ။

ဒါပေမဲ့ တိုက်ပွဲသံတွေက နည်းနည်းကြဲလာတယ်ဆိုပေမယ့် ဖြစ်နေဆဲပါ။

ဧပြီလ ၁၁ရက်နေ့ မနက်ပိုင်းမှာ မြဝတီမြို့အနီး လေကြောင်းက တိုက်ခိုက်မှုတွေ ရှိနေပြီး BGF တပ်တွေဘက်က လက်နက်ကြီးတွေ တစ်မနက်လုံး ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောနေပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။