စစ်ကောင်စီဖိတ်ခေါ်မှုကို CDM ကျန်းမာရေးဝန်ထမ်းအများစု ငြင်းဆို

2022.07.15
စစ်ကောင်စီဖိတ်ခေါ်မှုကို CDM ကျန်းမာရေးဝန်ထမ်းအများစု ငြင်းဆို မန္တလေးမြို့၊ ကျန်းမာရေးမိသားစုက စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ၂၀၂၁ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့က ဆန္ဒပြကြစဉ်
Photo: Citizen Journalist

အာဏာသိမ်းပြီးနောက်တစ်ရက် မန္တလေးက ဆရာဝန်တွေ စတင်လိုက်တဲ့ CDM လှုပ်ရှားမှု ဟာ စစ်ကောင်စီရဲ့ ယန္တရားတချို့ ရပ်တန့်သွားတဲ့အထိ အားကောင်းခဲ့သလို ၂၀၂၂ ခုနှစ် နိုဗယ်ငြိမ်းချမ်းရေးဆု အမည်စာရင်း တင်သွင်းခံရတဲ့အထိ ကမ္ဘာက အာရုံစိုက်ခဲ့တာပါ။

စစ်ကောင်စီကတော့ ပြိုလဲသွားတဲ့ ကျန်းမာရေးကဏ္ဍကို ပြန်လည်ဖာထေးဖို့ မကြာခဏ ဆိုသလို CDM မှာပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေ မူလတာဝန်ပြန်လည်ထမ်းဆောင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

အခက်အခဲအမျိုးမျိုးကြောင့် စစ်ကောင်စီလက်အောက် အလုပ်ပြန်ဝင်သွားတဲ့ ကျန်းမာရေး ဝန်ထမ်းတွေရှိပေမယ့် ဧရာဝတီတိုင်းက CDM အထွေထွေရောဂါကု ဆရာဝန်တစ်ဦး ကတော့ အလုပ်ပြန်မလုပ်နိုင်ဘူးလို့ ပြောပါတယ်။

"စဖြစ်ကာစတုန်းက နှစ်လပိုင်း၊ သုံးလပိုင်းလောက်တုန်းကတော့ ရပ်ဆိုင်းလုနီးပါးအထိ ဖြစ်သွားခဲ့တာပေါ့၊ ၂၀၂၁ လေးလပိုင်းကျတော့ တချို့တွေ ပြန်ဝင်ကြတယ်ပေါ့၊ အကြီးပိုင်းတွေ အရာရှိရော၊ အကြီးပိုင်းတွေနဲ့ နီးစပ်ရာလူတွေက အကုန်လုံး ပြန်ပြန်ပြီး တော့ ပြန်ဝင်ကြတယ်၊ ဒါပေမဲ့ ဆေးရုံတွေမှာ Well Fine တော့ အကုန်မဖြစ်ဘူး၊ ဆရာမတွေရော၊ Worker တွေရော အခုချိန်ထိ အောက်ခြေဝန်ထမ်းတွေကအစ CDM လုပ်နေကြတယ်။ တချို့ လိုင်းခန်းမှာနေတဲ့သူတွေကျတော့ မဖြစ်မနေ ပြန်ဝင်ကြတယ်၊ သူတို့ကလည်း နေစရာမရှိတော့ CDM လုပ်ဖို့ကလည်း အတိုင်းအတာတစ်ခုအထိပဲ လုပ်လို့ရတော့ ပြန်ဝင်ကြတာပေါ့နော်၊ သူတို့ဆီ ပြန်ဝင်ဖို့ကတော့ တော်တော်ကြီး စဉ်းစားရမှာပဲ၊ ကျနော်တို့က နဂိုကတည်းက ပြန်ဝင်ချင်တဲ့ ဆန္ဒလည်း မရှိပါဘူး၊ အဲဒါကြောင့်မို့လို့လည်း ပြန်မဝင်ပါဘူး"

အလုပ်ပြန်ဝင်ဖို့ ကမ်းလှမ်းချက်ကို ငြင်းဆန်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုတော့ စစ်ကောင်စီက ဖမ်းဆီးတာ၊ ဆေးကုသခွင့်လက်မှတ် (ဆမ) ပြန်သိမ်းတာတွေအပါအဝင် ပုံစံမျိုးစုံနဲ့ ပစ်မှတ်ထား ဖိနှိပ်နေလို့ ကျီးလန့်စာစား ဖြစ်နေရတယ်လို့ အမည်မဖော်လိုတဲ့ ရန်ကုန်က CDM ဆရာဝန်တစ်ဦးက RFA ကို ပြောပါတယ်။

"အာဏာသိမ်းတာ တစ်နှစ်ခွဲကျော်ကြာတဲ့အခါ ကျနော်တို့ဘက်က ဘာတွေပြောင်းလဲ လာလဲဆိုတော့ ကျနော်တို့ဆိုလည်း Continue CDM ဖြစ်နေတယ်ပေါ့၊ နေရထိုင်ရတာ အရမ်းခက်ခဲလာတယ်။ ဆရာဝန်ဆိုတာ လုပ်ကိုင်စားသောက်ဖို့ရာ အရမ်းမခက်ခဲ ပေမယ့် ကျနော်တို့ဆိုရင် ဆေးခန်းထိုင်တဲ့အခါ နာမည်ဆိုင်းဘုတ် မတပ်ရဲတော့တာ၊ ကိုယ့်ရဲ့ ကိုယ်ပိုင်နာမည် ကိုယ်ပိုင်ဆမနဲ့ တံဆိပ်တုံးကို လူတိုင်းကို မထုပေးရဲတော့တာ၊ အိမ်ပင့်တွေလိုက်တဲ့အခါကျရင် စိုးရိမ်ကြီးစွာနဲ့ အဆင်ရောပြေပါ့မလား လိုက်ရတာ၊ ဆေးခန်းဖွင့်တဲ့အခါကျရင် မိုးမမှောင်ခင် ပိတ်ရတာမျိုးတွေက ကျနော်တို့ဆရာဝန်ဘဝ မှာ တစ်ခါ မကြုံခဲ့ဖူးဘူး၊ အခုဆို ကျီးလန့်စာစား အဲလိုတွေ ဖြစ်လာတယ်ပေါ့"

health-workers-protest-pathein.jpg
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ဆန္ဒပြကြစဉ် (Photo: RFA)

ကချင်ပြည်နယ်က CDM ဆရာဝန်တစ်ဦးကလည်း ပြည်တွင်းဆေးရုံ၊ ဆေးခန်းတွေမှာ အလုပ်လုပ်ကိုင်ခွင့်မရတာမို့ ဘဝရပ်တည်ရေးအတွက် ရုန်းကန်နေရတယ်လို့ ပြောပါတယ်။

"ကျနော်တို့ တခြားဘွဲ့တွေ ထပ်ယူလို့မရတာရှိတယ်၊ ပြီးတော့ ဆားဗစ်မရတာတွေ၊ စပယ်ရှယ်လစ် လိုင်စင်တွေ ကျနော်တို့ကို ပေးမလျှောက်တာရှိတယ်။ နောက်တစ်ခုက နိုင်ငံခြား ထွက်လို့မရဘူး။ ပြီးရင် အလုပ်တွေဆိုရင်လည်း CDM မို့လို့ဆိုပြီးတော့ မခေါ်တဲ့ဆေးရုံတွေလည်း ရှိတယ်။ အဲလိုမျိုးတွေတော့ ရှိတာပေါ့နော်။ အဓိကကတော့ အလုပ်အကိုင်အခက်အခဲဖြစ်တယ်။ ပြီးရင် လိုင်စင်မပေးဘူးပေါ့၊ ကိုယ့်ဘာသာကိုယ် ဆေးခန်းဖွင့်ချင်တယ်ဆိုရင်တောင်မှ လိုင်စင်မပေးတဲ့ဆေးခန်းတွေ ရှိတယ်။ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးသွားတာပါပဲ။ နိုင်ငံခြားလည်း ထွက်လို့မလွယ်၊ ဒီမှာလည်း ပေးမလုပ်ဘူးဆိုတဲ့ ပုံစံမျိုးတွေ ဖြစ်တာပေါ့နော်"

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်း ကျန်းမာရေးဝန်ထမ်းတွေအပေါ် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ReliefWeb ရဲ့ ယခုနှစ် မေလက ထုတ်ပြန်တဲ့အစီရင်ခံစာ အရ မြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ထမ်း ၅၆၄ ဦး ဖမ်းဆီးခံခဲ့ရပြီး ၃၆ ဦး သတ်ဖြတ်ခံထား ရတယ်လို့ ဖော်ပြထားပါတယ်။

"ကျနော်တို့ တော်လှန်ရေးအဆုံးအထိ CDM မဏ္ဍိုင်ကို ကြံ့ကြံ့ခံရပ်တည်ဆင်နွှဲကြမှာ ဖြစ်တယ်"

ဒီလို အခက်အခဲတွေကြားကပဲ စစ်ကောင်စီပြုတ်ကျတဲ့အထိ CDM လှုပ်ရှားမှု ကြံ့ကြံ့ခံ ရပ်တည်သွားဖို့ စစ်အာဏာသိမ်းမှုကို ပထမဆုံးလမ်းပေါ်ထွက် ဆန္ဒပြခဲ့တဲ့ ဆရာဝန်တစ်ဦး ဖြစ်သူ ဒေါက်တာ တေဇာဆန်းက တိုက်တွန်းပါတယ်။

"အကြမ်းဖက် အာဏာသိမ်း စစ်အုပ်စုကတော့ CDM မဏ္ဍိုင်ကို လဲပြိုဖို့ ဖိနှိပ်ညှဉ်းပန်း နေတာ ပြည်သူလူထု တစ်ရပ်လုံးအသိ ဖြစ်ပါတယ်၊ သို့သော်လည်းပဲ ကျနော်တို့ CDM သူရဲကောင်းတွေ၊ CDM ဝန်ထမ်းတွေအဖို့ကတော့ သူတို့ရဲ့ ရပ်တည်ချက်၊ သူတို့ရဲ့ ခံယူချက်နဲ့ အတူ CDM တိုက်ပွဲကို ဆင်နွှဲခဲ့တာ ဖြစ်တယ်၊ အချိန်လည်း တစ်နှစ်ခွဲနီးပါး ကြာလာပြီဖြစ်တဲ့အတွက် ကျနော်တို့ တော်လှန်ရေးအဆုံးအထိ CDM မဏ္ဍိုင်ကို ကြံ့ကြံ့ခံရပ်တည် ဆင်နွှဲကြမှာ ဖြစ်တယ်လို့ ကျနော်က ပြောချင်ပါတယ်"

စစ်ကောင်စီရဲ့ ဖိတ်ခေါ်မှုကြောင့် ဆေးရုံဆေးခန်းတွေကို အလုပ်ပြန်ဝင်တဲ့ ကျန်းမာရေး ဝန်ထမ်းတွေလည်း ရှိနေပါတယ်။ CDM လှုပ်ရှားမှုကို စွန့်လွှတ်ပြီး လုပ်ငန်းခွင်ပြန်ဝင်ကြတဲ့ ကျန်းမာရေးဝန်ထမ်းအရေအတွက်ကို သိနိုင်ဖို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သန်းနိုင်စိုးကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာ သူ့အနေနဲ့ မဖြေကြားနိုင်ကြောင်း၊ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူကိုသာ မေးမြန်းဖို့ ပြောပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းပြန်ကြားတာ မရှိသေးပါဘူး။

CDM Medical Network ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းမှု အစောပိုင်းမှာ ကျန်းမာရေး ကဏ္ဍကနေ CDM မှာ ပါဝင်လာတဲ့သူ ၆၀,၀၀၀ ဝန်းကျင် ရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာ တော့ ကျန်းမာရေးဝန်ထမ်း ၄၅,၀၀၀ ဝန်းကျင်သာ ဒီလှုပ်ရှားမှုမှာ ဆက်လက်ပါဝင်နေ တယ်ဆိုတာကို အတည်ပြုနိုင်တော့တယ်လို့ CDM Medical Network က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။