စစ်ကိုင်းတိုင်းမှာ ဝန်ထမ်းလေးရာကျော် ဘက်ပြောင်းပြီး CDM ဝင်လာ

RFA Burmese
2023.12.13
စစ်ကိုင်းတိုင်းမှာ ဝန်ထမ်းလေးရာကျော် ဘက်ပြောင်းပြီး CDM ဝင်လာ လွတ်မြောက်နယ်မြေတစ်နေရာတွင် ၂ဝ၂၃ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့က ကျင်းပခဲ့သည့် CDM တပ်သားများနှင့် ပြည်သူ့ရင်ခွင်လုပ်ငန်းအဖွဲ့ တွေ့ဆုံဆွေးနွေးပွဲ မြင်ကွင်းတစ်ခု။
NUG Ministry of defense

မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် စစ်ကိုင်းတိုင်းမှာလည်း မြို့သိမ်း ဖို့ကြိုးစားတဲ့ တိုက်ပွဲတွေပေါ်ပေါက်လာသလို၊ စစ်ကောင်စီယန္တရားထဲက စစ်သား၊ ရဲနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ပြည်သူ့ဘက်ခိုလှုံလာတာ လေးရာကျော်ရှိနေပြီလို့ ဒေသကာကွယ်ရေးအဖွဲ့တွေက RFA ကို ပြောပါတယ်။

ကသာမြို့မှာ ၈၅ ယောက်၊ အင်းတော်မြို့မှာ ၁၀၂ ယောက်၊ ထီးချိုင့်မြို့မှာ ၁၀၀ ကျော်၊ ကောလင်းမြို့မှာ ၁၀၀ နီးပါးနဲ့ ဝန်းသိုမြို့မှာ အယောက် ၆၀ လို့ဆိုပါတယ်။ အများစုက ဌာနဆိုင်ရာ ဝန်ထမ်းတွေဖြစ်ပြီး ရဲနဲ့ စစ်သား ကတော့ အနည်းအကျဉ်းပဲ ပါဝင်သေးတယ်လို့လည်း ပြောကြပါတယ်။

မြောက်ပိုင်းစစ်ဆင်ရေးစပြီးမကြာခင် တခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်း မြို့သိမ်းဖို့ကြိုးစားတဲ့ တိုက်ပွဲတွေ ပျံ့နှံ့သွားသလို စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားမှာ ပါဝင်နေတဲ့ Non-CDM ဝန်ထမ်းတွေနဲ့ စစ်ကောင်စီ တပ်သားတွေ ပြည်သူ့ဘက်ခိုလှုံဖို့ သတိပေး ထုတ်ပြန်ချက်တွေလည်း ထုတ်ပြန်လာပါတယ်။

“အလင်းဝင်လာဖို့အတွက် ကျွန်တော်တို့တွေက လက်ရှိလည်း ကြိုးစားနေတာပေါ့"

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့မှာ ဒီဇင်ဘာ ၂၇ ရက်နေ့ နောက်ဆုံးထားပြီး Non-CDM တွေ ပြည်သူ့ဘက်ခိုလှုံဖို့ ထုတ်ပြန်ပြီးတဲ့နောက် လက်ရှိအချိန်အထိ ဘက်ပြောင်းလာတဲ့သူ တစ်ရာကျော် ရှိပြီဖြစ်သလို ဒီလိုဘက် ပြောင်းလာလို့ လေယာဉ်နဲ့တိုက်ခိုက်ခံရတာ လျော့သွားတယ်လို့ ထီးချိုင့်မြို့ Non-CDM စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌက ပြောပါတယ်။

“ကျွန်မတို့ ဒီလိုမျိုး သေချာ မကန့်သတ်ခင်တုန်းက မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ အချိန်မှာ စစ်ကောင်စီကို ဒေါက်တိုင်ပြုနေတဲ့ Non-CDM ကြောင့်မို့ တည်နေရာ (location) အတိအကျနဲ့ သတင်းပေးခံရတာ ရှိတယ်။ လေယာဉ်နဲ့ အရပ်သား ပစ်မှတ်တွေ တိုက်ခိုက် ခံရတာမျိုး ရှိတယ်။ အခုဒီလို ကန့်သတ်လိုက်တဲ့အချိန်မှာတော့ လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခံရတာမျိုးတွေ တော်တော်နည်းပါးသွားတယ်“

ဘက်ပြောင်းလာတဲ့ Non-CDM တွေနဲ့ ပတ်သက်ပြီး နိုင်ငံဝန်ထမ်းရေးရာ ဥပဒေနဲ့ အရေးယူဖို့လည်း ဆောင်ရွက် နေတယ်လို့ သူက ပြောပါတယ်။

ထီးချိုင့်မြို့မှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ပူးပေါင်း တပ်တွေက နိုဝင်ဘာ ၆ ရက်နေ့ကတည်းက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေပြီး လက်ရှိအချိန်မှာ မြို့ရဲ့ ၈၀ ရာခိုင်နှုန်း ကို ကာကွယ်ရေးတပ်တွေဘက်က စိုးမိုးထားနိုင်ပြီလို့ ဆိုပါတယ်။

ကသာမြို့မှာလည်း Non-CDM တွေကို ဒီဇင်ဘာ ၁၄ ရက်နေ့ နောက်ဆုံးထားပြီး ပြည်သူ့ဘက်ခိုလှုံဖို့ ထုတ်ပြန် ထားပါတယ်။

ဒါကြောင့် လက်ရှိအချိန်အထိ ကသာမြို့မှာ ဌာနဆိုင်ရာ ဝန်ထမ်း၊ ရဲတပ်သားတချို့နဲ့ စစ်ကောင်စီတပ်သား တချို့အပါအဝင် စုစုပေါင်း တစ်ရာနီးပါး ဘက်ပြောင်းလာတယ်လို့ ကသာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ ပြည်သူ့ဘက်ရောက်လာတဲ့သူတွေရဲ့ အထောက်အကူတွေ ရှိလာနိုင်တယ်လို့လည်း ကသာ ပြည်သူ့ကာကွယ်ရေးတပ်က အမည်မဖော်လိုတဲ့ အဖွဲ့ဝင်တစ်ယောက်က RFA ကို ပြောပါတယ်။

“အလင်းဝင်လာဖို့အတွက် ကျွန်တော်တို့တွေက လက်ရှိလည်း ကြိုးစားနေတာပေါ့။ သူတို့တွေကို ဖိတ်ခေါ် နေတာ ဖြစ်တာပေါ့နော်။ အဲလို ဖြစ်လာတဲ့အတွက် မြို့သိမ်းတိုက်ပွဲတွေမှာ သူတို့ရဲ့ တစ်ခါတလေဆိုရင် အကူအညီလည်းပါမှာပေါ့”

မြို့သိမ်းတိုက်ပွဲ ဖြစ်လာမှာကို စိုးရိမ်တာကြောင့် စစ်ကောင်စီဟာ ကသာမြို့မှာ စစ်အင်အားတိုးချဲ့ထားပြီး လုံခြုံရေးလည်း တင်းကျပ်ထားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဘက်က ပြောပါတယ်။

ပြည်သူ့ဘက်ပြောင်းဖို့ မြို့နယ်အလိုက် သတ်မှတ်ထားတဲ့ရက်အတွင်း ဝင်လာတဲ့သူတွေနဲ့ သတ်မှတ်ရက် ကျော်မှရောက်လာမယ့် Non-CDM ဝန်ထမ်းတွေကို အရေးယူတဲ့အပိုင်းတွေ တူညီမှာမဟုတ်ဘူးလို့လည်း Non-CDM စီမံခန့်ခွဲရေးကော်မတီတွေက ပြောပါတယ်။

ဘက်ပြောင်းလာတဲ့ Non-CDM ဝန်ထမ်းတွေကို ဘယ်လိုဆောင်ရွက်မလဲလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကိုမေးတဲ့အခါ နိုင်ငံဝန်ထမ်းရေးရာ ဥပဒေနဲ့ အရေးယူသွားမယ်လို့ RFA ကို ပြောပါတယ်။

“တော်လှန်ရေးကာလတစ်လျှောက်မှာ Non-CDM တစ်ယောက်အနေနဲ့ CDM တွေအပေါ်မှာ ဖိနှိပ်တာတွေ လူ့အခွင့်အရေးချိုးဖောက်တာတွေ၊ အကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်မှုလုပ်ခဲ့တာတွေ အမှုပေါ်ပေါက် ရင် ဝန်ထမ်းရေးရာ ဥပဒေနဲ့တင်မကတော့ဘဲ ရှိပြီးသား ဥပဒေပုဒ်မတွေနဲ့ပါ အရေးယူသွားမှာ ဖြစ်ပါတယ်”

၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် နိုဝင်ဘာလကတည်းက စစ်ကိုင်းမှာ မြို့နယ်အလိုက် Non-CDM စီမံခန့်ခွဲရေးကော်မတီတွေဖွဲ့ပြီး ပြည်သူ့ဘက်ခိုလှုံဖို့ သတိပေးထုတ်ပြန်ခဲ့သလို၊ ဝင်လာတဲ့သူတွေကို စီစစ်ဆောင်ရွက်နေတယ်လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

ကျန်တဲ့ မြို့တွေမှာလည်း အလင်းဝင်လာတဲ့ Non-CDM တွေ ရှိပေမယ့် စာရင်းအတိကျကို စိစစ်နေဆဲပဲလို့ ဆိုပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ CDM စစ်သားနှင့်ရဲများအား NUG ကာကွယ်ရေးဝန်ကြီးဌာနမှ အသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနားအား ၂ဝ၂၃ ခုနှစ် မတ်လအတွင်းက ပြုလုပ်ခဲ့စဉ်။ (Photo:  NUG Ministry of defense)
ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ CDM စစ်သားနှင့်ရဲများအား NUG ကာကွယ်ရေးဝန်ကြီးဌာနမှ အသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနားအား ၂ဝ၂၃ ခုနှစ် မတ်လအတွင်းက ပြုလုပ်ခဲ့စဉ်။ (Photo: NUG Ministry of defense)

Non-CDM တွေ ပြည်သူ့ဘက်ခိုလှုံနေတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီအဖွဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေ ကြားတာ မရှိပါဘူး။

ဒါကြောင့် စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေး အင်စတီကျုရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး ကိုမေးကြည့်တော့ ဒီလုပ်ရပ်ကြောင့် အုပ်ချုပ်ရေး ယန္တရား ပျက်စီးမယ့် နောက်ဆက်တွဲဆိုးကျိုးကို ခံစားရနိုင်တယ်လို့ RFA ကို ပြောပါတယ်။

“တရားမဝင် အဖွဲ့အစည်းသည် (Non State Actors) တရားဝင်အဖွဲ့အစည်း (State Actors) ပုံစံမျိုး သွားလုပ်လို့ မရဘူး။ အဲလို လုပ်ခြင်းအားဖြင့် ဘာဖြစ်လာနိုင်လဲ ဆိုတော့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ရှုပ်ထွေးလာမယ်။ အဲလို လုပ်ခြင်းအားဖြင့် နောက်ဆုံးမှာတော့ အကျိုးဆက်က ကောင်းတဲ့ ရလဒ် ထွက်လာမှာ မဟုတ်ဘူး။ လောလောဆယ်တော့ အဲလောက်ထိပဲ သုံးသပ်ချင်ပါတယ်”

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အခုရက်ပိုင်းတွေအတွင်း နိုင်ငံဝန်ထမ်းတွေနဲ့ လုံခြုံရေး ဝန်ထမ်းတွေကို ဘက်ပြောင်းလာအောင် အသည်းအသန်စည်းရုံးခြိမ်းခြောက်တာတွေ တွေ့နေရပြီး ဒါဟာ တရားမျှတပြီး ပြည်သူတွေ ထောက်ခံတယ်လို့ပြောရင် အခုလို အသည်းအသန် အကြောက်အကန် လုပ်ဆောင်ဖို့ လိုမလားဆိုတာကို ပြည်သူလူထုတွေအားလုံး စဉ်းစားတွေးခေါ်ဖို့လိုကြောင်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းမီဒီယာတွေကနေတစ်ဆင့် မနေ့က တုံ့ပြန်ပြောဆိုပါတယ်။

စစ်ကိုင်းတိုင်းမှာ ကောလင်းနဲ့ ခါမ်းပါတ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းယူခဲ့ပြီး ဒီဇင်ဘာလ ၃ ရက်နေ့ကစလို့ ကောလင်းမြို့ကို NUG ပြည်သူ့အစိုးအရ အုပ်ချုပ်ရေးစတင်နေပြီလို့ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။