CDM ဆရာဝန်များ ပစ်မှတ်ထား ဖိနှိပ်ခံနေရ
2022.03.17

မန္တလေးမြို့က CDM အထူးကုဆရာဝန်ကြီး ၁၅ ဦးရဲ့ ဆေးကုသခွင့်လိုင်စင် (ဆ/မ လက်မှတ်) တွေ သိမ်းဆည်းခံလိုက်ရတယ်လို့ ဒီအဖြစ်အပျက်ကို သိရှိထားတဲ့ မန္တလေး ဆရာဝန်တွေက RFA ကို ပြောပါတယ်။
ဒီလို သိမ်းဆည်းခံရတဲ့သူတွေထဲမှာ မန္တလေးမြို့က သြဇာကြီးမားပြီး မြို့နေလူအများ အားထားရတဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်နေတဲ့ ပါမောက္ခအဆင့် အထူးကု ဆရာဝန်ကြီးတွေလည်း ပါတယ်လို့ ဆိုပါတယ်။
ဒီလို လိုင်စင်သိမ်းတာအပြင် CDM ဆရာဝန်တွေနဲ့ ဆေးဝန်ထမ်းတွေကို အစိုးရအလုပ်မဟုတ်တဲ့ ပုဂ္ဂလိပိုင် ဆေးရုံ၊ဆေးခန်းတွေမှာလည်း အလုပ်ဝင်ရောက်လုပ်ကိုင်လို့မရအောင် ပိုင်ရှင်တွေကို ဆေးခန်းထိုင်ခွင့်၊ ဆေးကုသခွင့် မပေးဖို့ စစ်ကောင်စီအာဏာပိုင်တွေက ဖိအားပေး ညွှန်ကြားထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ CDM ဆရာဝန်တစ်ဦးက RFA ကိုပြောပါတယ်။
"ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့မှာ ဆေးခန်းပိုင်ရှင်တွေကို အစည်းအဝေးခေါ်ပြောတယ်၊ ရဲမှူးဆိုတဲ့သူက မင်းတို့ရှာထားတဲ့ စည်းစိမ်တွေ တစ်ရက်တည်းနဲ့ ကုန်သွားချင်လား၊ ဒီဆရာဝန်တွေကို ထိုင်ခိုင်းမယ်ဆိုရင် ဆေးခန်းပိတ်တဲ့အထိ အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုတယ်"
မန္တလေးက ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းတွေမှာ တက်ရောက်တဲ့ လူနာတွေရဲ့ အချက်အလက်တွေ၊ ဆေးကုသနေတဲ့ ဆရာဝန်ရဲ့ အချက်အလက်တွေကိုလည်း စစ်ကောင်စီဘက်က တောင်းယူနေတယ်လို့ ဆရာဝန်အသိုင်းအဝိုင်းက ပြောပါတယ်။
ဒါ့အပြင် CDM ဆရာဝန်တွေကိုလည်း ရပ်ကွက်တွေထဲထိ လိုက်လံရှာဖွေနေတယ်လို့ အဲ့ဒီဆရာဝန်က ဆက်ပြောပါတယ်။
"စကစ ဘက်က CDM ဆရာဝန်တွေကို လိပ်စာအတိအကျနဲ့ ရပ်ကွက်တွေထဲ လိုက်ရှာနေတယ်၊ ပုဂ္ဂလိက ဆေးခန်းတွေကို ဒီ CDM ဆရာဝန်တွေ လာ၊မလာဆိုတာလည်း အကုန်စောင့်ကြည့်နေတယ်၊ သူတို့ကို ပုန်ကန်တဲ့ ဆရာဝန်တွေ အားလုံးကို ဘဝပျက်အောင်ထိလုပ်ဖို့ ရည်ရွယ်ထားတယ်၊ ကျနော်တို့ကလည်း ဒီလောက်ထိ လုပ်လာပြီးမှတော့ သူတို့ လက်အောက်မှာ ပြန်အလုပ်လုပ်ဖို့ အစီအစဉ်မရှိဘူး"
စစ်အာဏာသိမ်းပြီးနောက် ဆရာဝန်တွေ ဆေးကုသခွင့် လက်မှတ်သိမ်းခံရတဲ့ ဖြစ်ရပ်ဟာ မန္တလေးမှာ ပထမဆုံးဖြစ်ပါတယ်။
စစ်အာဏာဆန့်ကျင်ရေး CDM လှုပ်ရှားမှုမှာ ဆရာဝန်တွေ ပါဝင်လှုပ်ရှားမှု အားကောင်းနေဆဲဖြစ်တာကြောင့် အခုအချိန်ထိ ရန်ကုန်နဲ့ မန္တလေး ဆေးရုံကြီးမှာ ဝန်ထမ်းမလုံလောက်သေးဘူးလို့လည်း မြို့ခံ ဆရာဝန်တွေက ပြောပါတယ်။
ဆေးကုသခွင့် သိမ်းဆည်းခံရတဲ့ ဆရာဝန်တချို့ကို မြို့ခံ ဆရာဝန်အသိုင်းအဝိုင်းက တဆင့် RFA က ဆက်သွယ်ခဲ့ပေမယ့် လုံခြုံရေးအခြေအနေကြောင့် ဖြေဆိုဖို့ ငြင်းဆန်ကြပါတယ်။
"သူတို့ကို ပုန်ကန်တဲ့ ဆရာဝန်တွေ အားလုံးကို ဘဝပျက်အောင်ထိလုပ်ဖို့ ရည်ရွယ်ထားတယ်၊ ကျနော်တို့ကလည်း ဒီလောက်ထိ လုပ်လာပြီးမှတော့ သူတို့ လက်အောက်မှာ ပြန်အလုပ်လုပ်ဖို့ အစီအစဉ်မရှိဘူး"
ရန်ကုန်က CDM ဆရာဝန် တစ်ဦးကလည်း အစိုးရဆေးရုံမှာ အလုပ်မလုပ်ချင်လို့ ထွက်ခဲ့ပြီးနောက် စစ်ကောင်စီရဲ့ ဖိအားတွေကြောင့် ရန်ကုန်က ဆေးရုံ ဆေးခန်းတွေမှာလည်း အလုပ်ပြန်ဝင်လို့ မရသလို အိမ်မှာလည်း နေလို့မရတာ တစ်နှစ်လောက် ရှိပြီလို့ ပြောပါတယ်။
"ယုတ်မာတဲ့ အလုပ်ရှင်အောက်မှာ မလုပ်ချင်လို့ ဒီအလုပ်ကနေထွက်လာတာ၊ ဒါပေမဲ့ ကျနော်တို့သည် ဆရာဝန်ဖြစ်တဲ့အတွက် ကိုယ့်ပညာနဲ့ ဘယ်နေရာမဆို ဆေးကုသခွင့်ရှိရမယ်၊ ပိုက်ဆံမယူဘဲ Volunteer လုပ်လည်း လုပ်ခွင့်ရှိရမယ်၊ အခုက ဘယ်မှာကိုမှ လုပ်လို့မရဘူးဆိုပြီး လိုက်ပိတ်ပင်ဗိုလ်ကျနေတာ၊ ဘယ်မှာမှလုပ်လို့မရဘူး၊ အိမ်မှာနေလည်းလိုက်ဖမ်းနေတော့ ကိုယ့်အိမ်မှာကိုနေလို့ မရဘူး၊ တခြားနေရာတွေ လိုက်နေနေရတာ အခုကလည်း တစ်နှစ်ကျော်ပြီဆိုတော့ ခက်ခဲတာပေါ့။"
စစ်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ဆရာဝန်တွေပါဝင်မှု အားကောင်းတာကြောင့် စစ်ကောင်စီဘက်က ဆေးကုသခွင့်တွေ ရုပ်သိမ်းတဲ့အထိ အရေးယူနေတာလို့ သူကဆိုပါတယ်။
"CDM မှာ အားအကောင်းဆုံးက ဆရာဝန်ရယ် ပညာရေးရယ်၊ မီးရထားဌာနရယ်၊ အဲ့ဒီအထဲမှာမှ CDM စခဲ့တာ ဆရာဝန်တွေ၊ တကယ်တွန်းလှန်နေတာလည်း ဆရာဝန်တွေပဲ များတော့ ဆရာဝန်တွေကို လုံးဝ အခဲမကျေတဲ့သဘော"
ဆရာဝန်တွေကို ဆေးကုသခွင့် လိုင်စင်ရုပ်သိမ်းတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက "CDM လုပ်တဲ့ဝန်ထမ်းတွေ၊ လှုံဆော်သူတွေ၊ ဦးဆောင်လုပ်သူတွေဖြစ်ရင်တော့ ဥပဒေတွေအတိုင်း အရေးယူရပါမယ်။ ပြည်သူ့ဆေးရုံတွေမှာ မကုသဘဲ ပြင်ပဆေးရုံတွေမှာ ကုသနေတာတွေကိုတော့ လက်ခံနိုင်စရာမရှိဘူး"

အမျိုးသား ညီညွတ်ရေး အစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကတော့ ဆရာဝန်တွေ လိုင်စင်ရုပ်သိမ်းခံရတဲ့ ကိစ္စကို ကန့်ကွတ်ရှုတ်ချပြီး၊ ပြည်သူလူထုရွေးကောက်တဲ့ အစိုးရ အာဏာပြန်ရရင် လိုင်စင်ပြန်ပေးမယ်လို့ ကတိပေးပြောဆိုပါတယ်။
"သူတို့ရဲ့ ပညာရှင်အရ ရရှိထားတဲ့ ဆေးကုသခွင့်လိုင်စင်ကို ရုပ်သိမ်းတာဟာ သူ့ဘဝ ပညာရှင်ပိုင်းဆိုင်ရာ အခွင့်အရေးကို ပြင်းထန်စွာ ချိုးဖောက်တာဖြစ်တယ်၊ တချိန်တည်းမှာ သူတို့ရဲ့ အသက်မွေးလုပ်ငန်းကို ထိခိုက်စေတဲ့အတွက်၊ လူတစ်ယောက်ရဲ့ ဘဝနဲ့ ဂုဏ်သိက္ခာကို ထိခိုက်အောင်လုပ်တာ၊ NUG အနေနဲ့ ဒါမျိုးလုပ်ဆောင်မှုကို ရှုတ်ချပါတယ်။ တိုင်းပြည်ပြန်ထူထောင်တဲ့အခါ အခုလိုဖြစ်တဲ့သူတွေကို ထိုက်သင့်တဲ့နေရာ နစ်နစ်ဆုံးရှုံးမှုတွေအတွက် အမှန်တရားရော၊ နစ်နာကြေးတွေရော ပြန်ရဖို့ ဖော်ဆောင်သွားမယ်လို့ ကတိပြုပါတယ်"
စစ်အာဏာသိမ်းပြီးနောက် ကျန်းမာရေးဝန်ထမ်း ၇၅ ရာခိုင်နှုန်းလောက် CDM မှာပါဝင်ခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီထဲမှာ တော်တော်များများက CDM လုပ်ပြီး စစ်ကောင်စီကို ဆန့်ကျင်နေဆဲဖြစ်ပေမယ့် အရေအတွက် အနည်းငယ်ကတော့ ပြန်အလုပ်ဝင်တာလည်း ရှိနေတယ်လို့ ဆရာဝန်အသိုင်းအဝိုင်းကနေ စုံစမ်းသိရပါတယ်။
CDM ဆရာဝန်တချို့ တိုင်းရင်းသားနယ်မြေတွေ ရောက်ရှိပြီး လက်နက်ကိုင်တဲ့သူတွေရှိသလို၊ လက်နက်ကိုင် တော်လှန်ရေးတပ်သားတွေကို ဆေးကုသပေးနေသူတွေလည်း ရှိပါတယ်။
အမေရိကန်ပြည်ထောင်စု နယူးယောက်အခြေစိုက် PHR Physicians for Human Rights လူ့အခွင့်အရေးဆိုင်ရာ ဆရာဝန်များအဖွဲ့ရဲ့ အစီရင်ခံစာအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်ကစလို့ ဒီ၂၀၂၂ ခုနှစ် ဇန်နဝါရီလ အထိ အသတ်ခံရတဲ့ ဆရာဝန်ပေါင်းအယောက် ၃၀ ရှိတယ်လို့ ဆိုပါတယ်။
ကျန်းမာရေးဝန်ထမ်း ၂၈၆ ယောက် အဖမ်းခံခဲ့ရ၊ ဆေးရုံ၊ ဆေးခန်းပေါင်း ၁၂၈ ခုတိုက်ခိုက်ခံခဲ့ရပြီး၊ ကျန်းမာရေးဝန်ထမ်း တိုက်ခိုက်ခံရမှုဖြစ်စဉ်ပေါင်း ၄၁၅ ခုအထိရှိခဲ့တယ်လို့ အစီရင်ခံစာကဆိုပါတယ်။
မြန်မာနိုင်ငံဟာ ကျန်းမာရေးဝန်ထမ်းတွေအတွက် အန္တရာယ်အရှိဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ဆရာဝန်များအဖွဲ့က ပြောဆိုထားပါတယ်။