စစ်အာဏာသိမ်းပြီးနောက် ဆရာဝန် ၄၀၀ ကျော် ဖမ်းဝရမ်းထုတ်ခံထားရ
2021.09.02

ကိုဗစ်ကူးစက်မှုနှုန်း မြင့်တက်နေတဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ၇ လကျော်အကြာမှာတော့ တစ်ချိန် က ဂုဏ်သရေရှိရှိနဲ့ ထည်ထည်ဝါဝါ နေထိုင်နိုင်ခဲ့ကြတဲ့ ဆရာဝန်တွေဟာ သေဆုံးသူ၊ အဖမ်းခံရသူနဲ့ ဖမ်းဝရမ်း အထုတ်ခံရလို့ ရှောင်ပုန်းနေရတဲ့ဘဝတွေကို ရောက်ရှိနေတယ်လို့ ဆရာဝန်တွေက RFA ကို ပြောပါတယ်။
မန္တလေးမြို့မှာ ပြီးခဲ့တဲ့ ဇွန်နဲ့ ဇူလိုင်လမှာ အဖမ်းခံခဲ့ရတဲ့ သွေးရောဂါအထူးကု ဆရာဝန်ကြီး ဒေါက်တာ ဆွေဇင်ဦး၊ ဒေါက်တာ ကျော်ကျော်သက်နဲ့ ဒေါက်တာ သက်ဌေးတို့ဟာ အကျဉ်းထောင်ထဲမှာ ကိုဗစ်ကူး စက်ခံထားရပါတယ်။
ဒါပေမဲ့ ဒီနေ့အထိ နောက်ဆက်တွဲ ဘာသတင်းမှမရတော့ဘူးလို့ မန္တလေးမြို့က လုံခြုံရေးအရ အမည်မဖော် လိုတဲ့ CDM ဆရာဝန်တစ်ယောက်က RFA ကို ပြောပါတယ်။
“လောလောဆယ်တော့ ကိုဗစ်ကူးစက်ခံထားရတယ်ဆိုတာတော့ သိတယ်ပေါ့နော်။ ဆရာ ကျော်ကျော် သက်နဲ့ ဆရာ သက်ဌေးကပေါ့။ သူတို့ကို ဘယ်မှာချုပ်ထားလဲဆိုတာ ဘာသတင်းအစနမှ မရသေးဘူးဗျ။ ဘယ်အမှုနဲ့ စွဲထားတယ်ဆိုတာ ကျနော်တို့က ဘာမှမသိတော့ ဘာမှပြောလို့ မရသေးဘူးဖြစ်နေတာဗျ။ တကယ်တမ်းတော့ သွေးရောဂါ ဆရာဝန်ကြီးဆိုတာက ဆရာမလို ဆရာဝန်ကြီးတွေက မြန်မာပြည်မှာ လက်ချိုးရေလို့ရပါတယ်။ တကယ်တမ်းတော့ တိုင်းပြည်အတွက် အင်မတန် နစ်နာရပါတယ်။ ဒီလို ဆရာဝန်မျိုးတွေကို အကျဉ်းချထားတဲ့အတွက်မို့လို့“
RFA က သီးခြားကောက်ယူထားတဲ့ စာရင်းအရ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ရင်း သေဆုံးခဲ့ရတဲ့ ဆရာဝန် ငါးယောက်ရှိပါတယ်။
အဲဒီဆရာဝန်တွေကတော့ ထောင်တွင်းမှာ ကိုဗစ်ကူးစက်ခံနေရတဲ့ သွေးရောဂါအထူးကုဆရာဝန် ဒေါက်တာ ဆွေဇင်ဦးရဲ့ခင်ပွန်းဖြစ်သူ ဒေါက်တာ မောင်မောင်ငြိမ်းထွန်း၊ ဒေါက်တာ ဖြိုးသန့်ဝေ၊ ဒေါက်တာ သီဟထွန်း တင်၊ ဒေါက်တာ စိုင်းကွမ်းဆိုင် (ခေါ်) နော်စိုင်း နဲ့ ဒေါက်တာ ငြိမ်းသူအောင်တို့ ဖြစ်ပါတယ်။
အဲဒီထဲက လေးယောက်ကတော့ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်မှုတွေကြောင့် သေဆုံးခဲ့ရတာပါ။
မန္တလေးဆေးတက္ကသိုလ် ခွဲစိတ်ပညာဌာနက ကတိက၊ ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာ မောင်မောင် ငြိမ်းထွန်းကတော့ ဇွန် ၁၃ ရက်မှာ စစ်ကောင်စီတပ်တွေရဲ့ အဖမ်းခံရပြီး ထောင်တွင်းမှာ ကိုဗစ်ကူးစက်ခံ ရတာကြောင့် ဩဂုတ် ၈ ရက်မှာ ကွယ်လွန်သွားတာပါ။
"ဒီလို ဆရာဝန်မျိုးတွေကို အကျဉ်းချထားတဲ့အတွက်မို့လို့ တိုင်းပြည်အတွက် အင်မတန်နစ်နာရပါတယ်။ "
ဒေါက်တာ မောင်မောင်ငြိမ်းထွန်းဟာ စစ်အာဏာသိမ်းခံရပြီးနောက် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM မှာ ပါဝင်ခဲ့ပြီး ဆင်းရဲချို့တဲ့ လူနာတွေကို အခမဲ့ ခွဲစိတ်ပေးခဲ့သူလည်းဖြစ်ပါတယ်။
အခုလို ထောင်တွင်းမှာ ကိုဗစ်ကူးစက်ခံရပြီး သေဆုံးစေတာဟာ စစ်ကောင်စီရဲ့ အနုနည်းနဲ့ သေဒဏ်ပေးနည်း တစ်ခုလို့ မန္တလေးမြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောက်ထပ် CDM ဆရာဝန် တစ်ယောက်က RFA ကို ပြောပါတယ်။
“ပြောရရင်တော့ အနုနည်းနဲ့ ညှဉ်းပန်းနေတာ၊ နှိပ်စက်နေတာ၊ သတ်ဖြတ်နေတာပေါ့နော်။ သေသွားရင် လည်း သူတို့ကြောင့် မဟုတ်ဘူး၊ ကိုဗစ်ကြောင့်ဆိုတဲ့ သဘောမျိုး ဖြစ်နေတယ်ပေါ့နော်။ သူတို့ကို ဆန့်ကျင်ရုံနဲ့ သေဒဏ်ပေးနေသလို သတ်ဖြတ်နေတာပေါ့။ လုံလောက်တဲ့ ကုသမှုတွေလည်း မရဘူး။ ဒေါက်တာ မောင်မောင်ငြိမ်းထွန်းဆိုရင် အောက်ဆီဂျင်တွေ ကျနေတယ်။ ဒါကို လုံလောက်တဲ့ ကုသမှု မရဘဲနဲ့ အချိန်မမီတော့မှ ဆေးရုံတင်တယ်။ မမီတော့ဘူးပေါ့နော်။ သက်သက်ကို ဒါသေဒဏ်ပေးသလို ပေါ့“
အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ဆရာဝန်၊ သူနာပြု အပါဝင် ကျန်းမာရေး ဝန်ထမ်းပေါင်း ၈၅ ယောက်ကို ဖမ်းဆီးခဲ့ပြီး စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုနဲ့ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်မှု အကြိမ်မြောက်များစွာ ပြုလုပ်ခဲ့တယ်လို့ မန္တလေး ဆေးဘက်ဆိုင်ရာ မိသားစု Medical Family Mandalay က ကောက်ယူထားတဲ့ စစ်တမ်းတွေအရ သိရပါတယ်။
အဖမ်းခံရတဲ့ ဆရာဝန်တွေဟာ အကြမ်းမဖက် အာဏာဖီဆန်ရေးမှာ ပါဝင်တာ၊ ထောက်ပံ့တာ၊ ဆန္ဒပြတာ တွေကြောင့် နေအိမ်တွေအထိ လာအဖမ်းခံခဲ့ကြရတာပါ။

မန္တလေးမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်က စစ်ကောင်စီတပ်တွေရဲ့ ရိုက်နှက်ဖမ်းဆီးခံလိုက်ရတဲ့ ဒေါက်တာ ကျော်ကျော်သက်ဟာ စစ်အာဏာသိမ်းခံရပြီးနောက်ပိုင်း ဆေးကျောင်းသား၊ ကျောင်းသူတွေရဲ့ ပညာရေး အဆက်မပြတ်အောင် Youtube ကနေ စာသင်ပေးတာ၊ လက်တွေ့လူနာကုသနည်း သင်တန်းတွေ အခမဲ့ ပေးတာ၊ ပြည်သူတွေအတွက် ဆေးဘက်ဆိုင်ရာ ဗဟုသုတတွေကို မျှဝေပေးနေသူပါ။
မန္တလေးမြို့မှာ အဖမ်းခံထားရတဲ့ ဒေါက်တာ သက်ဌေးကလည်း စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်က စပြီး ပရဟိတဆေးခန်းတွေ၊ ဆေးရုံတွေမှာ လူနာတွေကို အခမဲ့ကြည့်ရှု ခွဲစိတ်ပေးနေသူဖြစ်ပါတယ်။ ဆေးရုံတစ်ခုက လူနာကို သွားရောက်ကုသပေးပြီး အိမ်အပြန် ဇူလိုင် ၁၆ ရက်မှာ စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားတာပါ။
ကိုဗစ်တတိယလှိုင်းကြောင့် ကူးစက်၊ သေဆုံးနှုန်းတွေ မြင့်တက်နေတဲ့ ရန်ကုန်မြို့၊ မြောက်ဒဂုံက ကိုဗစ် နိုင်တင်း ကာကွယ်ရေးနဲ့ ပြည်သူ့အကျိုးပြုယာယီရုံးချုပ်ကို ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်မှာ စစ်ကောင်စီတပ် တွေက ပိုးကူးစက်ခံ လူနာယောင်ဆောင်ပြီး ဝင်ရောက်စီးနင်းခဲ့ပါတယ်။
အဲဒီစီးနင်းမှုမှာ ဒေါက်တာ မင်းကျော်စွာခေါင်၊ ဒေါက်တာ ကိုကိုဦး၊ ဒေါက်တာ သူရ၊ ဒေါက်တာ နှင်းဝတ်ရည် ချိုနဲ့ ဒေါက်တာ နှင်းချိုနံ့သာမောင်တို့ အဖမ်းခံခဲ့ရပါတယ်။
ထောင်ထဲမှာရှိနေတဲ့ ဆရာဝန်တွေကို စိတ်ပူရသလို ဖမ်းဝရမ်းထုတ်ခံထားရပေမယ့် လက်ရှိ ကိုဗစ်ကူးစက် ခံရသူတွေကို နည်းလမ်းပေါင်းစုံနဲ့ ကုသပေးနေကြတဲ့ CDM ဆရာဝန်တွေအတွက်ပါ စိတ်ပူနေရတယ်လို့ ရန်ကုန်မြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ CDM ဆရာဝန်တစ်ယောက်က RFA ကို ပြောပါတယ်။
“ပရဟိတဆေးခန်းတွေဖွင့်ပြီးတော့ လူနာတွေကို ကုပေးနေတယ်။ တချို့ပရဟိတဆေးခန်းတွေမှာ အဖမ်းခံရတယ်။ သက်သေကတော့ မြောက်ဒဂုံပေါ့။ ပါသွားတဲ့ ရဲဘော်ရဲဘက်တွေအတွက် စိတ်ပူရတဲ့ အချက်ကတော့ သူတို့ အဆင်ပြေကြရဲ့လား။ အသက်အန္တရာယ်က စပြီးတော့ စားရေး၊ သောက်ရေးတွေ အကုန်လုံးတော့ စိတ်ပူနေရပါတယ်။ အပြင်ကလူတွေကလည်း အမှန်တိုင်းပြောရရင် ကျီးလန့်စာ စားနေ ရတာပါပဲ။ အထဲမှာရောက်တဲ့သူကိုလည်း ဘာမှမသိရ မကြားရသလို အပြင်ကလူကလည်း အပြင်က အလျောက် ဒီညပြီးသွားလို့ နောက်နေ့မနက်မှာ ဖုန်းဆက်လာကြမှ စိတ်ဒုံးဒုံးချရတဲ့ ခံစားချက်မျိုး ကျနော် ကိုယ်တိုင် မနက်မိုးလင်းတာနဲ့ တပြိုင်တည်း ဪ ငါမသေသေးပါဘူးဆိုတဲ့ ခံစားချက်နဲ့ သင်္ချိုင်းကုန်းနင်း ပြီး ဆက်လုပ်နေရတယ်။ စိုးရိမ်မှုတွေနဲ့ပဲ ကျနော်တို့ အသက်ရှင်နေရတာ။ ဒါက ကျနော်မှ မဟုတ်ပါဘူး ဆရာဝန်တိုင်းက ဒီပုံစံမျိုုး ဖြစ်နေကြမှာ"
ပြည်သူတွေ ကျန်းမာရေးဆိုင်ရာ အခက်ခဲဖြစ်လာရင် နီးစပ်ရာ တပ်မတော်ဆေးရုံတွေမှာ ဆေးကုသမှုခံယူနိုင် တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဖေဖော်ဝါရီ ၄ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ ကိုဗစ် တတိယလှိုင်းဖြစ်ပေါ်ခဲ့တဲ့ ဇူလိုင်လမှာတော့ စစ်တပ်နဲ့ စစ်တပ်မိသားစုဝင်ကလွဲရင် အရပ်သား ပြည်သူတွေ ဆေးကုသခွင့်မရခဲ့ကြဘူးလို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက အဲဒီလိုထုတ်ပြန်ပြီးနောက်ပိုင်း အဖမ်းခံထားရသူတွေထဲမှာ ကိုဗစ်နိုင်တင်း ကာကွယ်ဆေးထိုး နှံရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာ ထားထားလင်း၊ မြန်မာအရေးပေါ် ဆေးပညာအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ မော်မော်ဦးတို့လို မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍမှာ အရေးပါတဲ့သူတွေလည်း ဖမ်းဆီးခဲ့ကြရပြီး သူတို့ရဲ့ အခြေအနေတွေကို အခုအချိန်ထိ မသိကြရသေးဘူးလို့ ဆရာဝန်တွေက ပြောပါတယ်။
ကိုဗစ် ပထမလှိုင်းနဲ့ ဒုတိယလှိုင်းကို အဖိတ်အစဉ်နည်းနည်းနဲ့ ကျော်ဖြတ်အောင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရက ဦးဆောင်ပြီး ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ပရဟိတအဖွဲ့၊ လုပ်ငန်းရှင်တွေက ရှေ့တန်းကနေ ပူးပေါင်းခဲ့ကြတာပါ။
ကိုဗစ် တတိယလှိုင်းမှာတော့ ဇူလိုင်လထဲမှာ တစ်ရက်တည်းတင် သေဆုံးသူ ထောင်ကျော်ရှိခဲ့ပါတယ်။ အခုချိန်မှာလည်း ကိုဗစ်ကူးစက်နှုန်းတွေက လျော့မကျသွားသေးဘူးလို့ ဆရာဝန်တွေက ပြောကြပါတယ်။
တကယ်လို့သာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမခံရဘူးဆိုရင် ကိုဗစ်တတိယလှိုင်းကို ဒီလိုသေဆုံးမှုမျိုးတွေ မရှိဘဲ ကောင်းကောင်းကျော်ဖြတ်နိုင်မှာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေး အကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်းက တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။
“တတိယလှိုင်းမှာ အာဏာသိမ်းမှုသာ မဖြစ်ခဲ့ဘူးဆိုရင် ကျနော်တို့ အသိပညာ၊ အတတ်ပညာရှင်တွေ၊ ကျန်းမာရေး ဝန်ထမ်းတွေ၊ တကယ့်ပရဟိတစိတ်ရှိတဲ့ လူငယ်၊ လူရွယ်တွေသာ အကျဉ်းထောင်ထဲ မရောက်ဘူးဆိုရင်၊ တောထဲတောင်ထဲ မရောက်ဘူးဆိုရင် ရှောင်တိမ်းနေရတာတွေ မရှိခဲ့ဘူးဆိုလို့ရှိရင် ကိုဗစ်တတိယလှိုင်းကို သေချာပေါက် ကျော်လွှားနိုင်တယ်။ ဒါက ဖမ်းဆီးမှုတွေအပြင် အဓိကတရားခံသည် ဖေဖော်ဝါရီ ၁ ရက်နေ့ မတရားအာဏာသိမ်းလိုက်တဲ့ စစ်အုပ်စုကြောင့်ပဲလို့ ပြောချင်ပါတယ်“
နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်းက ထုတ်ပြန်ထားတဲ့ ဖေဖော်ဝါရီ ၁ ရက်က နေ ဩဂုတ် ၃၀ အထိရရှိထားတဲ့စာရင်းထဲကနေ အဖမ်းခံရသူတွေနဲ့ ဝရမ်းထုတ်ခံထားရတဲ့ ဆရာဝန်တွေကို စာရင်းခွဲကြည့်ရာမှာ အဖမ်းခံထားရတဲ့ဆရာဝန် ၄၅ ယောက်ရှိပြီး ဖမ်းဝရမ်းအထုတ်ခံထားရသူတွေက ၄၁၆ ယောက် ရှိနေပါတယ်။
အများစုက နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီး၊ တရားစွဲထားပေမယ့် အမိန့်ချမှတ် ခံထားရတာတော့ မရှိသေးပါဘူး။
ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်ကစလို့ ကျန်းမာရေးဝန်ထမ်းတွေကို စစ်ကောင်စီက ၂၅၂ ကြိမ် ထက်မနည်း ထိပါးနှောင့်ယှက် တိုက်ခိုက်တဲ့အတွက် ဆေးဘက်ဆိုင်ရာပုဂ္ဂိုလ် အနည်းဆုံး ၂၅ ယောက် သေဆုံးခဲ့တယ်လို့ အမေရိကန်ပြည်ထောင်စု နယူးယောက်အခြေစိုက် PHR Physicians for Human Rights လူ့အခွင့်အရေးဆိုင်ရာ ဆရာဝန်များအဖွဲ့နဲ့ အမေရိကားက CPHHR Johns Hopkins University Center for Public Health and Human Rights - JohnsHopkins တက္ကသိုလ် ပြည်သူ့ကျန်းမာရေးနဲ့ လူ့အခွင့်အရေး ဌာနက ပြုစုတဲ့ အစီရင်ခံစာကို ဩဂုတ် ၉ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးချိန်ကစလို့ ကျန်းမာရေးဝန်ထမ်း ၁၉၀ ကျော်လည်း ဖမ်းဆီးခံရပြီး ဆေးရုံတွေကို ဝင်ရောက်စီးနင်းမှု ၈၆ ကြိမ်ထက်မနည်း ရှိခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဆေးရုံတွေကို စစ်ကောင်စီက ၅၅ ကြိမ်ထက်မနည်း တပ်စွဲသိမ်းပိုက်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
အမေရိကန် ဒုသမ္မတ ကာမလာဟာရစ်ကတော့ မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုတွေကြောင့် အထူးစိုးရိမ်မကင်းဖြစ်ရပြီး အကြမ်းဖက်မှုတွေကိုရပ်တန့်ဖို့နဲ့ မတရားဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ မကြာသေးခင်က တောင်းဆိုထားပါတယ်။