အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း နေအိမ်ငါးသောင်းခွဲကျော် မီးရှို့ဖျက်ဆီးခံရ
2023.02.11

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်အထိ နှစ်နှစ်အတွင်း နိုင်ငံတစ်ဝန်းက နေအိမ် ၅၅,၄၈၄ လုံးကို စစ်ကောင်စီတပ်နဲ့ သူ့ရဲ့လက်အောက်ခံ တပ်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Data for Myanmar က ဖေဖော်ဝါရီလ ၁၀ ရက်မှာ အစီရင်ခံစာထုတ်ပြန်ပါတယ်။
မီးရှို့ခံရမှုမှာ စစ်ကိုင်းတိုင်းကအများဆုံးဖြစ်ပြီး ၄၃,၂၉၂ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။ ယခုနှစ် ဇန်နဝါရီလအတွင်း နေအိမ်မီးရှို့ခံလိုက်ရတဲ့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဆားထုံးရွာဒေသခံတစ်ဦးကတော့ မီးကျွမ်းနေတဲ့သွပ်ချပ်တွေနဲ့ ကာရံပြီး ရွက်ဖျင်တဲထိုး နေထိုင်နေတယ်လို့ ဆိုပါတယ်။
"ဒုက္ခရောက်တာပေါ့ မောင်လေးရယ်။ စားစရာတောင်မှ ဘာမှမရှိတာ။ ဇလုံ၊ အလွန်ဆုံး ခုပြောလိုက်မယ်။ စားပွဲကစ စားဖို့သောက်ဖို့ စားပွဲ၊ ကိုယ်ရဲ့နေစရာကတော့ ရွက်ဖျင်လေးနဲ့ပဲ နေတဲ့သူက နေရတာပေါ့။ မနေတဲ့သူက (တဲ) မထိုးနိုင်တဲ့သူကတော့ မထိုးကြသေးပါဘူး။ အစ်မတို့ကကျတော့ ကလေးက နှစ်ယောက်ဆိုတော့ မိသားစုက ခုနစ်ယောက်ဆိုတော့ ကျောင်းကန်ဘုရားဆိုတာကလည်း အမြဲတမ်းကမကောင်းဘူး။ အဲဒါကြောင့် အစ်မတို့ကတော့ သက္ကလက်လေးနဲ့ မိုးထားတာပေါ့နော်။ သွပ်လေးတွေ ခုမီးထဲပါတဲ့သွပ်လေးတွေ ကာထားရတာပေါ့။ အခုက ဒုက္ခမှ တော်တော့်ကို ရောက်ကြတာ"
စစ်ကောင်စီတပ်က ဆားလင်းကြီးမြို့နယ်၊ ဆားထုံးရွာကို ဒီနှစ်ဇန်နဝါရီလတုန်းက ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၁၂၈ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အိမ်ခြေ နှစ်ရာကျော်ရှိတဲ့ ဆားထုံးကျေးရွာမှာ နေအိမ် ၈၀ ဝန်းကျင်ပဲ မီးမလောင်ဘဲ ကျန်ခဲ့တာပါ။
"မိသားစုက ခုနစ်ယောက်ဆိုတော့ ကျောင်းကန်ဘုရားဆိုတာကလည်း အမြဲတမ်းကမကောင်းဘူး။ အဲဒါကြောင့် အစ်မတို့ကတော့ သက္ကလက်လေးနဲ့ မိုးထားတာပေါ့နော်။ ခုမီးထဲပါတဲ့သွပ်လေးတွေ ကာထားရတာပေါ့"
Data for Myanmar ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းက အရပ်သားနေ အိမ်မီးရှို့ခံရတဲ့ပမာဏဟာ တစ်နိုင်ငံလုံးရဲ့ ၈၀ ရာခိုင်နှုန်းနီးပါး ရှိနေတာပါ။ နေအိမ်မီးရှို့ခံရမှု ဒုတိယအများဆုံးက မကွေးတိုင်း ဖြစ်ပါတယ်။ မကွေးတိုင်းမှာ နေအိမ် ၈,၈၆၃ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတာပါ။
မကွေးတိုင်း၊ ပေါက်မြို့နယ်က ရွာလုံးကျွတ် မီးရှို့ခံလိုက်ရတဲ့ ကျွန်းတိုင်းရွာသားတစ်ဦး ကတော့ သူတို့ရွာကိုတောင် မပြန်နိုင်တော့ဘူးလို့ RFA ကို ပြောပါတယ်။
"တောထဲမှာပဲ နေရတယ်ဗျ။ တောထဲတွေမှာ တဲလေးထိုးတယ်၊ မိုးကာလေးမိုးတယ်၊ အဲလိုပဲနေရတယ်ဗျ။ အခု ကျနော်တို့ဘက်ကကျတော့ ချင်းနယ်စပ်၊ ချင်းတောင်တန်း၊ ပုံတောင်ပုံညာနဲ့ နီးစပ်တော့ အအေးဓာတ်ကတော့ ခုချိန်ထိ အေးတယ်။ ညပိုင်းကို အေးတယ်။ နေ့ပိုင်းကို ပူသေးတယ်ဗျ။ ကျနော်တို့ဘက်မှာကျ ဆန်၊ ဆီ၊ ဆား ထုတ်ကုန် အကုန်လုံးရှိတယ်ဗျာ။ ထုတ်ကုန်တွေ အကုန်လုံးကိုလည်း မီးရှို့သွားတယ်ဗျာ"
နေအိမ် ၂၁၀ ဝန်းကျင်ရှိတဲ့ ကျွန်းတိုင်းရွာကို ဇန်နဝါရီလ ၃၀ ရက်က စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ခဲ့တာပါ။ နေအိမ်မီးရှို့ခံရမှု အများဆုံးဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူတွေကို RFA က ဒီကနေ့ ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ သူ့ရဲ့တပ်သားတွေက နေအိမ်မီးရှို့ဖျက်ဆီးတာတွေ မလုပ်ဘူးလို့ ၂၀၂၂ ခုနှစ် သြဂုတ်လအတွင်းက ကုလ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံချိန်မှာ ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ နေအိမ်မီးရှို့ခံရတဲ့ဒေသခံတွေနဲ့ သုသေသနအဖွဲ့အစည်းတွေကတော့ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက် မီးရှို့ခဲ့ကြတာလို့ အခိုင်အမာ ပြောဆိုပါတယ်။

ဒီလုပ်ရပ်တွေဟာ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဖြစ်တယ်လို့ လန်ဒန်မြို့အခြေစိုက် မြန်မာနိုင်ငံလူ့အခွင့်အရေးကွန်ရက် (BHRN) ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ဝေဖန်ပါတယ်။
"ဒီလိုမျိုး ရွာတွေကိုမီးရှို့တာတို့၊ လူတွေကိုဖမ်းဆီးတာ၊ သတ်ဖြတ်တာ ဒါတွေဟာ အခုဘယ်လိုအဆင့် ဖြစ်သွားလဲဆိုတော့ စစ်ရာဇဝတ်မှု မဟုတ်တော့ဘဲနဲ့ စစ်ရာဇဝတ်မှု ဆိုတာက တစ်ဘက်မှာ ရန်သူကိုတိုက်ရင်းခိုက်ရင်းနဲ့ ရန်သူကို ကျူးလွန်တဲ့ဟာတွေ ပေါ့နော်။ အခုဟာက လူသားချင်းဆိုင်ရာ ရာဇဝတ်မှုကျူးလွန်တဲ့အဆင့်ကို ရောက်သွားပြီ။ သူက ဘယ်လိုအချက်အလက်ပေါ်အခြေခံလဲဆိုတော့ ဒီနေရာအနှံ့ကို စနစ်တကျဖြစ်သွားတယ်ပေါ့နော်။ နေရာအနှံ့မှာဖြစ်မယ်။ နောက်သူတို့ စနစ်တကျကို လုပ်လာတယ်။ ဒါမျိုးကို ဒီလိုအချက်အလက်တွေကို အခြေခံပြီးတော့ လူသားချင်းဆိုင် ရာဇဝတ်မှုလို့ ခေါ်တာပေါ့နော်"
နိုင်ငံတစ်ဝန်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန်ပြန့် ပေါ်ပေါက်နေတဲ့ တစ်ချိန်တည်းမှာပဲ စစ်ကောင်စီက သူ့ရဲ့အုပ်ချုပ်မှုသက်တမ်းကို နောက်ထပ်ခြောက်လ တိုးလိုက်ပါတယ်။
ဒီအပြင် စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ တနင်္သာရီ၊ မွန်၊ ကရင်၊ ကယားနဲ့ ချင်းပြည်နယ်အတွင်းက မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာကြောင့် နေအိမ်မီးရှို့ဖျက်ဆီးခံရမှု အပါအဝင် အရပ်သားသေဆုံးထိခိုက်မှုတွေ တိုးလာမှာကို ဒေသခံတွေက စိုးရိမ်နေပါတယ်။