ခင်ဦးမြို့ ပေါင်းလှဲကုန်းရွာ နေအိမ်တစ်ရာနီးပါး မီးရှို့ခံရပြီး ဒေသခံ နှစ်ထောင်ခန့် ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက ပေါင်းလှဲကုန်းရွာကို နိုဝင်ဘာလ ၁၈ ရက် မနေ့ညပိုင်း ကစပြီး စစ်ကောင်စီတပ်သား အင်အား ၇၀ ခန့် ဝင်ရောက်မီးရှို့နေတာကြောင့် နေအိမ် တစ်ရာခန့် မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံ နှစ်ထောင်နီးပါး ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ည တစ်ညလုံးနီးပါး မီးရှို့ခဲ့သလို နိုဝင်ဘာ ၁၉ ရက် ဒီနေ့ နေ့လယ်ပိုင်းအထိ ရွာထဲ စစ်ကောင်စီတပ်သားတွေ ရှိနေသေးတာကြောင့် ရွာထဲပြန်မဝင်ရဲသေးဘူးလို့ ပေါင်းလှဲကုန်း ရွာခံ တစ်ဦးက RFA ကိုပြောပါတယ်။
"ရွာထဲကို သူတို့ဝင်သွားပြီးတော့ ည ၈ နာရီဝန်းကျင်ကနေ သူတို့ မီးစရှို့တယ်။ ၂ နာရီထိုး ထိအောင် ရှို့ပါတယ်။ မီးညွန့်လေး ကျိုးသွားတော့ ဒီနေ့မနက် ၆ နာရီထိုး လောက်ကနေ စပြီးတော့ ပြန်ရှို့ပါတယ်။ အခုချိန် ၁၀ နာရီထိုးထိအောင်ကို မီးညွန့် မကျိုးသေးပါဘူး။ အခုချိန်ထိအောင် ရှို့ဆဲပါပဲ။ အိမ်ခြေက ငါးရာဝန်းကျင်လောက် ရှိတယ်။ အခု ဝင်ကြည့်မယ် လုပ်ပြန်တော့ ရွာထဲမှာ ကျန်သေးတော့ အိမ်တစ်လုံးကို ထပ်ရှို့နေတဲ့အတွက် ရွာထဲကိုတော့ မဝင်သေးပါဘူးဗျ"
အခြား ဒေသခံအချို့ကတော့ နေ့လယ်ခန့်အထိ စုစုပေါင်း နေအိမ် သုံးရာလောက် မီးလောင်ပျက်စီးသွားပြီလို့ ပြောဆိုကြပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင် သေးသလို အတိအကျကို ရေတွက်မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ပေါင်းလှဲကုန်းရွာက ဒေသခံ နှစ်ထောင်နီးပါးလည်း ဘေးလွတ်ရာကို ထွက်ပြေးနေရတယ် လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ခင်ဦးဒေသခံတစ်ဦး RFA ကိုပြောပါတယ်။
"ဒေသခံတွေကလည်း အကုန်ထွက်ပြေးနေရတယ်။ နီးစပ်ရာ ရွာတွေပေါ့ဗျာ။ ဘုန်းကြီးကျောင်းတွေတို့၊ စာသင်ကျောင်းတွေတို့၊ ဒီဘက်မှာက တောတောင်မရှိတော့ နီးစပ်ရာနေရာတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘာတွေမှာ အဲလိုမျိုး ပတ်ပြေးကြရတာ။ ဒီဘက်ရွာလာရင် ဟိုဘက်ရွာပြေး။ ဟိုဘက်ရွာလာရင် ဒီဘက်ရွာ ပြန်ပြေးနဲ့ ပေါင်းလှဲကုန်းက အာဏာသိမ်းပြီးတစ်ခါမှ မဝင်သေးဘူး။ ဒါက ပထမဆုံးအကြိမ် ဝင်တာပဲ"
ထွက်ပြေးနေရတဲ့အထဲမှာ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေပါဝင်ပြီး ကျန်းမာရေးနဲ့ စားဝတ်နေရေး အခက်အခဲတွေ ရှိနေတယ်လို့ ခင်ဦးဒေသခံတွေက ပြောပါတယ်။
"ဒီဘက်မှာက တောတောင်မရှိတော့ နီးစပ်ရာနေရာတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘာတွေမှာ အဲလိုမျိုး ပတ်ပြေးကြရတာ"
ခင်ဦး ဒေသကာကွယ်ရေးတပ်ဖွဲ့ (KDK) တာဝန်ခံ ကိုမိုးကြီးကတော့ ဒေသကာကွယ်ရေး မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ရွာကိုမီးဝင်ရှို့နေတဲ့ စစ်ကောင်စီတပ်သားတွေကို နိုဝင်ဘာ ၁၈ ရက် မနေ့ညမှာ တိုက်ခိုက်ခဲ့တယ်လို့ RFA ကိုပြောပါတယ်။
"ပေါင်းလှဲကုန်းမှာ မီးရှို့တယ်။ မဟာမိတ်အဖွဲ့တွေအနေနဲ့ ကျနော်တို့သွားပြီးတော့ အဖွဲ့ပေါင်းစုံ သွားပြီးတော့ ပစ်တယ်။ လက်နက်ကြီးနဲ့ ပစ်တဲ့အနေအထားမှာ သူတို့ရဲ့ ဗျူဟာက ဘယ်လိုလဲဆိုတော့ တစ်ချက်မှ ပြန်မပစ်ဘူး။ ကျနော်တို့ကိုလည်း မြင်တဲ့ အနေအထားမျိုး ရှိတယ်။ ကျနော်တို့ပစ်နေတဲ့နေရာကိုလည်း ဒီကောင်တွေ သေနတ် တစ်လက်မှ မဖောက်ဘူး။ ကျနော်တို့က သူတို့ ထွက်သွားပြီထင်တာ။ ဒါပေမဲ့ မနက် ပြန်ကြားရတာက မနက်ခင်းရောက်တော့ မီးပြန်ရှို့နေတယ်"
စစ်ကောင်စီတပ်သားတွေဟာ ခင်ဦးမြို့နယ်၊ အနောက်တောင်ခြမ်းက ညောင်ပင်ခြံ၊ ဆည်ကြီး၊ ကုန်းသာ စတဲ့ ရွာတွေကိုလည်း ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်နေ့မှာ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ကုန်းသာနဲ့ မရမ်းအင်းရွာက ဆယ်တန်းကျောင်းသားတစ်ဦး အပါအဝင် ဒေသခံ သုံးဦးကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါပေမဲ့ နောက်တစ်နေ့မှာတော့ ဆယ်တန်းကျောင်းသားအပါအဝင် နှစ်ဦး ပြန်လွှတ် ပေးခဲ့ပေမယ့် အသက် ၄၀ အရွယ် မရမ်းအင်းက ဒေသခံတစ်ဦးကိုတော့ ဖမ်းဆီးသွားတယ် လို့ ဒေသခံတွေက ဆိုပါတယ်။
နိုဝင်ဘာလ ၁၈ ရက်မနေ့ မနက်ပိုင်းမှာလည်း ကံကြီးကုန်းနဲ့ မဏိကုန်းရွာအကြားမှာ လက်နက်ကြီးထိမှန်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦး ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ခင်ဦးမြို့နယ် အထူးကာကွယ်ရေးတပ်ဖွဲ့ (KSO) တာဝန်ခံက RFA ကို ပြောပါတယ်။
"နှစ်ယောက်တော့ ကျဆုံးသွားတယ်။ နှစ်ယောက်ကတော့ ထိခိုက်ဒဏ်ရာရတယ်။ ဒါကတော့ အတည်ပြုလို့ ရတယ်။ ရွှေယမင်းကျေးရွာက ပ.က.ဖ တွေပေါ့။ ဒဏ်ရာရသူ နှစ်ယောက်ကတော့ ၃၀ ပတ်ချာလည်ပေါ့။ ကျသွားတဲ့သူတွေကလည်း ခန့်မှန်းအသက် ၄၀ လောက်ရှိတယ်။ နောက်တစ်ယောက်တော့ ၃၀ ပတ်ချာလည်တော့ ရှိတယ်။ ခင်ဦးမှာက အခု စစ်ကြောင်းနှစ်ကြောင်း ဖြစ်နေတာ။ ကန့်ဘလူဘက်ကနေပြီးတော့ အင်အားတစ်ရာလောက် အခုဒီနေ့မှာ ဝင်လာပြီ ခင်ဦး မြောက်ဘက်ကနေ"
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့ကစလို့ ခင်ဦးမြို့နယ်ထဲ စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးနေလို့ ရွာပေါင်း ၂၀ ခန့်က ဒေသခံ နှစ်သောင်းနီးပါး ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ခင်ဦးမှာ ရွာပေါင်း ၄၇ ရွာက နေအိမ် ၁၈၅၆ လုံး မီးရှို့ ဖျက်ဆီးခံခဲ့ရပြီး ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၁၈ ဦး သေဆုံးခဲ့သလို ၁၄၃ ဦး ဖမ်းဆီးထောင်ချခံထားရတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က နိုဝင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဒေသခံတွေရဲ့နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးတာမရှိဘူးလို့ ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ RFA က မေးမြန်းချိန် ငြင်းဆိုထားပါတယ်။
လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ နိုဝင်ဘာလ ၈ ရက်နေ့ အစီရင်ခံစာအရ စစ်အာဏာ သိမ်းပြီး နောက်ပိုင်း နိုင်ငံတစ်ဝန်း နေအိမ်နဲ့ အဆောက်အအုံ ၃၈,၅၆၈ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အဲဒီအထဲမှာ စစ်ကိုင်းတိုင်းထဲ ၂၆,၉၇၀ လုံး ပါဝင်တယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ ဒေသခံ ၆၁၂,၄၀၀ ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။