မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှုတားဆီးရေး ထိရောက်အောင်လုပ်ဖို့ ကုလတိုက်တွန်း

2022.09.19
မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှုတားဆီးရေး ထိရောက်အောင်လုပ်ဖို့ ကုလတိုက်တွန်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ ရုရှားနိုင်ငံ Novosibirsk မြို့ရှိ Higher Military Command School တွင် စစ်လက်နက်ပစ္စည်းများကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့က ကြည့်ရှုနေကြစဥ်။
Photo: Myanmar Military

ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ကိုယ့်ပြည်သူကို ဖိနှိပ်သတ်ဖြတ်နေတဲ့ မြန်မာစစ်ကောင်စီထံ အခွန်ဘဏ္ဍာနဲ့ လက်နက်စီးဆင်းမှုရပ်တန့်ရေး ချက်ချင်းလုပ်ဆောင်ကြဖို့ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ရှိ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက စက်တင်ဘာ ၁၆ ရက်နေ့က အစီရင်ခံစာထုတ်ပြန်ပြီး တိုက်တွန်းလိုက်ပါတယ်။

ဒီလိုဆောင်ရွက်ဖို့ကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ အချက်အလက်စုံစမ်းရေးမစ်ရှင် IIFFM က ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ လူ့အခွင့်အရေးကောင်စီ ထံ အစောပိုင်းကတည်းက တင်ပြထားပါ တယ်။ အခု စက်တင်ဘာ ၁၆ ရက် အစီရင်ခံစာဟာ အဲဒီအစီရင်ခံစာကို မွမ်းမံတာဖြစ်ပြီး နိုင်ငံအတော်များများက မြန်မာစစ်ကောင်စီကို အခုချိန်ထိ လက်နက်တွေ ရောင်းချနေဆဲလို့ ဖော်ပြထားပါတယ်။

“စစ်တပ်ရဲ့ ပြည်တွင်းကနေ ထုတ်လုပ်နိုင်စွမ်းက စစ်တပ်မှာရှိတဲ့ လက်နက်ပမာဏ အားလုံးကို မပေးနိုင်ဘူး"

ပြည်တွင်းက စစ်တပ်အရာရှိဟောင်းတချို့နဲ့ နိုင်ငံရေးစစ်ရေးကျွမ်းကျင်သူတွေကလည်း စစ်တပ်ဟာ အာဏာ သိမ်းပြီးတဲ့နောက်မှာ ပြည်ပကဝယ်ယူရရှိတဲ့ စစ်လက်နက်တွေနဲ့ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူတွေကို ဖိနှိပ်သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန် နေတယ်လို့ ပြောပါတယ်။

စစ်တပ်အနေနဲ့ လက်နက်ကုန်ကြမ်းနဲ့ ခေတ်မီစစ်လက်နက်တွေရဖို့ ပြည်ပကို အဓိက မှီခိုနေရတာဖြစ်တဲ့အတွက် အရေးယူပိတ်ဆို့နိုင်မယ်ဆိုရင် ကြီးမားတဲ့အထောက်အကူ ဖြစ်လိမ့်မယ်လို့ စစ်တပ်အရာရှိဟောင်းတစ်ဦးဖြစ်တဲ့ CDM ဗိုလ်ကြီး လင်းထက်အောင် က RFA ကို ပြောပါတယ်။

“စစ်တပ်ရဲ့ ပြည်တွင်းကနေ ထုတ်လုပ်နိုင်စွမ်းက စစ်တပ်မှာရှိတဲ့ လက်နက်ပမာဏ အားလုံးကို မပေးနိုင်ဘူး။ ဥပမာ-လက်ရုံးတပ်တွေဆိုရင် ရေတို့၊ လေတို့၊ အမြောက်တို့၊ ဒုံးတို့ ဒီသုံးနေတဲ့ လက်နက်တွေရဲ့ ဆက်စပ် ပစ္စည်းတွေ ဒီလက်နက်တွေ၊ နောက် သူတို့ ပစ်မယ့်ကျည်ဆန်တွေအားလုံးသည် ပြည်ကနေ မှီခိုနေရတယ်လို့ ပြောလို့ရတယ်။ ကုန်ကြမ်းကအစ ပြည်ပကနေ ဝယ်ယူရတဲ့ အနေအထားတွေရှိတယ်”

နိုင်ငံတကာက ထိရောက်တဲ့ပိတ်ဆို့မှုတွေ မလုပ်နိုင်ဘူးဆိုရင် စစ်တပ်ဟာ ပြည်သူလူထု အပေါ် လေယာဉ်နဲ့ ဗုံးကြဲတာအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်လက် ကျူးလွန်နေလိမ့်မယ်လို့လည်း CDM ဗိုလ်ကြီး လင်းထက်အောင် က ပြောပါတယ်။

မြန်မာစစ်တပ်အပေါ် လက်နက်တင်ပို့ရောင်းချမှု တားမြစ်ရေးတောင်းဆိုချက်ကို ကုလသမဂ္ဂအထွေထွေညီလာခံမှာ ၂၀၂၁ ခုနှစ် ဇွန်လ ၁၈ ရက်နေ့က အတည်ပြုခဲ့ပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို ကမ္ဘာ့နိုင်ငံပေါင်း ၁၁၉ နိုင်ငံက ထောက်ခံမဲပေးခဲ့ပြီး တရုတ်၊ အိန္ဒိယနဲ့ ရုရှားအပါအဝင် နိုင်ငံပေါင်း ၃၆ နိုင်ငံက ကြားနေမဲ ပေးခဲ့ကြပါတယ်။ ရုရှားရဲ့ မဟာမိတ် ဘယ်လာရုဇ်နိုင်ငံက ကန့်ကွက်မဲပေးခဲ့ပါတယ်။

ခုချိန်အထိ လက်နက်ပွဲစားလုပ်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာကုမ္ပဏီကြီးတွေကတစ်ဆင့် မြန်မာစစ်တပ်ဟာ စစ်လက်နက်ပစ္စည်းနဲ့ နည်းပညာတွေကို ဆက်လက်ရရှိနေတယ်လို့ နိုင်ငံရေး စစ်ရေးအကဲခတ်တွေက ပြောပါတယ်။

ဒီကုမ္ပဏီတွေကို အရေးယူပိတ်ဆို့ရင် လက်တွေ့ထိရောက်မှာ ဖြစ်ပေမယ့် အနောက်နိုင်ငံ တွေအပါအဝင် မြန်မာစစ်ကောင်စီကို လက်နက်ရောင်းနေတဲ့ နိုင်ငံတွေက ဖိဖိစီးစီး လုပ်မယ်လို့ မထင်ဘူးလို့ တရုတ်နိုင်ငံ အခြေစိုက် မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။

“အနောက်နိုင်ငံတွေက တကယ်ထိထိရောက်ရောက် ပိတ်ဆို့မယ်ဆိုရင် အကျိုးရှိတာပေါ့ဗျာ။ ဒါပေမဲ့ အနောက်နိုင်ငံတွေကလည်း သူ့အကျိုးစီးပွားပေါ်ကပဲ ကြည့်တာဖြစ်တော့ လက်နက်ကုမ္ပဏီကြီးတွေကလည်း အနည်းနဲ့အများ အနောက်နိုင်ငံတွေနဲ့လည်း တစ်စုံတစ်ရာ ဆက်စပ်နေတာဖြစ်တဲ့အခါကျတော့ ဒီကိစ္စက သိပ်ပြောဖို့ မလွယ်ဘူး။ တကယ်လို့ အနောက်နိုင်ငံတွေက ဖိဖိစီးစီး ပိတ်ဆို့မယ်ဆိုရင် ရပါတယ်၊ ဒါပေမဲ့ ကျမ ထင်တယ် သူတို့ ဖိဖိစီးစီး ပိတ်ဆို့မှာ မဟုတ်ဘူး”

မြန်မာစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေအကြောင်း ထုတ်ပြန်နေတဲ့ Justice For Myanmar အဖွဲ့ရဲ့ စာရင်းတွေအရ စစ်ကောင်စီကို လက်နက်ထောက်ပံ့နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ ကုမ္ပဏီပေါင်း ၁၅၀ ကျော် ရှိနေပါတယ်။ အဲ့ဒီထဲမှာ စစ်ကောင်စီ အတွက် လက်နက်ဝယ်ယူပေးနေတဲ့ ကုမ္ပဏီ ၁၃၅ ခုဟာ မြန်မာ၊ ရုရှားနဲ့ စင်ကာပူနိုင်ငံတွေက ဖြစ်ပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာစစ်တပ်ကို လက်နက်ထောက်ပံ့နေတဲ့ ရုရှားနဲ့ မြန်မာ ကုမ္ပဏီတချို့ကို ယူကေ အပါအဝင် အနောက်နိုင်ငံတချို့က ဒဏ်ခတ်ပိတ်ဆို့ခဲ့ပါတယ်။ ဒါပေမဲ့ ကုမ္ပဏီအများစုကတော့ အရေးယူမှုကနေ အခုချိန်ထိ လွတ်မြောက်နေလို့ ဒဏ်ခတ် ပိတ်ဆို့မှုတွေလုပ်ဖို့ မဖြစ်မနေ လိုအပ်တယ်လို့ Justice For Myanmar အဖွဲ့က ထောက်ပြ ပါတယ်။

စစ်ကောင်စီထံဘဏ္ဍာငွေနဲ့ စစ်လက်နက်ပံ့ပိုးမှုတွေ စီးဆင်းနေဆဲဖြစ်တာကြောင့် သူတို့က ရက်စက် ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်ခွင့်ရနေတာလို့လည်း Justice for Myanmar ပြောရေး ဆိုခွင့်ရှိသူ မရတနာမောင် က RFA ကို ပြောပါတယ်။

စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေး အင်စတီကျု အမှုဆောင်ညွှန်ကြား ရေးမှူး ဦးသိန်းထွန်းဦး ကတော့ ဒီလိုတောင်းဆိုမှုတွေဟာ လူ့အခွင့် အရေး ခေါင်းစဉ်အောက်ကနေ ကိုယ့်နိုင်ငံ ကာကွယ်ရေးကို အားနည်းအောင်လုပ်နေတာလို့ ထောက်ပြဝေဖန်ပါတယ်။

“ပြည်တွင်းက တောင်းဆိုနေတဲ့ အဖွဲ့တွေက ဘာကိုတောင်းဆိုချင်တာလဲ၊ ဘာကို ပိတ်ဆို့ချင်တာလဲ။ ကျနော်တို့ နိုင်ငံရဲ့ ကာကွယ်ရေးကို အင်အားနည်း ပျော့ညံ့စေချင် လို့လား၊ ဘာကို မျှော်လင့်နေတာလဲ။ ထုံးစံအတိုင်း ကျနော်တို့ ကြားရသလောက်တော့ လူ့အခွင့်အရေးတို့ ဘာတို့ စုံစိနေအောင် ပြောတာပေါ့။ လက်တွေ့မှာ ကျနော်တို့ ကြုံနေ ရတာက အဲ့ဒီခေါင်းစဉ်တပ်ထားပြီး အဲ့ဒီအောက်ကနေ နောက်က မြှောက်ပေးနေတဲ့အဖွဲ့ တွေ အင်အား ပိုကောင်းလာအောင် လုပ်တာလို့ သဘောပေါက်တယ်”

လက်နက်မရောင်းဖို့ ဖိအားပေးတောင်းဆိုမှုတွေ ရှိနေပေမယ့် စစ်ကောင်စီအနေနဲ့ ဝယ်လို့ ရနိုင်တဲ့ မိတ်ဖက်နိုင်ငံတွေ အခုချိန်ထိ ရှိနေဆဲပဲလို့ ဦးသိန်းထွန်းဦး က ပြောပါတယ်။

Army Day.jpeg
၂ဝ၂၂ ခုနှစ် မတ်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် ၇၇ နှစ်မြောက် တပ်မတော်နေ့အခမ်းအနား စစ်ရေးပြမြင်ကွင်းတစ်ခု။ (Photo: AFP)

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူးကလည်း ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတချို့ဟာ ဒီကနေ့အထိ စစ်ကောင်စီကို လက်နက်ရောင်းချနေဆဲပဲလို့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီထံ တင်သွင်းတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီအစီရင်ခံစာမှာ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ ရုရှား၊ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ ဘယ်လာရုစ်၊ ယူကရိန်း၊ အစ္စရေး၊ ဆားဘီးယား၊ ပါကစ္စတန်နဲ့ တောင်ကိုရီးယားနိုင်ငံ တို့ဟာ မြန်မာစစ်တပ်ကို လက်နက်တွေ ရောင်းချခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲ့ဒီထဲက တရုတ်၊ ရုရှားနဲ့ ဆားဘီးယားတို့ဟာ အာဏာသိမ်းပြီးတဲ့အထိ စစ်တပ်ကို လက်နက်ဆက်ရောင်းနေတယ်လို့ ပြောထားပါတယ်။

စစ်ကောင်စီရဲ့ အာဏာယန္တရား တည်ဆောက်မှုဟာ လက်နက်နဲ့အင်အားပေါ်မှာ အခြေခံ ထားတာဖြစ်လို့ ဒါကို တားဆီးနိုင်မယ်ဆိုရင် ပြည်သူလူထုအပေါ် ဖိနှိပ်မှုတွေလည်း လျော့ကျသွားမယ်လို့ နိုင်ငံရေးလေ့လာသုံးသပ် သူ ဒေါက်တာစိုင်းကြည်ဇင်စိုး က သုံးသပ်ပါတယ်။

“စစ်ကောင်စီရဲ့ အာဏာယန္တရားတည်ဆောက်မှုက လက်နက်နဲ့ အင်အားပေါ်မှာ မူတည်ပြီး တည်ဆောက်နေတာ။ အဲ့ဒီလက်နက် လျော့နည်းသွားတယ်ဆိုရင် ဖိနှိပ်မှုတွေက အတိုင်းအတာတစ်ခုလောက် လျော့ကျသွားနိုင် မယ်ဆိုတဲ့ယူဆမှုတစ်ခုအနေနဲ့ ကမ္ဘာကြီးထဲမှာ ဝိုင်းဝန်းပြီးတော့ ကူဖို့ကြိုးစားနေတာ။ မြန်မာနိုင်ငံအတွင်းမှာ ဆိုးဝါးတဲ့ လုပ်ရပ်တွေ ရပ်သွားဖို့အတွက်တော့ ဖိအားပေးမှု၊ ပိတ်ဆို့မှု၊ တားဆီးမှုတွေက စစ်အင်အား ပိုကြီးထွားလာမယ့်ကိစ္စကို တားဆီးနိုင်မယ်လို့ ယုံကြည်ကြပါတယ်”

အရပ်သားတွေကိုသတ်ဖြတ်နေတဲ့မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းတွေ ရောင်းချတင်ပို့မှု တားမြစ်ပိတ် ပင်မယ့်ဆုံးဖြတ်ချက်ကို လုံခြုံရေးကောင်စီအနေနဲ့ စဉ်းစားဆုံးဖြတ်သင့်ပြီလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် တွမ်အင်ဒရူးက သူ့ရဲ့ ဖေဖော်ဝါရီ ၂၂ ရက် အစီရင်ခံစာမှာ တိုက်တွန်း ထားပါတယ်။

ဒါပေမဲ့ မြန်မာစစ်တပ်ကို အဓိကလက်နက်ရောင်းချနေတဲ့ ရုရှားနဲ့ တရုတ်လို လုံခြုံရေး ကောင်စီမှာဗီတို အာဏာသုံးပိုင်ခွင့်ရှိတဲ့ အင်အားကြီးနိုင်ငံတွေပါဝင်နေတာကြောင့် မြန်မာစစ်ကောင်စီထံလက်နက်ရောင်းချမှု တားဆီးရေးဟာ လက်တွေ့ဖြစ်လာဖို့ အလားအလာနည်းတယ်လို့လည်း အကဲခတ်တွေက သုံးသပ်ပါတယ်။

ဒီအခြေအနေအတွင်းမှာပဲ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အာဏာသိမ်း ၁၉ လအတွင်းမှာ ရုရှားနိုင်ငံကို သုံးကြိမ်တိတိ သွားရောက်ခဲ့ပြီး၊ အခု စက်တင်ဘာလဆန်းက သွားရောက်ခဲ့တဲ့ တတိယအကြိမ် ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှာ အဏုမြူဓာတ်ပေါင်းဖို စက်ရုံတစ်ရုံတည်ဆောက်ဖို့ ရုရှားအစိုးရ တာဝန်ရှိသူတွေနဲ့ သဘောတူလက်မှတ် ရေးထိုးခဲ့ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။