အာဏာသိမ်း နှစ်နှစ်အတွင်း မြန်မာကျပ်ငွေတန်ဖိုး ထက်ဝက်ကျဆင်း
2023.01.31
မြန်မာကျပ်ငွေတန်ဖိုးဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ လွန်ခဲ့တဲ့နှစ်နှစ်အတွင်း ၅၀ ရာခိုင်နှုန်းကျဆင်းသွားတယ်လို့ ကမ္ဘာ့ဘဏ်က ဇန်နဝါရီလ ၃၀ ရက် မနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ကမ္ဘာ့ကုန်စည်စျေးနှုန်းဆက်လက်မြင့်တက်နေပြီး သယ်ယူပို့ဆောင်ရေးအခက်အခဲတွေ ရှိနေချိန်မှာ ဒီလို ငွေကြေးတန်ဖိုး ကျဆင်းတာကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးတစ်ခုလုံး ကို ထိခိုက်စေခဲ့တယ်လို့လည်း အစီရင်ခံစာမှာ ပါရှိပါတယ်။
"ပြည်သူတွေရဲ့ စားဝတ်နေရေးဟာ ကျပ်သထက်ကျပ်လာတယ်။ ဒီပုံစံအတိုင်းသွားရင် ဆက်ပြီးတော့ ကျဦးမှာပါပဲ။ ဒီအတိုင်းသွားမယ်ဆိုရင်တော့ တိုင်းပြည်ရဲ့အခြေအနေက ဒီထက်ပိုဆိုးသွားမယ်"
ဒါကြောင့် လက်ရှိအခြေအနေတွေအတိုင်း ရှေ့ဆက်သွားမယ်ဆိုရင် နိုင်ငံရဲ့စီးပွားရေးဟာ ဒီထက်ပိုကျလာပြီး အလုံးစုံပျက်သုဉ်းမှုဆီကို ဦးတည်သွားနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စီပွားရေး ပညာရှင်တစ်ဦးက RFA ကို ပြောပါတယ်။
“တိုင်းပြည်စီးပွားရေး တိုးတက်နေသလား၊ ကျဆင်းနေသလားဆိုတာကလည်းပဲ ဒါအားလုံးသိနိုင်ပါတယ်။ ပြည်သူတွေရဲ့ စားဝတ်နေရေးဟာ ကျပ်သထက်ကျပ်လာ တယ်။ ဒီပုံစံအတိုင်းသွားရင် ဆက်ပြီးတော့ ကျဦးမှာပါပဲ။ ဒီအတိုင်းသွားမယ်ဆိုရင်တော့ တိုင်းပြည်ရဲ့အခြေအနေက ဒီထက်ပိုဆိုးသွားမယ်။ ပိုဆိုးသွားလို့ရှိရင် ပြည်သူလူထုက တော်တော်ကိုမရပ်တည်နိုင်တော့တဲ့ အနေအထားရောက်လာလို့ရှိရင် အလုံးစုံပျက်သုဉ်း ရေးဆိုတဲ့ ပုံစံဖြစ်လာနိုင်စရာရှိတယ်လို့ပဲ ခန့်မှန်းရပါတယ်။ ဒီအတိုင်းသွားရင်ပေါ့နော်”
ငွေကြေးတန်ဖိုးကို ငွေရဲ့ဝယ်နိုင်စွမ်းအားနဲ့ တိုင်းတာရတာကြောင့် ငွေရဲ့ ဝယ်နိုင်စွမ်းအား ကျဆင်းတဲ့အတွက် ကျပ်ငွေတန်ဖိုး ကျဆင်းပြီး လက်ရှိအခြေအနေအရ ကျပ်ငွေတန်ဖိုးက လည်း ဒီထက်ပိုကျလာဖို့ ရှိတယ်လို့ သူက သုံးသပ်ပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ မြန်မာနိုင်ငံမှာ ၂၀၁၈ ခုနှစ် ကစလို့ စီးပွားရေးဆိုင်ရာနဲ့ ကုန်သွယ်မှုဆိုင်ရာ စီမံခန့်ခွဲမှုအားနည်းချက်တွေကြောင့် နိုင်ငံ့စီးပွားရေးကျဆင်းခဲ့ရတာလို့ ကချင်ပြည် နယ်၊ မြစ်ကြီးနား မြို့တော်ခန်းမမှာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်နေ့က အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံရာမှာ ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ မူဝါဒပိုင်းမတည်ငြိမ်မှုဆက်လက်မြင့်မားနေပြီး နိုင်ငံခြားငွေကို မြန်မာငွေနဲ့ မဖြစ်မနေပြန်လဲရတဲ့ ငွေကြေးမူဝါဒအပါအဝင် ဥပဒေ၊ စည်းမျဉ်းစည်းကမ်း အပြောင်းအလဲ တွေများနေတာကြောင့် လည်း စီးပွားရေးလုပ်ငန်းတွေအတွက် အခက်အခဲတွေနဲ့ ရုန်းကန်ရ စေတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ မနေ့ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ရန်ကုန်မြို့မှာနေထိုင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကတော့ ပဋိပက္ခတွေပြီးဆုံးစေချင်ပြီး အစိုးရတွေအနေနဲ့ ပြည်သူတွေရဲ့မျက်နှာကို ပြန်ကြည့်ရင် စီးပွားရေးပြန်လည်တိုးတက် လာမယ်လို့ RFA ကို ပြောပါတယ်။

“ကျနော်ကတော့ ဘာပြောချင်လဲဆိုတော့ အစိုးရအဖွဲ့အစည်းတွေဘက်ကပေါ့ ကျနော်တို့ပြည်သူတွေရဲ့ မျက်နှာကို အဘက်ဘက်က ပြန်ကြည့်ကြပေါ့။ အဲဒီကျရင် ကျနော်တို့က စီးပွားရေးကဏ္ဍမှာ ပိုပြီးတော့ တိုးတက်လာမယ်ပေါ့။ ဆိုတော့ ဖြေရှင်း မယ်ဆိုရင်လည်း ဒီကိစ္စကို စားပွဲပေါ်မှာပဲရှင်းရှင်း၊ ဘယ်လိုပဲရှင်းရှင်းပေါ့ဗျာ။ ရှင်းတော့ ရှင်းနေကြတာပဲ အကုန်လုံးက။ ဒါပေမဲ့ နောက်ပြန်လှည့်လို့မရတဲ့ အနေအထားမျိုးတွေ လည်း မြင်ရတယ်ပေါ့ဗျာ။ ကျနော်ကတော့ စီးပွားရေးကဏ္ဍမှာဆိုရင်တော့ အဲဒီပဋိပက္ခ တွေပြီးစေချင်တယ်”
မူဝါဒပိုင်းဆိုင်ရာတွေမတည်ငြိမ်မှုတွေနဲ့ ရုံးလုပ်ငန်းပိုင်းဆိုင်ရာ ကြန့်ကြာမှုတွေကလည်း နိုင်ငံရဲ့စီးပွားရေး တိုးတက်မှုနှောင့်နှေးရတဲ့အကြောင်းအရင်းတွေထဲကတစ်ခုဖြစ်တယ်လို့ သူက ပြောပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့အစီရင်ခံစာမှာ မူဝါဒမတည်ငြိမ်မှုမြင့်တက်နေတာနဲ့ နိုင်ငံခြားငွေကြေး လဲလှယ်မှု စည်းမျဉ်းစည်း ကမ်းအပြောင်းအလဲများနေတာက နိုင်ငံရဲ့စီးပွားရေး မတည်ငြိမ်မှုတွေရဲ့ အကြောင်းအရင်းတစ်ချက်အဖြစ် ဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး ဗဟိုဘဏ်ရဲ့ ငွေကြေးစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်သန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားမှုမရှိခဲ့ပါဘူး။
လတ်တလောမြန်မာပြည်တွင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေက လူမှုဘ၀နဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်း တွေကိုထိခိုက်စေပြီး လျှပ်စစ်ဓာတ်အားပြတ်တောက် တာတွေကလည်း စီးပွားရေးလုပ်ငန်းတွေကို ဆက်ပြီး အဟန့်အတားဖြစ်စေမယ်လို့လည်း ကမ္ဘာဘဏ်ရဲ့ အစီရင်ခံစာမှာဖော်ပြပါတယ်။
ဒီစိန်ခေါ်မှုကြီးမားတဲ့ စီးပွားရေးအခင်းအကျင်းတွေကြောင့် မနှစ်ကနဲ့နှိုင်းယှဉ်ရင် အိမ်ထောင်စုဝင်တွေရဲ့ ၄၆ ရာခိုင်နှုန်းက ဝင်ငွေလျော့ကျလာပြီး ၂၀၂၂ ခုနှစ်မှာ အစားအစာနဲ့ အာဟာရဖူလုံမှု အခြေအနေ ပိုဆိုးလာတယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။

လက်ရှိနိုင်ငံရေးပဋိပက္ခတွေနဲ့ စီးပွားရေးအကျပ်အတည်းတွေကြားမှာ ငွေကြေးဖောင်းပွမှု ကြောင့် အစစအရာရာ စျေးကြီးနေပြီး စားဝတ်နေရေးခက်ခဲလာတယ်လို့ ရန်ကုန်မြို့မှာ နေထိုင်တဲ့ လက်လုပ်လက်စား ပြည်သူတစ်ဦးက RFA ကို ပြောပါတယ်။
“မသေထမင်း၊ မသေဟင်းစားနေရသလိုပဲ။ ဘာဖြစ်လို့လဲဆိုတော့ ခေတ်ကာလတွေက မတူဘူးလေ။ စားရေး သောက်ရေးကျတော့လည်း စီးပွားရေးအဆင်မပြေတော့ စားရေး သောက်ရေးမှာ ဒုက္ခရောက်တာ ပေါ့လေ။ ကုန်စျေးနှုန်းက ကျန်တဲ့ဟာတော့ မပြော တော့ဘူး။ ကန်းစွန်းရွက်တစ်စည်းတစ်ရာက ငါးရာဖြစ်နေပြီ။ ကျန်တဲ့ ဟာတွေကတော့ စဉ်းစားသာကြည့်တော့။ အခုလိုမျိုးခေတ်ကာလတွေက အဆင်မပြေတဲ့အခါကျတော့ လက်လုပ်လက်စားတွေလည်းလုပ်စားရတာ အဆင်မပြေဘူးပေါ့။ စားရတစ်လှည့် မစားရတစ်လှည့်တွေ အကုန်ဖြစ်နေကြတယ်”
စီးပွားရေးကဏ္ဍမှာ မတူကွဲပြားတဲ့ အတက်အကျတွေနဲ့ ပြည်သူ့ကြွေးမြီဟာ ပြည်တွင်း အသားတင်ကုန်ထုတ် လုပ်မှု(GDP) ရဲ့ ၆၀ ရာခိုင်နှုန်းအထိ မြင့်တက်သွားတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ကမ္ဘာ့ကုန်စည်စျေးနှုန်းတွေလျော့ကျလာတဲ့အတွက် ၂၀၂၂ ဘဏ္ဍာနှစ်ရဲ့ မြန်မာငွေကြေး ဖောင်းပွမှုဟာ ၁၆ ဒသမ ၅ ရာခိုင်နှုန်းအထိရှိခဲ့ပေမယ့် ၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်မှာတော့ ၇ ရာခိုင်နှုန်းသာ လျော့ကျလာနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းပါတယ်။
ဒါပေမဲ့ စစ်ကောင်စီကရွေးကောက်ပွဲကျင်းပဖို့စီစဉ်နေတာကြောင့် ပဋိပက္ခတွေ ပိုဆိုးလာ နိုင်ပြီး စီးပွားရေး ခန့်မှန်းချက်တွေဟာလည်း အပြောင်းအလဲဖြစ်နိုင်တယ်လို့ ကမ္ဘာ့ဘဏ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။