မြန်မာ့အရေး ဒေါ်လာ သန်း ၄၇ဝ ပေးဖို့ အမေရိကန်အောက်လွှတ်တော် သဘောတူ
2022.04.07
၂ဝ၂၂ မြန်မာ အက်ဥပဒေ ‘‘Burma Unified through Rigorous Military Accountability Act of 2022’’ or the ‘‘BURMA Act of 2022’’ ကို ဧပြီလ ၆ ရက်နေ့မှာ အမေရိကန်အောက်လွှတ်တော်က အတည်ပြုလိုက်တဲ့အတွက် အထက်လွှတ်တော်ကလည်း ထပ်မံအတည်ပြုမယ်ဆိုရင် သမ္မတ ဂျိုးဘိုင်ဒင် လက်မှတ်ရေးထိုးပြီးတာနဲ့ အသက်ဝင်လာတော့မှာ ဖြစ်ပါတယ်။
ဒီဥပဒေအရ လူမှုအသိုင်းအဝိုင်းကို ထောက်ပံ့မှုနဲ့ လူသားချင်းစာနာမှုအဖြစ် အမေရိကန်ပြည်ထောင်စုက ဒေါ်လာ သန်း ၄၇ဝ ကျော် အကူအညီပေးမှာဖြစ်သလို မြန်မာပြည်က အာဏာသိမ်းပွဲအတွက် ပါဝင်ကူညီခဲ့သူတွေ၊ လူထုသတ်ဖြတ်မှုတွေအတွက် တာဝန်ရှိသူတွေကို ပိတ်ဆို့အရေးယူမှာ ဖြစ်ပါတယ်။
မြန်မာစစ်ကောင်စီရဲ့ ဖမ်းဆီးနှိပ်စက်မှုတွေကနေ လွတ်ကင်းဖို့အတွက် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းနိုင်ငံစတဲ့ ဒေသအသီးသီးမှာ တိမ်းရှောင်နေကြတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေ၊ CDM ဝန်ထမ်းတွေ၊ လူမှုအဖွဲ့အစည်းတွေမှာ ပါဝင်သူတွေ၊ စစ်ကောင်စီဆန့်ကျင်သူတွေကို ကာကွယ်ပေးခဲ့သူတွေ၊ မီဒီယာဌာနတွေ၊ သတင်းသမားတွေကို ဒီဥပဒေအရ ၂ဝ၂၃ ခုနှစ်ကနေ ၂ဝ၂၇ ခုနှစ်အထိ ငါးနှစ်တာကာလအတွင်း တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်း ၅ဝ ထောက်ပံ့မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ရိုဟင်ဂျာနဲ့ တိုင်းရင်းသားလူနည်းစုတွေကို ထောက်ပံ့ရေး၊ စစ်ကောင်စီရန်ကြောင့် နေရပ်က စွန့်ခွာထွက်ပြေးရသူတွေကို နေရာဒေသအသစ်တွေမှာ ပြောင်းရွှေ့အခြေချရေး၊ ဘာသာရေး လူမျိုးရေး ခွဲခြားခံရမှုတွေကနေ သက်သာရေး၊ အမျိုးသမီးနဲ့ ကလေးသူငယ်တွေကို ကူညီရေး၊ ဒုက္ခသည်စခန်းတွေကို ကူညီရေး စတဲ့ လုပ်ငန်းတွေအတွက်လည်း အခုလာမယ့် ၂ဝ၂၃ ခုနှစ် တစ်နှစ်တည်းအတွက် အမေရိကန်ဒေါ်လာ ၂၂ဝ ကျော်သုံးစွဲမှာ ဖြစ်တဲ့အတွက် စုစုပေါင်း ဒေါ်လာ သန်း ၄၇ဝ ကျော် ကူညီထောက်ပံ့မှာ ဖြစ်ပါတယ်။
ဒီဥပဒေပြဌာန်းရေးအတွက် ပါဝင်လှုံ့ဆော်ခဲ့သူတွေထဲမှာ အမေရိကန်ပြည်ထောင်စုရောက် မြန်မာနိုင်ငံဖွားတွေလည်း ပါဝင်ပါတယ်။ တစ်ဦးကတော့ ကယ်လီဖိုးနီးယားပြည်နယ်က James Shwe ပါ။
“ပိတ်ဆို့မှုတွေကတော့ နိုင်ငံခြားရေးဝန်ကြီးဌာနက တော်တော်များများလုပ်ပြီးပြီ။ အခု ဒီ Act ထဲမှာ ပိတ်ဆို့မှုပါတယ်ဆိုရင် နောက်သမ္မတတက်လာရင် လွယ်လွယ်ကူကူ ဖြုတ်ချလို့ မရအောင် ထည့်ထားတာ ဖြစ်ပါတယ်။ ဒီဥပဒေမှာ အရေးကြီးတဲ့အချက်တစ်ခုကတော့ Accountability လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တာဝန်ခံမှုပေါ့နော်။ စစ်တပ်က လူ့အခွင့်ရေးချိုးဖောက်ခဲ့တာတွေကို စုံစမ်းစစ်ဆေးပြီး အစီရင်ခံစာတင်ဖို့၊ အဲဒီတော့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးမှာကတော့ ဒီဥပဒေအရ အကျိုးအရှိဆုံးအချက် ဖြစ်တယ်လို့ ကျွန်တော်ယူဆပါတယ်။ ဘာလို့လဲဆိုတော့ ပိုက်ဆံများတာကိုး။ နောက်တစ်ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှုပိတ်ပင်ရေး၊ နောက်တပ်မတော်က ခန့်တဲ့လူတွေကို လက်မခံဖို့၊ နောက် တပ်မတော်ရဲ့ တရားဝင်မှုကို ငြင်းဆိုဖို့။”
နောက်တစ်ဦးကတော့ မေရီလန်းပြည်နယ်က ချင်းတိုင်းရင်းသားခေါင်းဆောင် ဇိုသုန်းမှုန် ဖြစ်ပါတယ်။
“အောက်လွှတ်တော်ကနေ BURMA Act of 2022 ကို အတည်ပြုလိုက်တာဟာ ကျနော်တို့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရရှိရေးနဲ့ စစ်အာဏာရှင်ဖြုတ်ချရေးအတွက် ကြီးမားတဲ့ အောင်မြင်မှုကြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ Civil Society အတွက်လည်း အမေရိကန်ဒေါ်လာ သန်း ၂၂ဝ ကျော် ပေးဖို့ ခွင့်ပြုလိုက်တယ်။ အခုလိုအခြေအနေမှာ ဒီဥပဒေကို အတည်ပြုလိုက်တာဟာ ဝါရှင်တန် (အမေရိကန်အစိုးရ) အနေနဲ့ ကျွန်တော်တို့ မြန်မာပြည်အရေးမှာ ဘယ်လောက် ဂရုစိုက်သလဲဆိုတာကို ဖော်ပြနေပါတယ်။”
တောင်သူလယ်သမားအကျိုးဆောင် ဦးဇော်ရန်းကတော့ ဒီဥပဒေအရ ခွင့်ပြုငွေတွေကို ရရှိသုံးစွဲရမယ့်အဖွဲ့အစည်းတွေအနေနဲ့ အလွဲသုံးစားပြုမှုမရှိဖို့ အင်မတန်အရေးကြီးပါတယ်လို့ ပြောပါတယ်။
“အခု ကျွန်တော်တို့ရမယ့်ငွေက ဒေါ်လာ သန်း ၄၇ဝ ကျော်ဆိုတော့ ဘယ်နိုင်ငံ ဘယ်အစိုးရထံကမှ အဲဒီလောက်များများ မရဖူးတဲ့ ပမာဏပေါ့နော်။ အခုကျွန်တော်တို့ ရုန်းကန်နေရတဲ့ နွေဦးတော်လှန်ရေးအတွက် အင်မတန် ဝမ်းသာစရာဖြစ်ပါတယ်။ အဲဒါကြောင့် ဒီငွေကို သုံးစွဲမယ့်သူတွေ သုံးစွဲခွင့်ရတဲ့အဖွဲ့အစည်းတွေအနေနဲ့ သေသေချာချာ စိစိစစ်စစ်နဲ့ အကျိူးရှိစွာ သုံးစွဲဖို့လိုပါတယ်။”
အခု ဥပဒေမှာ ပါဝင်တဲ့ ကုလသမဂ္ဂအနေနဲ့ မြန်မာပြည် ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် လက်တွေ့ကျကျ ပိုမိုလုပ်ဆောင်ရန် အမေရိကန်ပြည်ထောင်စုက ဖိအားပေးရေးဆိုတဲ့အချက်နဲ့ ပတ်သက်ပြီး ဘယ်လောက်အောင်မြင်အောင် ဆောင်ရွက်နိုင်မလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ James Shwe က ပြောပါတယ်။ အခုလို အောက်လွှတ်တော်က အတည်ပြုလိုက်တဲ့ Burma Act of 2022 နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ပြောကြားချက်ကို မသိရသေးပါဘူး။