ရန်ကုန်မှာ တစ်လကျော်အတွင်း ဗုံးခွဲတိုက်ခိုက်မှု ၁၂၀ ကျော်ဖြစ်ပွား
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး အချိန်တစ်နှစ်နီးပါးကြာလာတဲ့အထိ ရန်ကုန်မြို့မှာ အာဏာသိမ်းစစ်ကောင်စီနဲ့ ပတ်သက်လို့ ဗုံးခွဲတိုက်ခိုက်မှုတွေ ဆက်ရှိနေဆဲဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဇန်နဝါရီလ ၂၂ ရက် တစ်နေ့တည်းမှာ သန်လျင်မြို့နယ် ရေကြောင်းတက္ကသိုလ်လမ်းဆုံ မှာရှိတဲ့ ကညနရုံးမှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အဝေးထိန်းဗုံးနဲ့ တိုက်ခိုက်ခံခဲ့ရပါတယ်။ အဲဒီနေ့မှာပဲ လှိုင်သာယာမြို့နယ် အနော်ရထာလမ်းမကြီးပေါ်က အမှတ် (၂၀) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနားမှာ ဗုံးခွဲတိုက်ခိုက်မှုတွေရှိခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်မှုတွေရှိခဲ့ကြောင်း ဗုံးခွဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တဲ့ မြို့ပြပြောက်ကျားအဖွဲ့တွေက ထုတ်ပြန်ထားကြပါတယ်။
RFA က လက်လှမ်းမီသလောက် ကောက်ယူထားတဲ့ စာရင်းတွေအရ ဗုံးခွဲတိုက်ခိုက်မှု တွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက်နေ့ကနေ ဇန်နဝါရီ ၂၂ ရက်နေ့အထိ လှိုင်သာယာ မြို့နယ်မှာ ၂၈ ကြိမ်၊ မင်္ဂလာဒုံမြို့နယ်မှာ ၁၆ ကြိမ်၊ မြောက်ဥက္ကလာပမြို့နယ်မှာ ၁၁ ကြိမ်၊ ရွှေပြည်သာမြို့နယ်မှာ ကိုးကြိမ်နဲ့ သန်လျင်မြို့နယ်မှာ ၁၈ ကြိမ်၊ သာကေတမြို့နယ် မှာ ၁၂ ကြိမ်၊ ဒေါပုံမြို့နယ်မှာ ရှစ်ကြိမ်၊ တာမွေမြို့နယ်မှာ ခြောက်ကြိမ်နဲ့ တောင်ဥက္ကလာ ပမြို့နယ်မှာ ၁၃ ကြိမ်၊ စုစုပေါင်း ၁၂၁ ကြိမ်အထိ ဖြစ်ခဲ့ပါတယ်။
ဗုံးခွဲတိုက်ခိုက်မှုတွေဟာ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့တွေ နေရာယူထားတဲ့ စာသင်ကျောင်း၊ ထွေအုပ်ရုံး၊ မီတာရုံးတွေနဲ့ ရဲစခန်းတွေမှာ ဖြစ်ပွားခဲ့တာပါ။
ဒါကြောင့် ဒေသခံတွေဟာ အများအားဖြင့် စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ရှောင်တိမ်းပြီး သွားလာကြရတယ်လို့ မရမ်းကုန်းမြို့နယ်မှာနေထိုင်တဲ့ ဒေါ်သူဇာက ပြောပါတယ်။
"ရန်ကုန်မြို့ရဲ့ အခြေအနေကတော့ သိတဲ့အတိုင်းပဲ ဟိုနေရာမှာလည်း အုံး ဒီနေရာမှာ လည်း အုံးပဲ။ မနက်မိုးလင်းတဲ့အချိန်ကနေ ညမိုးချုပ်တဲ့အချိန်အထိ တအုံးအုံး တဒိုင်း ဒိုင်းနဲ့ ဖြစ်နေတာပေါ့။ အခုဆိုရင် ရန်ကုန်မှာ ဘယ်လိုဖြစ်နေလဲဆိုတော့ ဒီဘက်လမ်းမှာ ဗုံးပေါက်တယ်ဆိုရင် ဟိုဘက်လမ်းက ကွေ့သွားကြတယ်။ အဓိကကတော့ စစ်ကောင် စီနဲ့ မပတ်သက်ချင်တာပေါ့နော်။ စစ်ကောင်စီက ဖမ်းခေါ်သွားတာလည်း ရှေ့မှာရှိခဲ့တာ ကိုး။ အဲလို ဗုံးပေါက်တဲ့နေရာကနေ ဝေးဝေးပဲနေတယ်၊ အရှေ့မှာ စစ်ကောင်စီတပ် သားတွေ ထိခိုက်တာတွေ့ရင်လည်း ကျမတို့က ကျော်ပြီးတော့ပဲ သွားတယ်။ ဘာမှမလုပ်ပေးဘူး"
ဒါပေမဲ့ ဝမ်းရေးအတွက် မဖြစ်မနေ အပြင်ထွက်အလုပ်လုပ်နေရတဲ့ ဒေသခံပြည်သူတွေ ကတော့ ဗုံးပေါက်ကွဲမှု ဖြစ်တဲ့နေရာကနေ ရှောင်ကွင်းသွားလာရင်း စစ်ကောင်စီရဲ့ စစ်ဆေးမေးမြန်းတာတွေကို အဆင်ပြေသလို ဖြေရှင်းနေရတယ်လို့ ရန်ကုန်မြို့မှာနေထိုင် တဲ့ ဦးမိုးမြင့် က RFA ကို ပြောပါတယ်။
"ဒီကလေးတွေ အားလုံးကတော့ အောင်နိုင်ရေး အာဏာရှင်ကျဆုံးရေးအတွက်ပဲ လုပ် နေတာ။ ဒါပေမဲ့ ပြည်သူတွေကို မလုပ်ခင်မှာ ကြိုပြီးသတိပေးတယ်။ ပြည်သူတွေကို စစ်ကောင်စီနဲ့ ပတ်သက်တဲ့နေရာတွေကို ရှောင်ရှားဖို့ ကလေးတွေက ကြိုသတိပေးပြီးမှ လုပ်တယ် သတိပေးပြီးမှ လုပ်တာဖြစ်တဲ့အတွက် ပြည်သူတွေက ချိန်ဆပြီး သွားလာ ကြပေါ့။ ဗုံးတစ်လုံးပေါက်ရင် တကယ်ထိရောက်တဲ့သူတွေကို မဖမ်းနိုင်ရင် ပြည်သူ တွေပဲ အဖမ်းခံရတယ်။ လုံခြုံမှုက ဘာမရှိတာလဲဆိုရင် စကစရဲ့ ဖမ်းဆီးမှုက လုံခြုံမှု မရှိဘူး"
ဗုံးခွဲတိုက်ခိုက်မှုအများစုဟာ ရန်ကုန်မြို့မှာရှိတဲ့ စစ်ကောင်စီနဲ့သက်ဆိုင်တဲ့ ပတ်ဝန်းကျင် တွေမှာ အများဆုံးဖြစ်နေတာ တွေ့ရတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။
ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ Yangon Federal Army (YFA) က ပြောရေး ဆိုခွင့်ရှိသူ ကိုကျော်လေး ကတော့ သူတို့ဟာ စစ်ကောင်စီရဲ့ လုံခြုံရေးအမာခံတပ်တွေကို အဓိက ပစ်မှတ်ထားတိုက်ခိုက်နေတာလို့ ပြောပါတယ်။
"အဓိကကတော့ ကျနော်တို့ပြည်သူတွေအနေနဲ့ ဆုံးရှုံးသွားတဲ့ ဒီမိုကရေစီစနစ်ကို ပြန်လည်ရယူဖို့အတွက် စကစရဲ့ အဓိကလုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်တာ ဖြစ်ပါတယ်။ ဒါက စစ်မှန်တဲ့ တရားတဲ့ဓမ္မဘက်က ပြည်သူတစ်ယောက်အနေနဲ့ တိုက်ခိုက်နေရတာဖြစ်ပါတယ်။ သူတို့အနေနဲ့ နောက်ပြန်လှည့်လို့မရတဲ့ အခြေ အနေမှာတော့ ကျနော်တို့ပြည်သူတွေရဲ့ ဆုံးရှုံးသွားတဲ့ ဒီမိုကရေစီအတွက် ပြန်လည် ပြီးရယူဖို့အတွက် ကျနော်တို့အသက်တွေ၊ ဘဝတွေ အကုန်လုံးပေးဆပ်ပြီးတော့ စကစရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ကျနော်တို့တိုက်ခိုက်နေတာဖြစ်ပါတယ်။ အခုလည်း တိုက် ခိုက်နေသလို ကျနော်တို့ရဲ့ နောက်မျိုးဆက်လည်း တိုက်ခိုက်နေမယ်ဆိုတာ ယုံကြည် တယ်။ ကျနော် အမြဲပြောပါတယ်။ ကျနော်တို့ရဲ့ ရန်ကုန်ကို ကျနော်တို့ YFA တပ်ဖွဲ့ဝင် တွေ သေမှ အဖမ်းခံရမှာ ဒီကောင်တွေရမယ်ဆိုတာ ယုံကြည်ပါတယ်"
"ပြည်သူတွေကို စစ်ကောင်စီနဲ့ ပတ်သက်တဲ့နေရာတွေကို ရှောင်ရှားဖို့ ကလေးတွေက ကြိုသတိပေးပြီးမှလုပ်တယ်"
မြို့ပြပြောက်ကျားအဖွဲ့တွေအနေနဲ့ စစ်ကောင်စီက အင်အားသုံးဖမ်းဆီးတာတွေ၊ ဒလန် သတင်းပေးတွေနဲ့ ရှုပ်ထွေးလှတဲ့ လူနေမှုစနစ်တွေရှိတဲ့ ရန်ကုန်မြို့ထဲ ပြည်သူအထိအခိုက် မရှိရအောင် တိတ်တဆိတ် လှုပ်ရှားမှုတွေနဲ့ မြေပြင်စစ်ဆင်ရေးတွေကို ဂရုတစိုက် လုပ်ဆောင်နေတယ်လို့ သူကဆိုပါတယ်။
စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကတော့ တိုက်ခိုက်မှုတွေကို ထိန်းချုပ်ဖို့ ဆက်ကြိုးစားနေတယ်လို့ ပြောပါတယ်။
"စက်တင်ဘာလ NUG ကနေ အကြမ်းဖက်ကြေညာပြီးနောက်ပိုင်း ရန်ကုန်မှာ ပေါက်ကွဲ မှုတွေ နည်းနည်းများလာတယ်။ အဲဒီရက်တွေက ရန်ကုန်မှာ တစ်ရက်ထဲမှာတင် ကိုးကြိမ်လောက် ဖြစ်ပွားခဲ့တာတွေရှိပါတယ်။ အခုနောက်ပိုင်း ရန်ကုန်မှာ အစွန်အဖျား ဒေသတွေမှာလည်း တစ်ရက်ကို တစ်ကြိမ်၊ နှစ်ကြိမ် ဖြစ်ပွားနေတာရှိပါတယ်။ ရန်ကုန် မှာ ဖော်ထုတ်ဖမ်းဆီးရမိတဲ့သူတွေအနေနဲ့ ဇေယျာသော်တို့ ဖမ်းဆီးရမိပြီးတော့ လက် နက်တွေ လူတွေ ဖမ်းဆီးရမိတာ များပြားခဲ့တယ်။ ဒီနောက်ပိုင်းမှာလည်း ဆက်လက် ဖော်ထုတ်ဖမ်းဆီးနေပါတယ်။ ရန်ကုန်ရဲ့ အခြေအနေကတော့ လက်တွေ့မြင်နေတာပဲ။ ယခင်တုန်းကလို မဟုတ်ပါဘူး။ အကုန်လုံးက သွားလာလှုပ်ရှားမှု များပြားနေတာတွေ ရှိတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် အစိုးရရဲ့ ထိန်းချုပ်မှု ရှိ မရှိဆိုတာကို သိနိုင်ပါတယ်"
ပြီးခဲ့တဲ့နှစ် မေလနဲ့ ဇွန်လတွေဟာ ရန်ကုန်မှာ လုံခြုံရေးတိုက်ခိုက်ခံရတဲ့ ဗုံးပေါက်ကွဲမှု တွေက အရှိန်အမြင့်ဆုံးဖြစ်ခဲ့ပေမယ့် တရားခံတွေကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
စစ်ကောင်စီဘက်က ထိန်းချုပ်ဖို့ကြိုးစားနေပေမဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေကတော့ ကင်းစင် သွားမှာမဟုတ်ဘဲ ဆက်ပြီးတော့ရှိနေဦးမယ်လို့ လုံခြုံရေးဆိုင်ရာ လေ့လာသုံးသပ်သူ ကိုကျော်စောဟန်က သုံးသပ်ပါတယ်။
"ရန်ကုန်မှာ အခုပုံစံအမျိုးမျိုးနဲ့ ဖြစ်နေတဲ့ ပေါက်ကွဲမှုတွေကတော့ ဆက်တိုက်ဆိုသလို ဖြစ်နေတာပေါ့နော်။ တစ်လမှာ လုံခြုံရေးဆိုင်ရာ တိုက်ခိုက်မှုပေါင်း ၁၅၀ လောက် အ ကြိမ်ရေ ဖြစ်နေတာကို အလွတ်သဘောလေ့လာနေတဲ့ အဖွဲ့စည်းတွေရဲ့ အစီရင်ခံစာ အရ တွေ့ရပါတယ်။ ဒီနောက်ပိုင်းမှာ လက်နက်တွေက local production ပြည်တွင်း မှာပဲ လက်လှမ်းမီတဲ့ပစ္စည်းတွေနဲ့ ထုတ်လုပ်တဲ့နှုန်းတွေ တော်တော်တက်လာတာကို တွေ့ရတယ်။ အပြင်က သွင်းစရာတောင်မလိုဘူး။ စိတ်နာကျည်းချက်တွေက ရှိနေ သေးတဲ့အတွက် ဒါတွေက ဆက်ပြီးရှိနေဦးမယ်လို့ ယူဆပါတယ် "
နိုင်ငံရေးပြဿနာကို မဖြေရှင်းဘဲ အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲဖြစ်တဲ့ မြို့ပြ တိုက်ပွဲတွေ၊ ဗုံးခွဲတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတဲ့အပေါ် ပြည်သူတွေကို ဖမ်းဆီးထောင်ချနေရုံနဲ့ ပြေလည်မှာ မဟုတ်ဘူးလို့လည်း သူကဆက်ပြောပါတယ်။
ရန်ကုန်မြို့မှာ အာဏာသိမ်းစစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား အပြည့်အဝလည်ပတ်ဖို့ ကြိုးစားနေပေမဲ့လည်း အချိန် တစ်နှစ်နီးပါးကြာလာတဲ့အထိ ရာနှုန်းပြည့် အောင်မြင်မှု မရှိသေးဘူးလို့ မြို့ခံတွေက ပြောကြပါတယ်။