ဒုက္ခသည်ဇီ၀အချက်အလက် အိန္ဒိယကောက်ယူနေလို့ စိုးရိမ်နေ

RFA Burmese
2023.08.11
ဒုက္ခသည်ဇီ၀အချက်အလက် အိန္ဒိယကောက်ယူနေလို့ စိုးရိမ်နေ မြန်မာ-အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးလာကြသည့် မြန်မာစစ်ဘေးဒုက္ခသည်များအား ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်နေ့က တွေ့ရစဉ်။
Reuters

စစ်ကိုင်းတိုင်း၊ မြန်မာ-အိန္ဒိယနယ်စပ် တမူးမြို့နယ် ခါမ်းပါတ်မြို့မှာ ဇူလိုင် ၂၂ ရက်ကစဖြစ်ခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့ တိုက်ပွဲကြောင့် ဒေသခံတစ်ထောင်ကျော်ဟာ ကလေးမြို့ အပါအဝင် ဘေးလွတ်ရာ တောတောင်တွေနဲ့ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်အထိ ထွက်ပြေးနေရပါတယ်။

လက်ရှိ ခါမ်းပါတ်မြို့မှာ တိုက်ပွဲမရှိတော့ပေမယ့် တိုက်ပွဲပြန်ဖြစ်မှာ စိုးရိမ်တာကြောင့် စစ်ဘေးဒုက္ခသည်တွေ နေရပ်မပြန်ရဲကြသေးသလို ကလေးမြို့ကို ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေလည်း ဘုရာကျောင်းလေးခုမှာ အခုချိန်ထိခိုလှုံနေရဆဲလို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

"ကလေးတွေ ဖျားနားလာတဲ့အခါ ပိုက်ဆံလိုတယ်၊ အဲဒါက အခက်ခဲဆုံးပါပဲ”

ကလေးမြို့ကို ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည် ဒေါ်မန်ငိုက်ဝုန်းက လက်ရှိ တုပ်ကွေးရာသီဖြစ်တာကြောင့် ကလေးငယ်တွေဖျားနေကြပြီး ဆေးခန်းပြဖို့ ခက်ခဲနေတယ်လို့ RFA ကို ပြောပါတယ်။

“သေနတ်သံတွေ ကြားနေရတော့ ကြောက်လို့ထွက်ပြေးတာ။ အိမ်ကနေလည်း ဘာပစ္စည်းတစ်ခုမှ မသယ်နိုင်ခဲ့ဘူး။ ဒီအတိုင်းထွက်ပြေးတာ အခုက စားဖို့ သောက်ဖို့လည်းလိုတယ်။ ကလေးတွေ ဖျားနာနေတဲ့အချိန်ကျရင်လည်း ခက်ခဲတယ်။ ပိုက်ဆံလည်းလိုတယ်။ ဒီမှာတော့ ထမင်းကျွေးပေမယ့် ဆေးခန်းသွားဖို့ ကိုယ်သုံးဖို့ အတွက် ပိုက်ဆံလိုအပ်တယ်။ ကလေးတွေ ဖျားနားလာတဲ့အခါ ပိုက်ဆံလိုတယ်၊ အဲဒါက အခက်ခဲဆုံးပါပဲ”

ခါမ်းပါတ်ကနေ ကလေးမြို့ကို ထွက်ပြေးလာရတဲ့အထဲမှာ မိဘမဲ့ကလေးဂေဟာတစ်ခုက အသက်ငါးနှစ်ကနေ အသက် ၁၅ နှစ်အရွယ် ကလေးအယောက်လေးဆယ်နဲ့ ဆရာ၊ ဆရာမ ငါးဦးလည်း ပါဝင်ပါတယ်။

ဆွေမျိုးမရှိသူတွေကို ရီမာအေဂျီဘုရားကျောင်းမှာ လက်ခံထားပြီး တာဝန်ယူပေးထား တယ်လို့ ရီမာအေဂျီ ဘုရားကျောင်း သိက္ခာတော်ရ သင်းအုပ်ဆရာ ငဲ့ဒိတ်ဆွမ်က RFA ကို ပြောပါတယ်။

“အခု ဒီမှာရောက်တဲ့သူတွေကတော့ သူတို့တည်းရမယ့် နေရာမရှိဘူးဆိုတော့ ဒီမှာနေလို့ရအောင် ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ ဘုရားကျောင်းမှာတော့ ထမင်းကျွေးတယ်။ တတ်နိုင်သလောက် သူတို့အတွက် အတတ်နိုင်ဆုံး လုပ်ပေးတယ်”

တစ်ဖက်မှာလည်း အိန္ဒိယနိုင်ငံကို ထွက်ပြေးခိုလှုံနေကြတဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေကို လက်ဗွေရာ၊ မျက်လုံး၊ မျက်နှာပြင်၊ အသံ စတဲ့ Biometric Data လို့ခေါ်တဲ့ ဇီဝဆိုင်ရာအချက်အလက်တွေ အိန္ဒိယအစိုးရက ဇူလိုင်လကုန်ကစပြီး ‌ကောက်ခံနေတာကြောင့် စိုးရိမ်နေရတယ်လို့ အိန္ဒိယရောက် မြန်မာဒုက္ခသည်တွေက ပြောပါတယ်။

ဒုက္ခသည်တွေကို တရားမဝင် ရွှေ့ပြောင်းသူတွေလို့သတ်မှတ်ပြီး ဇူလိုင်လ ၂၉ ရက်နေ့ကစ မဏိပူရ်ပြည်နယ်ထဲမှာ ကောက်ယူနေတာလို့ စစ်ဘေးဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။

“Biometric data ဆိုတာက မျက်လုံးကို scan ဖတ်မယ်။ လက်ဗွေဆယ်ချောင်း ယူမယ်ပေါ့နော်။ သူတို့က ဒီဟာကို မှတ်ပုံတင်လိုက်မှာပေါ့။ တစ်ဘက်နိုင်ငံကနေ ရွှေ့ပြောင်းဝင်ရောက်လာသူများ (Migrants) အဖြစ်နဲ့ ယူတာပေါ့နော်။ ဒီကာလထဲမှာ ပထမဆုံးစယူတဲ့နေရာက ထောင်အတွင်းပေါ့။ ထောင်ထဲမှာက လူသုံးယောက် လောက်ကို ယူနေပြီ။ သုံးလေးရက်လောက်ဆို ထောင်ထဲကလူတွေက ပြီးသွားပြီပေါ့လေ။ အပြင်မှာရှိနေတဲ့ ဗမာနိုင်ငံသားတွေကလည်း သက်ဆိုင်ရာ ခရိုင်ရဲရုံးမှာ Migrant အနေနဲ့ မှတ်ပုံတင်ရမယ့်သဘောပေါ့။ Biometric ပေးရမှာပေါ့”

အဲဒီအချက်အလက်တွေကို စစ်ကောင်စီနဲ့ဖလှယ်တာ ဒါမှမဟုတ် ဖမ်းဆီးပြီး စစ်ကောင်စီကို လွှဲပြောင်းတာမျိုး လုပ်လာမှာကို စိုးရိမ်နေကြရပါတယ်။

မဏိပူရ်ပြည်နယ် အစိုးရရဲ့ ဇူလိုင်လ ၂၉ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ မဏိပူရ်ပြည်နယ်၊ အရှေ့အင်ဖယ်ခရိုင်၊ Sajiwa ထောင်အနီးက နိုင်ငံခြားသား ထိန်းသိမ်းရေးစခန်းမှာ စတင်ကောက်ယူနေတယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၃ ခုနှစ်၊ ဧပြီလက အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနနဲ့ မဏိပူရ်၊ မီဇိုရမ်ပြည်နယ် တာဝန်ရှိသူတွေ ဆွေးနွေးပြီး မဏိပူရ်ပြည်နယ်မှာ စကောက်ဖို့ဆုံးဖြတ်ခဲ့တာလို့ အိန္ဒိယမီဒီယာတွေက ဖော်ပြကြပါတယ်။

အိန္ဒိယဗဟိုအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနကလည်း Biometric Data ကောက်ခံမှုကို ဇူလိုင် ၂၉ ရက်နေ့ကနေ စက်တင်ဘာလ ၃၀ ရက်နေ့အထိ မဏိပူရ်ပြည်နယ်မှာ လုပ်ဆောင်ဖို့ ညွှန်ကြားထားပါတယ်။

Biometric Data တွေနဲ့ စစ်ကောင်စီအလိုရှိသူတွေကို ဖမ်းဆီးလဲလှယ်တာအပြင် အိန္ဒိယနိုင်ငံရဲ့ ပဋိပက္ခတွေမှာ မြန်မာနိုင်ငံသားတွေကို အသုံးချတာမျိုး ဖြစ်လာနိုင်တယ်လို့ အိန္ဒိယအခြေစိုက် India For Myanmar အဖွဲ့ တာဝန်ရှိသူ ကိုဆလိုင်းဒိုခါရ်က RFA ကို ပြောပါတယ်။

“စကစက တရားခံလို့သတ်မှတ်ထားတဲ့ မြန်မာနိုင်ငံ နိုင်ငံရေးသမားတွေ၊ CDM တွေ၊ အိန္ဒိယနိုင်ငံမှာ ခိုလှုံတဲ့သူတွေကို Biometric ယူပြီးတော့မှ တရားခံလဲလှယ်တဲ့ပုံစံမျိုးမှာ အသုံးပြုပြီးတော့မှ မြန်မာပြည်ပြန်ပို့မှာ စိုးရိမ်ရတဲ့ တစ်ချက်ပါတယ်။ ဒုတိယတစ်ချက် ကတော့ မူးယစ်ဆေးဝါးကိစ္စတွေ၊ မတရားပြစ်မှု ကျုးလွန်မှုတွေ၊ နိုင်ငံရေးပဋိပက္ခကြောင့် လူမျိုးရေးအငြင်းပွားမှုတွေ ဖြစ်လာတာမှန်သမျှကို ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေက ကျုးလွန်တာပါဆိုတဲ့ အပြစ်ပုံချမှုတွေ ကြုံရမှာကို ကျွန်တော်တို့ အဓိကစိုးရိမ်တယ်”

ဒီကိစ္စနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာရှိတဲ့ မြန်မာသံရုံးရဲ့ သဘောထားနဲ့ ဒုက္ခသည်တွေကို အကာကွယ်ပေးဖို့ ရှိ၊ မရှိ သိရဖို့ RFA က မေးလ်ပို့ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်သေးပါဘူး။

ဒါ့အပြင် မဏိပူရ်ပြည်နယ်၊ အင်ဖာရ်အရှေ့ပိုင်းခရိုင် လက်ထောက်အုပ်ချုပ်ရေးမှူးရုံးရဲ့ တုံ့ပြန်ချက်ရဖို့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမယ့်လည်း အကြောင်းမပြန်ပါဘူး။

တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်ရန် ပြင်ဆင်နေကြသည့် ခါမ်းပါတ်မြို့မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်ရန် ပြင်ဆင်နေကြသည့် ခါမ်းပါတ်မြို့မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ အစီအစဉ်မန်နေဂျာ ဆလိုင်းတယ်လ်ရကတော့ ဇီဝဆိုင်ရာအချက်အလက် ကောက်ယူတာ မဖြစ်သင့်တဲ့ကိစ္စဖြစ်ပြီး ဒီအချက်အလက်တွေကို ဘယ်လိုအသုံးချသွားမလဲဆိုတာ စိုးရိမ်စရာဖြစ်နေတယ်လို့ ပြောပါတယ်။

“မဖြစ်သင့်တဲ့ မလုပ်သင့်တဲ့အရာပဲလို့ ကျွန်တော်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံသားတစ်ခုရဲ့ အခွင့်အရေး တစ်ခုပဲ။ သူ့ရဲ့ အသက်အိုးအိမ် လုံခြုံရေးနဲ့ဆိုင်တဲ့ အရာတစ်ခုပဲဆိုတော့ သူတို့က ခြိမ်းခြောက်ပြီး အတင်းအကျပ် အဲဒီလိုလုပ်ခိုင်းတာ ကတော့ မဖြစ်သင့်ဘူးပေါ့နော်။ တကယ်လို့ ကာယကံရှင်တွေက ကြည်ကြည်ဖြူဖြူနဲ့ လုပ်တယ်ဆိုရင် တစ်ကဏ္ဍပေါ့။ အဲဒီလိုလုပ်တာလည်း အိန္ဒိယအစိုးရရဲ့ တာဝန်လည်း မဟုတ်ပါဘူး”

ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) ရဲ့ သဘာပတိ ဆလိုင်းကျုံးဘိခ်ထောင်း (Salai Ceu Bik Thawng) ကတော့ မဏိပူရ်အစိုးရဟာ တစ်ချိန်က လူမျိုးရေးပြဿနာတွေနဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေကို ပြည်နယ်ထဲက မောင်းထုတ်တာမျိုး ပြန်ဖြစ်လာမှာကို စိုးရိမ်နေတယ်လို့ RFA ကို ပြောပါတယ်။

အိန္ဒိယအာဏာပိုင်တွေက အခုလို အချက်အလက်တွေ ကောက်ယူနေတဲ့အပေါ် မြန်မာဒုက္ခသည်တွေ လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေတာနဲ့ ပတ်သက်လို့ အိန္ဒိယအစိုးရရဲ့ သဘောထားကို သိနိုင်ဖို့ ရန်ကုန်မြို့က အိန္ဒိယသံရုံးကိုရော၊ နယူးဒေလီမှာရှိတဲ့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနကိုပါ RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တစ်စုံတစ်ရာ တုံ့ပြန်ဖြေကြားတာ မရှိသေးပါဘူး။

စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်က စစ်ဘေးဒုက္ခသည်တွေဟာ စစ်အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေကြောင့် မီဇိုရမ်ပြည်နယ်မှာ လေးသောင်းခန့်၊ မဏိပူရ်ပြည်နယ်မှာ တစ်သောင်းခန့်နဲ့ နာဂလန်းပြည်နယ်မှာနှစ်ရာခန့် ထွက်ပြေးနေရတာလို့ အဲဒီ ဒေသတွေမှာရှိတဲ့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။