လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ တပ်အရာရှိ ၅ ဦးကို သြစတြေးလျ ပိတ်ဆို့အရေးယူ


2018.10.23
maungmaungsoe-622.jpg ဗိုလ်ချုပ် မောင်မောင်စိုး
Photo: MOI

ရခိုင်ပြည်နယ်အရေးမှာ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေမှာ တာဝန်ရှိတယ်ဆိုပြီး မြန်မာစစ်တပ်အကြီးအကဲ ၅ ဦးကို သြစတြေးလျအစိုးရက ပစ်မှတ်ထားပိတ်ဆို့ အရေးယူလိုက်တယ်လို့ ဒီကနေ့ ကြေညာလိုက်ပါတယ်။

RFA သတင်းထောက် ကိုကျော်သူ က စုစည်းတင်ပြထားပါတယ်။

ပစ်မှတ်ထား ပိတ်ဆို့အရေးယူခံရသူ ၅ ဦးဟာ ၂၀၁၆ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ ၇ သိန်းလောက်ကို တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက် ထွက်ပြေးအောင် လူမဆန်တဲ့အကြမ်းဖက်မှုတွေကို ကိုယ်တိုင် ကြီးကြပ်ပါဝင် ခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရသူတွေ ဖြစ်ကြပါတယ်။

အမှတ် ၃ စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် တာဝန်ယူခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှုးအဖြစ် တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်မောင်မောင်စိုး၊ ဘူးသီးတောင်အခြေစိုက် အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ် ခင်မောင်စိုး၊ ရခိုင်ပြည်နယ် နယ်မြေရှင်းလင်းရေးမှာပါဝင်ခဲ့တဲ့ ဗိုလ်မှူးချုပ်သန်းဦးနဲ့ ဗိုလ်မှူးချုပ်အောင်အောင် တို့ ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး မရိုက်စ်ပိန်းက သူတို့ရဲ့ညွှန်ကြားမှုအောက်မှာ လူ့ အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် တာဝန်ရှိသူတွေဖြစ်ကြောင်း ပြောကြားခဲ့တာပါ။

ရခိုင်ပြည်နယ်နယ်မြေရှင်းလင်းရေးမှာ လုံခြုံရေးတပ်ဖွဲ့ဝင်ရဲ့ ဥပဒေမဲ့သတ်ဖြတ်မှုတွေများစွာရှိခဲ့ပြီး မုဒိန်းမှုတွေ နဲ့ ကျေးရွာတွေကို မီးရှို့တာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာက အရေးယူမှုတွေ ပြုလုပ်နေတဲ့အပေါ် ထောက်ခံသူတွေ ရှိသလို တဖက်သတ်မဆုံးဖြတ်ဖို့ ဝေဖန်သူတွေလည်း ရှိပါတယ်။

လူ့အခွင့်အရေးလှုပ်ရှားသူ မချယ်ရီဇဟောင် က လက်နက်အာဏာကို အသုံးချပြီး ရာဇဝတ်မှုတွေကျူးလွန်နေ တာတွေကို ပြည်တွင်းမှာအရေးယူလို့မရ ဖြစ်နေတာကြောင့် အခုလိုနိုင်ငံတကာတွေက အရေးယူတာဖြစ်တယ်လို့ ပြောပါတယ်။

‘’ပြစ်မှုပြစ်ဒဏ်တွေကို မလိုချင်ဘူးဆိုရင် ကိုယ့်ပြည်တွင်းထဲမှာ ပြောင်းလဲစရာရှိတာတွေ မြန်မြန်ပြောင်းလဲ တရားစီရင်ရေး မီဒီယာတွေရဲ့ လွတ်လပ်စွာ အမှန်တရားဖော်ထုတ်နိုင်ရေး ဒါတွေပြည်သူလူထုက လွတ်လပ်စွာ အမှန်တရားပေါ်မှာ ရပ်တည်ပြီးတော့ ပြောဆိုနိုင်ရေး ဒီလိုမျိုးအပြောင်းအလဲကို ရွှေ့အောင်သွားရမှာ ဒါမှလည်းပဲ နိုင်ငံတကာရဲ့ဖိအားတွေ နည်းနည်းပိုလျော့ရင်လျော့မှာ အဲလိုလည်းမလုပ်ဘူး ဖိအားလည်းမလိုချင်ဘူးဆိုရင် ဒီတိုင်းပဲနေလို့တော့မရဘူး၊ သြစတြေးလျက ဒီနေ့လုပ်တယ်၊ တောက်လျှောက်ကျန်တဲ့နိုင်ငံတွေက လုပ်လာမှာ ကိုယ့်နိုင်ငံပဲ သိက္ခာကျတယ်’’

သူတို့ ၅ ဦးကို သြစတြေးလျနိုင်ငံကို ခရီးသွားလာခွင့် ပိတ်လိုက်သလို သူတို့ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ပြည်ပမှာရှိတဲ့ ဘဏ်စာရင်းတွေကိုလည်း ထိန်းချုပ်လိုက်တယ်လို့ သြစတြေးလျအစိုးရရဲ့ ကြေညာချက်မှာ ပါ ရှိပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း အငြိမ်းစားဗိုလ်မှူးချုပ် ဦးမောင်မောင်အုန်းကတော့ နိုင်ငံတကာအနေနဲ့ တကယ့်မြေပြင် လက်တွေ့အခြေအနေတွေကို လေ့လာပြီးမှသာ ဆုံးဖြတ်သင့်တယ်လို့ ပြောပါတယ်။

‘’ရခိုင်ပြည်နယ်မှာ မောင်တောဒေသမှာဖြစ်ခဲ့တဲ့ကိစ္စတွေမှာ တခြားကိစ္စတွေလည်း အများကြီးရှိပါတယ်၊ ဟိန္ဒူတွေ အသတ်ခံရတယ်၊ မျို၊ သက် ၊ ဒိုင်းနက်လူမျိုးတွေ အသတ်ခံရတယ်၊ အာဆာရဲ့အကြမ်းဖက်မှု ဒါတွေ ကျတော့ ခေါင်းထဲမှာလည်း မထည့်ဘူး ပြောလည်း မပြောဘူးဆိုတော့ အဲဒါတွေလုပ်တဲ့ တပ်မတော်ကိုပြောလို့ ကျနော်လုံးဝကို အထင်မကြီးဘူးဗျာ၊ ဗိုလ်ချုပ်ကြီးအောင်ကျော်ဇော တို့ မှန်မှန်ကန်ကန်လုပ်တယ်၊ ဒါပေမဲ့ သူတာဝန်အရလုပ်တယ် ဘာမှပြောစရာမရှိဘူး၊ လုပ်ရင်တော့အမှားရှိမှာပဲ အမှန်ရှိမှာပဲ ဘာမှမလုပ်ရင် ဘာမှဖြစ်မှာ မဟုတ်ဘူး သူလုပ်လို့ဖြစ်တာ၊ တပ်မတော်မကလို့ နောက်ပိုင်းလည်းအစိုးရကို သူတို့ပြောတဲ့အတိုင်း မလုပ်ရင် လုပ်မယ်ဆိုတာတော့ သဘာဝမကျဘူး၊ ဘယ်နိုင်ငံက ဘာပဲအရေးယူယူပါ ဘာမှတော့မပြောချင်ပါဘူး သို့သော်ဒီ လိုမျိုးတွေလုပ်နေတာ ဂဃဏနရောသိရဲ့လားဆိုတာ ကျနော်ပြောချင်ပါတယ်’’

စစ်ရေးနိုင်ငံရေးလေ့ လာသူတစ်ဦးဖြစ်တဲ့ ဦးသန်းစိုးနိုင် ကတော့ အခုလို သုံးသပ်ပါတယ်။

‘’အီးယူက အင်္ဂလိပ်တို့ ပြင်သစ်တို့နဲ့ အမေရိကန်ပေါ့ အနောက်နိုင်ငံတွေက လုပ်လာတဲ့အခါကျတော့ သြစတြေးလျကလည်း မြန်မာပြည်ကို လုပ်လာတယ်လို့ပြောရမှာပေါ့ဗျာ၊ တခုရှိတာက သြစတြေးလျနဲ့ မြန်မာ့တပ်မတော် ဆက်ဆံရေးကလည်း အချိန်တစ်ချိန်ကကောင်းခဲ့တာကို၊ အခုအရေးယူမှုဟာဆိုရင်တော့ တော်တော်တောင် နောက်ကျတယ်လို့ပြောရမယ်၊ မြန်မာပြည်နဲ့ပတ်သက်လာရင် သူ့အနေနဲ့ ထောက်ထား စရာတွေ စဉ်းစားစရာ အကြောင်းအချက်အလက်တွေရှိလိမ့်မယ်လို့ထင်တယ်၊ ရခိုင်နဲ့ပတ်သက်လို့ ထူးခြားတဲ့ လှုပ်ရှားမှုကတော့ ဒီကာလအတွင်း သိပ်မတွေ့ရပါဘူး ’’

ပိတ်ဆို့အရေးယူခံရသူ ၅ ဦးထဲက ဒုတိယဗိုလ်ချုပ်ကြီးအောင်ကျော်ဇောကို ကျန်းမာရေးအရ ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့ က ရာထူးတာဝန်ကနေ နှုတ်ထွက်ခွင့်ပြုထားသလို ဗိုလ်ချုပ်မောင်မောင်စိုးကိုလည်း တပ်မတော်ကနေ ဇွန်လ ၂၅ ရက်နေ့ကတည်းက ထုတ်ပယ်ထားပြီးဖြစ်ပါတယ်။

သူတို့ ၅ ဦးတို့အပြင် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှူးအဖြစ် တာဝန်ယူခဲ့တဲ့ ရဲမှုးချုပ် သူရစန်းလွင်နဲ့ ရဲချုပ် သန့်ဇင်ဦး တို့ကိုလည်း ဥရောပသမဂ္ဂ (အီးယူ) က ပြီးခဲ့တဲ့ဇွန်လပိုင်းလောက်က ပိတ်ဆို့အရေးယူတာရှိခဲ့သလို အမေရိကန်အစိုးရကလည်း သြဂုတ်လပိုင်းလောက်ကလည်း ပိတ်ဆို့အရေးယူထားပါတယ်။

ရခိုင်အရေးမှာ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ထွက်ပြေးအောင်ဆောင်ရွက် ချက်တွေနောက်ကွယ်မှာ တပ်မတော်အကြီးအကဲတွေ ပါဝင်တယ်ဆိုပြီး ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း နိုင်ငံတကာစစ်ခုံရုံး ICC တင်ဖို့ အနောက်နိုင်ငံတွေက ဖိအားပေး တောင်းဆိုမှုတွေ ရှိနေပါတယ်။

မြန်မာအစိုးရဘက်ကတော့ ရခိုင်ပြည်မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ လူအစုလိုက်အပြုံလိုက် သေဆုံးမှုတွေဟာ ARSA အကြမ်းဖက်အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေသာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတဲ့ ၇၃ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံရဲ့လူမှုရေး၊ လူ့အခွင့်အရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ တတိယကော်မတီမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေကို မနက်ဖြန် အပြန်အလှန် ဆွေးနွေးတင်ပြဖို့ရှိနေပါတယ်။

ရခိုင်ပြည်မြောက်ပိုင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် မြန်မာအစိုးရဘက်က မှန်ကန်တဲ့ စုံစမ်းစစ်ဆေးမှုလုပ်ဖို့ ဆန္ဒမရှိဘူးဆိုပြီး သီးခြားစုံစမ်းစစ်ဆေးထားတဲ့ အစီရင်ခံစာကို မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ က တင်ပြမှာဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ ဥက္ကဌ ကလည်း ရခိုင်ပြည်နယ်မှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ရှိနေကြောင်း အစီရင်ခံစာကို တင်ပြဖို့ ရှိနေပါတယ်ခင်ဗျာ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။