မြန်မာ့ကျောက်မျက် တရုတ်ကတစ်ဆင့် အနောက်နိုင်ငံတွေကို ရောက်ရှိနေ
2023.08.11

စစ်တပ်ရဲ့ အဓိကဝင်ငွေရလမ်းတစ်ခုဖြစ်နေတဲ့ မြန်မာ့ကျောက်မျက်လုပ်ငန်း (MGE) ကို ပိတ်ဆို့အရေးယူပေးဖို့ အရပ်ဘက်အဖွဲ့ အစည်းတွေရဲ့ တောင်းဆိုမှုကို တရုတ်နိုင်ငံက လိုက်လျောမှာ မဟုတ်ဘူးလို့ ကျောက်မျက်ကုန်သည်တွေနဲ့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။
မြန်မာ့ကျောက်မျက်လုပ်ငန်း (MGE) ကို စီးပွားရေးအရ ပိတ်ဆို့ဖို့ တရုတ်နဲ့ အနောက်နိုင်ငံတွေကို သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ (Blood money campaign) က ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၁ ရက်နေ့က ထပ်မံတောင်းဆိုထားပါတယ်။
အမေရိကန်နဲ့ ဗြိတိန်နိုင်ငံလို အနောက်နိုင်ငံတွေက မြန်မာ့ကျောက်မျက်လုပ်ငန်း (MGE) ကို စစ်တပ်အာဏာ သိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်းမှာပဲ ပိတ်ဆို့အရေးယူခဲ့ပါတယ်။
“အခုမှပိတ်ဆို့ဖို့တောင်းတာမဟုတ်ပါဘူး။ ပိတ်ဆို့ထားပြီးသားဖြစ်ပါတယ်။ ပိုပြီးထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့အတွက် တောင်းဆိုတာဖြစ်တယ်"
ဒါပေမဲ့ တရုတ်နိုင်ငံကတစ်ဆင့် အနောက်နိုင်ငံတွေဆီ မြန်မာ့ကျောက်မျက်ရတနာတွေ ရောက်ရှိနေဆဲလို့ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ ပြောခွင့်ရသူ မိုက် က ပြောပါတယ်။
“အဲဒါ အခုမှပိတ်ဆို့ဖို့တောင်းတာမဟုတ်ပါဘူး။ ပိတ်ဆို့ထားပြီးသားဖြစ်ပါတယ်။ အဲဒီပိတ်ဆို့ထားတဲ့ဟာကို ကျွန်တော်တို့ ပိုပြီးထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်ဖို့အတွက် တောင်းဆိုတာဖြစ်တယ်။ ဘာလို့လဲ ဆိုတော့ အခုချိန်ထိ အနောက် နိုင်ငံတွေကို မြန်မာပြည်ကထွက်တဲ့ ကျောက်မျက်တွေက ရောက်နေဆဲပဲ ဖြစ်ပါတယ်။ အဲဒါတွေကို ကျွန်တော်တို့ ကွင်းဆက်လိုက် သေသေချာချာ ပေါင်းစပ်ညှိနှိုင်းပြီး လုပ်ရင် တော့ ဒီဟာကို ပိတ်ဆို့နိုင်မှာဖြစ်ပါတယ်”
သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ ရဲ့ ပြီးခဲ့တဲ့ ဇူလိုင်လထုတ်ပြန်ချက်မှာ တရုတ် နိုင်ငံဟာ မြန်မာနိုင်ငံက ကျောက်စိမ်းတွေကို ၂၀၂၁ ခုနှစ်မှာ ဒေါ်လာ တစ် ဘီလီယံဖိုးနဲ့ ၂၀၂၂ ခုနှစ်မှာ ဒေါ်လာ လေးဘီလီယံဖိုးထိ ဝယ်ယူခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံက ကျောက်မျက်ရတနာဝယ်ယူမှု လျော့ကျမသွားသလို နောင်မှာလည်း ကျသွားမှာမဟုတ်ဘူးလို့ အမည်မဖော်လိုတဲ့ မန္တလေးမြို့က ကျောက်မျက်ကုန်သည်တစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့ကတော့ ဝယ်မှာပဲ။ ကျွန်တော့်အမြင်ကတော့လေ ဝယ်မှာပဲ။ သူတို့က ဒါကို ကြိုက်တယ်လေ။ ကျွန်တော်တို့လိုမျိုး မဟုတ်ဘူးလေဗျာ။ ကျွန်တော့်အတွေးအမြင်က သူတို့က ရတနာအဖြစ်ကို သူတို့ကိုယ်တိုင် ဝတ်ဆင်တယ်။ တန်ဖိုးထားတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေကျတော့ ကျောက်နဲ့ရွှေဆိုရင် ရွှေကိုပဲ ပိုပြီးတပ်မက်ကြ တာလေ။ ဝယ်တာကတော့ သူတို့ဝယ်မှာပဲ”
အဲဒီလို ကျောက်မျက်ဝယ်ယူတာ လျော့ကျမသွားပေမယ့် စျေးကွက်ထဲမှာတော့ စျေးနှိမ်ခံ ရတာတွေ ရှိတယ်လို့ သူက ဆိုပါတယ်။
မြန်မာ့ကျောက်မျက်လုပ်ငန်း MGE ဟာ ၂ဝ၂၁ ခုနှစ်မှာ ကျောက်မျက်ပြပွဲ နှစ်ကြိမ်၊ ၂ဝ၂၂ မှာ နှစ်ကြိမ်နဲ့ ၂ဝ၂၃ မှာ တစ်ကြိမ် ကျင်းပခဲ့ပြီး အဲဒီကနေ ကျောက်စိမ်းရောင်းချလို့ရတဲ့ ငွေပမာဏကိုတော့ ထုတ်ပြန်ကြေညာတာ မရှိပါဘူး။
သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ကတော့ အဲဒီလိုကျောက်မျက်ပြပွဲတွေကနေ စစ်ကောင်စီ က ဒေါ်လာသန်းရာပေါင်းများစွာ ဝင်ငွေရရှိတယ်လို့လည်း ဆိုပါတယ်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်မှာ ကျောက်မျက်နဲ့ ဓာတ်သတ္တုတင်ပို့မှု တန်ဖိုး အမေရိကန်ဒေါ်လာ ၃.၄ ဘီလီယံနဲ့ ၂၀၂၂ ခုနှစ်မှာ ဒေါ်လာ ၆.၂ ဘီလီယံအထိ တိုးတက်လာခဲ့ပြီး၊ တရုတ်နိုင်ငံဟာ သတ္တုတွင်းကဏ္ဍမှာ အကြီးဆုံးကုန်သွယ်ဖက်အဖြစ် ရှိနေတယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာတော့ ၂၀၂၂ - ၂၃ ဘဏ္ဍာနှစ်အတွက် သတ္တုတွင်းထွက်တင်ပို့မှုပမာဏဟာ အမေရိကန်ဒေါ်လာ ၁၁၆ သန်းကျော် ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဟာ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုတွေကြားက တရုတ်နဲ့ချိတ်ဆက်ပြီး ရှေ့ဆက်နိုင်ခဲ့တဲ့ အတိတ် သာဓကတွေရှိတာကြောင့် MGE ကို ပိတ်ဆို့အရေးယူဖို့ တောင်းဆိုတာတွေဟာ ဘာမှထူးခြားမှာ မဟုတ်ဘူးလို့ စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက သုံးသပ်ပါတယ်။
“၈၈ ကိုပဲ ပြန်ကြည့်လေ။ ၈၈ မှာ အနောက်နိုင်ငံတွေဘက်က မျိုးစုံပိတ်ဆို့တဲ့အချိန်မှာ မြန်မာနိုင်ငံမှာ စီးပွားရေး အတော်များများ တရုတ်ကနေ ချိတ်ဆက်ပြီးတော့ နိုင်ငံရဲ့ တည်ငြိမ်ရေးအတွက်ကို အများကြီးသွားနိုင်ခဲ့တာပဲ။ အခုလည်းဒီလိုပါပဲ။ ဘာမှတော့ ထူးဆန်းတာမဟုတ်ဘူး။ တစ်ဖက်ကလည်း သူတို့လုပ်လို့ရတဲ့ဟာကို လုပ်တယ်။ နိုင်ငံ တွေကလည်း သူ့နိုင်ငံ တည်ငြိမ်အေးချမ်းရေးနဲ့ ရှင်သန်ရေးအတွက် မျိုးစုံလုပ်ကြမှာပဲ။ အဲဒါတော့ အော်တာတော့ အော်တာပေါ့။ ဘာမှတော့ ထွေထွေထူးထူးဖြစ်လာမှာ မဟုတ်ဘူးလို့ပဲ သုံးသပ်ရပါလိမ့်မယ်”
တရုတ်အစိုးရအနေနဲ့ MGE ကို ပိတ်ဆို့အရေးယူဖို့ မဖြစ်နိုင်တဲ့အကြောင်းရင်းကို နိုင်ငံရေး လေ့လာသူ ဒေါက်တာလှကျော်ဇောက အခုလို သုံးသပ်ပါတယ်။
“တရုတ်ပြည်ရဲ့ စီးပွားရေးစနစ်က အစိုးရပိုင်နဲ့ အခုလိုက လွတ်လပ်တဲ့စျေးကွက်ကို အတော်အားပေး တာဖြစ်တယ်လေ။ သူ့နိုင်ငံရဲ့ စီးပွားရေးစနစ်မှာ နိုင်ငံတော်ပိုင် ကုမ္ပဏီတွေက အနည်းတကာ့ အနည်းဆုံး ဖြစ်သွားပြီးတော့ တစ်ဦးချင်းပိုင်တဲ့ လွတ်လပ်တဲ့ကုမ္ပဏီတွေက အများအပြားဖြစ်နေတယ်။ အဲတော့ ဒီကုမ္ပဏီတွေကို သူတို့က မဝယ်နဲ့ မခြမ်းနဲ့ပြောလို့မရဘူး ထင်တယ်”
၁၉၇၈ ခုနှစ် တရုတ်ပြည်တံခါးဖွင့်မူဝါဒစတင်ချိန်မှာ တရုတ်အစိုးရပိုင်စီးပွားရေးလုပ်ငန်းက ၇၀ ရာခိုင်နှုန်း လောက်ရှိ ရာကနေ လက်ရှိမှာ ၂၀ နဲ့ ၃၀ ရာခိုင်နှုန်းကြားသာ ရှိတော့တာကို တရုတ်သတင်း မီဒီယာဖော်ပြချက်တွေမှာ တွေ့ရတယ်လို့ ဒေါက်တာလှကျော်ဇော က ပြောပါတယ်။
MGE ကို ပိတ်ဆို့အရေးယူရေး အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ တရုတ်နိုင်ငံကို တောင်းဆို ချက်နဲ့ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က ဩဂုတ်လ ၈ ရက်နေ့က အီးမေးလ်ကတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တုံ့ပြန်ဖြေကြားတာ မရှိသေးပါဘူး။
ကမ္ဘာတစ်ဝန်း သဘာဝသယံဇာတတွေအပေါ် အလွန်အကျွံအမြတ်ထုတ်တူးဖော်မှုတွေကို စုံစမ်းဖော်ထုတ် တင်ပြနေတဲ့ Global Witness အဖွဲ့ရဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ် ကနေ ၂၀၁၇ ခုနှစ်အတွင်း ကျောက်စိမ်း အပါအဝင် အခြားကျောက်မျက် ရတနာ တရားဝင်ရောင်းလို့ရတဲ့ ဝင်ငွေဟာ နှစ်စဉ် အမေရိကန် ဒေါ်လာ ၃၄၆ သန်း ကနေ ၄၁၇ သန်း အထိသာရှိခဲ့ပြီး၊ တရားမဝင်ကုန်သွယ်မှုမှာ နှစ်စဉ် ၁.၇၃ ဘီလီယံ ကနေ ၂.၀၇ ဘီလီယံအထိရှိနေတယ်လို့ ဖော်ပြထားပါတယ်။
အဲဒီထဲက မြန်မာကျောက်စိမ်းတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံကို တရားမဝင်တဲ့ နည်းနဲ့ သွားနေပြီး မြန်မာ နိုင်ငံက ကျောက်စိမ်း၊ ကျောက်မျက်ရတနာ တင်သွင်းမှုတွေကို အပြည်ပြည်ဆိုင်ရာက ပိတ်ပင်ဖို့ Global Witness အဖွဲ့က တောင်းဆိုထားပါတယ်။