အမေရိကန်က MOGE ကို ထိထိရောက်ရောက် အရေးယူဖို့ ခက်ခဲ
2023.02.24

အမေရိကန်နိုင်ငံဟာ ပထမဆုံးအကြိမ်အနေနဲ့ စစ်ကောင်စီအတွက် အဓိက ဝင်ငွေရှာပေးနေတဲ့ မြန်မာ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း MOGE ကို ပစ်မှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုအသစ်အချို့ကို စစ်အာဏာသိမ်းနှစ်နှစ်ပြည့်အကြို ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်မှာ ကြေညာလိုက်ပါတယ်။
ဒီ ကြေညာချက်ထဲမှာ MOGE ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မင်းနဲ့ ဒု- ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းမင်းတို့ ကို ပိတ်ဆို့အရေးယူမယ့် စာရင်းထဲမှာ ထည့်သွင်းလိုက်တာဖြစ်ပြီး၊ MOGE ကို အဖွဲ့အစည်းတစ်ခုလုံးအနေနဲ့ ပိတ်ဆို့အရေးယူမှု မရှိသေးတဲ့အတွက် MOGE ကို ပိတ်ဆို့အရေးယူဖို့ တိုက်တွန်းနေတဲ့ အာဏာရှင် ဆန့်ကျင်ရေး အင်အားစုတွေက ဝေဖန်ပြောဆိုခဲ့ကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အမေရိကန် အစိုးရရဲ့ MOGE ကို ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ မလုံလောက်တဲ့အကြောင်း ရိုက်တာ သတင်းဌာနဲ့ အင်တာဗျူးမှာ ပြောသွားပါတယ်။
“ကျွန်မတို့အနေနဲ့ စစ်ကောင်စီကို ပိတ်ဆို့အရေးယူမှုတွေ ထပ်ပြီး ချမှတ်ဖို့ လိုနေပါတယ်။ အခုချမှတ်လိုက်တဲ့ ပိတ်ဆို့အရေးယူမှုတွေကမလုံလောက်ပါဘူး။ အနည်းဆုံးတော့ မြန်မာ့ရေနံနဲ့ သဘာဝ ဓါတ်ငွေ့ လုပ်ငန်း MOGE ကို ပိတ်ဆို့အရေးယူဖို့ လိုပါတယ်။ အခုအချိန်မှာ အမေရိကန် နိုင်ငံက MOGE ရဲ့ ခေါင်းဆောင်ပိုင်းကို ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ သူတို့ကို သတိပေးတပ်လှန့်လိုက်သလို ဖြစ်သွားစေပေမယ့်၊ အထောက်အကူ မဖြစ်သေးပါဘူး။”
စစ်ကောင်စီက MOGE ကနေ ရနေတဲ့ နိုင်ငံခြားဝင်ငွေတွေဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်း တိုက်ခိုက်မှုတွေလုပ်ဖို့အတွက် လေယာဉ်ဆီ ဝယ်ယူတင်သွင်းမှုတွေနဲ့ တိုက်ရိုက်ဆက်စပ်နေတယ် လို့ ဒေါ်ဇင်မာအောင်က ပြောသွားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ရက်နေ့က အမေရိကန် အစိုးရက ကြေညာလိုက်တဲ့ ပိတ်ဆို့ အရေးယူမှု အသစ်တွေဟာ MOGE ကို ပိတ်ဆို့အရေးယူမှု မဟုတ်တဲ့အကြောင်း အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီက မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဦးလှဘုန်းမြင့်က ပြောပါတယ်။
“ဒီစီးပွားရေး ပိတ်ဆို့မှုဟာ MOGE ကို လုပ်တာလို့ ပြောလို့ မရပါဘူး။ MOGE မှာ လက်ရှိ တာဝန် ထမ်းဆောင်နေတဲ့ လူကြီးတွေရဲ့ ပုဂ္ဂလိက ပိုင်ဆိုင်မှု နဲ့ စီးပွားရေး လုပ်ငန်း ဆက်စပ်မှုတွေကို အမေရိကန် ဘက်က ပိတ်ဆို့လိုက်တာ ဖြစ်တယ်။ အဲဒီတော့၊ အဖွဲ့အစည်းကို ပိတ်ဆို့တာ မဟုတ်တဲ့အတွက် ဒီ ပုဂ္ဂိုလ်တွေက အဖွဲ့အစည်းကို ကိုယ်စားပြုပြီးတော့ လုပ်တဲ့ လုပ်ငန်း ဆောင်တာတွေ၊ ထိုးတဲ့ စာချုပ်တွေဟာ အခုအချိန်အထိ အကျုံးဝင်နေဆဲ ဖြစ်တယ်။”
ဖေဖော်ဝါရီလ ၁ရက်နေ့က ထုတ်ပြန်ကြေညာလိုက်တဲ့ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှု အသစ်ကြောင့် MOGE ရဲ့ ခေါင်းဆောင်နှစ်ဦးဟာ အနောက်နိုင်ငံတွေကို ခရီးသွားလာတာနဲ့ ပြည်ပမှာ ထားရှိတဲ့ ပိုင်ဆိုင်မှုတွေ၊ ဘဏ်အကောင့်တွေအပေါ် သက်ရောက်မှု ရှိလာမှာ ဖြစ်ပေမယ့်၊ MOGE တစ်ခုလုံးအနေနဲ့ အမေရိကန် ကုမ္ပဏီတွေ အပါအဝင် နိုင်ငံတကာ စီးပွားရေး လုပ်ငန်းတွေနဲ့ ပူးပေါင်း အလုပ်လုပ်လို့ ရနေတဲ့ အခြေအနေအပေါ် သက်ရောက်မှု မရှိတဲ့အကြောင်း ဦးလှဘုန်းမြင့်က သုံးသပ်ပါတယ်။
အမေရိကန် အစိုးရဟာ MOGE ကို အဖွဲ့အစည်းတစ်ခုလုံးအနေနဲ့ပိတ်ဆို့ အရေးယူမှုတွေ မချမှတ်နိုင်သေးတာဟာ အရေးကြီးတဲ့ မဟာမိတ်ဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့အကျိုးစီးပွား မထိခိုက်အောင် သတိထားနေရတာကြောင့် ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
“အမေရိကန် အစိုးရဟာ လောလောဆယ်မှာ MOGE တစ်ခုလုံးကို ပိတ်ဆို့အရေးယူမှု မလုပ်သေးတာဟာ နောင်တစ်ချိန်မှာ အပေးအယူ အလျော့အတင်းလုပ်လို့ရအောင် ချန်ထားတဲ့သဘောလို့ ယူဆနိုင်ပါတယ်။ ဒါပေမယ့် တစ်ဘက်မှာလည်း ထိုင်းနဲ့ စင်္ကာပူ ကုမ္ပဏီတွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အမေရိကန်အစိုးရကို လော်ဘီ လုပ်နေကြပါတယ်။ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ ရှက်ဗရွန် လို အမေရိကန် ကုမ္ပဏီတွေကို MOGE နဲ့ အလုပ်မလုပ်ဖို့ တားမြစ်ရုံပဲ ဆိုရင်တော့ ဒီ ကုမ္ပဏီတွေအပေါ်မှာ သက်ရောက်မှု မရှိနိုင်ပါဘူး။ ဒါပေမဲ့ ဒီထက်တိုးပြီး ထိုင်းကုမ္ပဏီ PTT လိုမျိုး MOGE နဲ့ စီးပွားရေး လုပ်နေတဲ့ ပြည်ပလုပ်ငန်းတွေနဲ့ပါ အလုပ်မလုပ်ဖို့ သတ်မှတ်မယ်ဆိုရင်တော့ ဒီကုမ္ပဏီတွေကော၊ ထိုင်းနိုင်ငံအတွက်ပါ ထိခိုက်မှု ရှိလာနိုင်ပါတယ်။ ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှမှာ အမေရိကန်အတွက် အရေးကြီးတဲ့ မဟာမိတ် ဖြစ်ရုံမကပဲ၊ မြန်မာနိုင်ငံကို လူသားချင်း စာနာမှု အကူအညီတွေပေးနိုင်ဖို့အတွက်လည်း အရေးကြီးတဲ့ မိတ်ဖက်နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်ဟာ ထိုင်းနိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက်နိုင်တဲ့ လုပ်ရပ်မျိုး မလုပ်မိဖို့ သတိထားနေတာ ဖြစ်ပါတယ်။”
ဒါကတော့ သြစတြေးလျ အမျိုးသား တက္ကသိုလ်က မြန်မာ့အရေး သုတေသီ Hunter Marston ရဲ့ သုံးသပ်ချက်ဖြစ်ပါတယ်။
မြန်မာနိုင်ငံကနေ တင်ပို့နေတဲ့ သဘာဝဓာတ်ငွေ့ဟာ ထိုင်းနိုင်ငံရဲ့ စွမ်းအင်ဖူလုံမှုအတွက် အရေးကြီးတဲ့အတွက် MOGE အပေါ် အဖွဲ့အစည်းတစ်ခုလုံးအနေနဲ့ ပိတ်ဆို့အရေးယူမှု လုပ်ဖို့ ခက်ခဲနေတဲ့အကြောင်း အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီက ဦးလှဘုန်းမြင့်က သုံးသပ်ပါတယ်။
“ထိုင်းနိုင်ငံဘက်က နိုင်ငံရေး ဖိအား တစ်စိတ်တစ်ဒေသ ပါတယ်လို့ သုံးသပ်လို့ရတယ်။ ဘာလို့လဲ ဆိုတော့ MOGE နဲ့ လုပ်တဲ့ ရတနာ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကနေ ဝင်တဲ့ သဘာဝဓာတ်ငွေ့က ထိုင်းနိုင်ငံရဲ့ လျှပ်စစ်ဓါတ်အား ၂၀ ရာ ခိုင်နှုန်းလောက်ကို ပေးနေတယ်လို့ သူတို့ ဘက်က တွက်ချက်ထားတာ ရှိတယ်။ ထိုင်းနိုင်ငံဘက်က အမေရိကန် အစိုးရနဲ့ နှစ်နိုင်ငံချင်း ဆက်ဆံတဲ့နေရာမှာ ဒီအရေးကိစ္စကို အဓိကထားပြီး ဆွေးနွေးတယ်၊ ဖိအားပေးသင့်သလောက် ပေးတယ်လို့ ကျွန်တော်တို့ သိရတယ်။”
စစ်ကောင်စီအတွက် အဓိက ဝင်ငွေ ရနေစေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းကဏ္ဍအပေါ် အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ အီးယူ (ဥရောပ သမဂ္ဂ) ကချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ ယှဉ်ရင် အလွန် အားနည်းနေသေးတဲ့အကြောင်း လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့ HRW က ညွှန်ကြားရေးမှူး John Sifton ကလည်း ရိုက်တာ သတင်းဌာနကို ပြောသွားပါတယ်။
ဥရောပသမဂ္ဂဟာ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE အပါအဝင် စစ်ကောင်စီနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်း လေးခုကို ပိတ်ဆို့အရေးယူတဲ့ စာရင်းထဲမှာ ထည့်သွင်းကြောင်း ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလကတည်းက ကြေညာခဲ့တာ ဖြစ်ပါတယ်။