တပ်မတော်နဲ့ ရဲတပ်ဖွဲ့ CDM ဝန်ထမ်းတွေကို သြစတြေးလျက အခြေချနေထိုင်ခွင့်ပေးပြီ
2022.03.18

အာဏာသိမ်းစစ်ကောင်စီရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်သတ်ဖြတ်မှုတွေကို ဆန့်ကျင်ပြီး နွေဦးတော်လှန်ရေးမှာပါဝင်လာခဲ့တဲ့ CDM လက်နက်ကိုင် လုံခြုံရေးတပ်ဖွဲ့ဝင် တွေကို အကာအကွယ်ပေးတဲ့အနေနဲ့ သြစတြေးလျအစိုးရက သူတို့နိုင်ငံမှာ လာရောက် အခြေချနေထိုင်ခွင့်တွေပေးနေပြီဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ဖိနှိပ်မှုတွေကိုဆန့်ကျင်ပြီး ဖမ်းဆီးသတ်ဖြတ်ခံရမယ့် အန္တရာယ် က ထွက်ပြေး လွတ်မြောက်လာသူတွေကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ကူညီကယ်ဆယ်ပြီး တတိယနိုင်ငံတွေမှာ နေရာချပေးတဲ့အစီအစဉ်ကို မနှစ်ကတည်းက ဆောင်ရွက်နေတာဖြစ်ပေမယ့် သြစတြေးလျအစိုးရက CDM လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို လက်ခံတဲ့သတင်းကတော့ အခုမှ ပေါ်ထွက်လာတာဖြစ်ပါတယ်။
ပထမဆုံးအကြိမ်အဖြစ် CDM တပ်မတော်အရာရှိ နှစ်ဦးနဲ့ သူတို့မိသားစုတွေ သြစတြေးလျ နိုင်ငံကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လလယ်ပိုင်းက ရောက်ရှိသွားပြီလို့ RFA က စုံစမ်းသိရှိ ရပါတယ်။ မဲလ်ဘုန်းမြို့မှာ မတ်လ ၁၈ ရက်နေ့က ထုတ်ဝေတဲ့ THE AGE သတင်းစာမှာ သူတို့ကို ဇန်နဝါရီလမှာ သြစတြေးလျ အစိုးရက ခိုလှုံခွင့်ပေးခဲ့တာဖြစ်ကြောင်းနဲ့ အဲဒီ အရာရှိတွေက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းစစ်တပ်ဟာ အင်မတန် ကောက်ကျစ်စဉ်းလဲကြောင်း၊ သူတို့အနေနဲ့ ပြည်သူတွေကို သတ်ဖြတ်ခြင်း မပြုလုပ်လိုကြောင်း စသဖြင့် ပြောဆိုတယ်လို့ ဖော်ပြထားပါတယ်။
သြစတြေးလျအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနကတော့ သူတို့အနေနဲ့ လူသားချင်း စာနာမှု ဆိုင်ရာ အခြေချနေထိုင်ခွင့်ပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ မှတ်ချက်ပေးမှာ မဟုတ်ကြောင်းနဲ့ ခိုလှုံခွင့်လျှောက်ထားသူတွေရဲ့ အခြေအနေနဲ့ သက်ဆိုင်ရာနိုင်ငံရဲ့ အခြေအနေကို ထည့်သွင်းတွက်ချက်ပြီး ဆုံးဖြတ်လက်ခံကြောင်း ပြောဆိုတယ်လို့ သိရပါတယ်။
၈၈ မျိုးဆက်လူထုခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမင်းကိုနိုင် က တပ်မတော်သားတွေ ပြည်သူ့ရဲတွေအနေနဲ့ ပြည်သူ့ဘက်က ရပ်တည်ဖို့ NUG အစိုးရနဲ့ စစ်တပ်ကထွက်လာတဲ့ CDM အရာရှိတွေအပါအဝင် လူပေါင်းများစွာ အစဉ်တစိုက် ကြိုးပမ်းခဲ့ကြမှုကနေ အခုလို တိုးတက်မှုတွေ ရရှိခဲ့တာဖြစ်တယ်။ စစ်ကောင်စီ လက်အောက်မှာ ဆက်လက်တာဝန်ထမ်း နေသူတွေအနေနဲ့ သူတို့ရဲ့အနာဂတ်နဲ့ တိုင်းပြည်အတွက် မှန်မှန်ကန်ကန် ဆုံးဖြတ်ရမယ့် အချိန်ဖြစ်တယ်လို့ RFA ကိုပြောပါတယ်။
“ဒီအစီအစဉ်က ကြာပြီ။ ရှိပြီးသား။ အရင်ကတည်းကလည်း ပြည်တွင်း ပြည်ပ ပြည်သူတွေက ကြိုးစားခဲ့တယ်။ နောက် တပ်ထဲက အစောဆုံးထွက်လာတဲ့ အရာရှိ တွေကလည်း ကြိုးစားခဲ့ကြတယ်။ ဒါ အားလုံးရဲ့ ကြိုးစားမှုပဲ။ ပြည်သူတွေဘက်ကို ကူးခဲ့ဖို့ အစီအစဉ်ပေါင်းစုံနဲ့ ကြိုးစားခဲ့ကြတာ။ ဒါတွေက ဒီနေ့ကျတော့ Tempo တက်လာတာပဲ။ ဇာတ်ရှိန်မြင့်လာတယ်ပေ့ါ။ အဲဒီတော့ဗျာ ကိုယ့်အခြေအနေကိုယ် သိဖို့လိုပါတယ်။ သူတို့ရဲ့ဘဝက နိုင်တယ်ဆိုရင် တောင်ကုန်းတစ်ကုန်း စခန်းတစ်ခုပေါ့ ဒါပဲရှိတယ်။ အဲဒီတော့ နိုင်ရင်လည်းရှုံး ရှုံးရင်လည်းရှုံး သူတို့အခြေအနေက။ အဲဒီတော့ သူတို့နိုင်ချင်ရင် နိုင်ကွက်က တစ်ခုပဲရှိတယ် တစ်ဦးချင်းအနေနဲ့။ ဘာလဲဆိုတော့ ပြည်သူ့ရင်ခွင်ကို ခိုလှုံလိုက်ဖို့ပဲ။ ဒီအချိန်မှာ ပြည်သူက တို့ဘက်ကို ခိုလှည့်ပါ ကူးလှည့်ပါဆိုတဲ့ အခွင့်အရေးပေးနေတယ်ဆိုတာ သိဖို့ကောင်းတယ်။ သူတို့ ဉာဏ်ရှိရင်ပေါ့ဗျာ။ ဒါပါပဲ။”
CDM ဗိုလ်ကြီး လင်းထက်အောင် ကလည်း အခုလို တတိယနိုင်ငံတစ်ခုမှာ လုံခြုံစွာ နေထိုင်ခွင့်ရမယ့် အခြေအနေကြောင့် စစ်ကောင်စီကိုဆန့်ကျင်စွန့်ခွာမယ့် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပိုမိုများပြားလာမှာဖြစ်တယ်လို့ ပြောပါတယ်။
“ဒီမိုကရေစီနိုင်ငံကြီးတွေက အခုလို Defector တွေကို လက်ခံတာနဲ့ပတ်သက်ပြီး စစ်တပ်တွင်းက ထွက်လာချင်သူတွေအတွက် အခွင့်အရေးတစ်ခု ရလိုက်ပြီလို့ ပြောလို့ရတယ်။ အရင်ကတည်းက ထွက်လာချင်သူတွေရှိတယ် ဒါပေမဲ့ အဓိက လုံခြုံရေးနဲ့ သူတို့ဘဝ ဆက်လက်ရပ်တည်ရေးကို စစ်တပ်ထဲကလူတွေက ပိုပြီး စဉ်းစားကြတယ်။ တပ်ထဲ CDM နဲ့ အပြင် CDM မတူတာက ရှိတယ်။ ကျနော်တို့က နယ်ဘက်ဥပဒေရော စစ်ဘက်ဥပဒေရော ၂ ခုလုံး ရင်ဆိုင်ရတဲ့အတွက် ပြန်အဖမ်း ခံရပြီဆိုရင် အနည်းဆုံး ထောင်ဒဏ် ၇ နှစ် ကနေ အများဆုံး သေဒဏ်အထိ ရှိတဲ့ အတွက် ဒါတွေကို စဉ်းစားကြတာပေါ့နော်။ တစ်နိုင်ငံလုံးက CDM တွေကတော့ ဒုက္ခ အကုန်လုံးရောက်နေကြတာပေါ့နော် ဒါပေမဲ့ မတူပုံလေးကို ကျနော်က ပြောပြတာပါ။ ထွက်လာပြီးတော့လည်း တချို့လူတွေက တော်လှန်ရေးမှာပြန်ပြီး လက်နက် ပြန်မကိုင် ချင်တော့တဲ့သူတွေ ရှိတယ်။ အခုလို အော်စီလိုနိုင်ငံမျိုးက လက်ခံလိုက်တာကို ကြိုလည်း ကြိုဆိုတယ် ဒါက အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်ပြီး ထွက်လာချင်သူတွေ အတွက် အကြီးမားဆုံး သတင်းကောင်းတစ်ခုလို့ ပြောလို့ရတယ်။”
“အဲဒီတော့ဗျာ ကိုယ့်အခြေအနေကိုယ် သိဖို့လိုပါတယ်။ သူတို့ရဲ့ဘဝက နိုင်တယ်ဆိုရင် တောင်ကုန်းတစ်ကုန်း စခန်းတစ်ခုပေါ့ ဒါပဲရှိတယ်။ ဒီအချိန်မှာ ပြည်သူက တို့ဘက်ကို ခိုလှည့်ပါ ကူးလှည့်ပါဆိုတဲ့ အခွင့်အရေးပေးနေတယ်ဆိုတာ သိဖို့ကောင်းတယ်။ သူတို့ဉာဏ်ရှိရင်ပေါ့ဗျာ။”
သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ အခြေချနေထိုင်တဲ့ မြန်မာ့အရေးလှုပ်ရှားသူ ဦးကြည်ဝင်း ကလည်း အခုလို ရောက်ရှိလာမယ့် ပြည်သူတွေကို သူတို့ မြန်မာအသိုင်းအဝိုင်းက ကြိုဆို ကြောင်းနဲ့ လိုအပ်သလို ဝိုင်းဝန်းကူညီကြမှာဖြစ်ကြောင်းပြောပါတယ်။
“ပြည်သူတွေကို နှိပ်စက်နေတာကို မလိုလားလို့ စေတနာအမှန်နဲ့ ထွက်လာတဲ့ CDM တပ်မတော်သားတွေကို အများကြီး ဂုဏ်ယူပါတယ်၊ ဆက်လက်ပြီးတော့လည်း ထွက်လာကြလိမ့်ဦးမယ်လို့ မျှော်လင့်ပါတယ်။ သြစတြေးလျကို ရောက်လာတဲ့ CDM တပ်မတော်သားတွေနဲ့ ပြည်သူ့ရဲတွေ အခက်အခဲရှိရင် ဒီမှာ မြန်မာမိသားစုထဲမှာ တက်ကြွလှုပ်ရှား ကူညီမယ့်သူတွေ အများကြီးရှိပါတယ်။ ဒီရောက်ရင် သိမှာပါ။ ကျနော်တို့ကိုလည်း ဆက်သွယ်လို့ ရပါတယ်။ ကိုယ်မတတ်နိုင်ရင်တောင် တတ်နိုင်တဲ့ သူတွေကို ဆက်သွယ်ပြီး လုပ်ပေးပါ့မယ်၊ နောက်ပိုင်း တပ်မတော်ထဲကလည်း တကယ် တိုင်းပြည်နဲ့လူမျိုးအတွက် စေတနာတကယ်ထားပြီး CDM လုပ်လာကြရင်လည်း မြန်မာ ကွန်မြူနတီက အမြဲတမ်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်လို့ ပြောလိုပါတယ်။”
စစ်တပ်အာဏသိမ်းပြီးနောက်ပိုင်း အန္တရာယ်မျိူးစုံကြောင့် ပြည်တွင်းကထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသား အများအပြားဟာ အမေရိကန်ပြည်ထောင်စုနဲ့ သြစတြေးလျအပါအဝင် တတိယနိုင်ငံတွေကို အခုရောက်ရှိနေကြပြီဖြစ်ပြီး အဲဒီသူတွေထဲက တချို့ဟာ နွေဦး တော်လှန်ရေးမှာ တက်တက်ကြွကြွ ဆက်လက်ပါဝင်လှုပ်ရှားနေတာမြင်ရပါတယ်။