မီးရှို့အသတ်ခံရတဲ့ ချင်းသားအမိ သုံးဦး မသေခင် အဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ မိသားစုပြော

2022.03.01
မီးရှို့အသတ်ခံရတဲ့ ချင်းသားအမိ သုံးဦး မသေခင် အဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ မိသားစုပြော ကလေးမြို့နယ်၊ ချောင်းခွကျေးရွာက မီးရှို့သတ်ခံရသည့် သားအမိသုံးယောက်ကို တွေ့ရစဉ်
Photo: Citizen Journalist

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ချောင်းခွရွာမှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က သားအမိ သုံးယောက်ဟာ သူတို့အသတ်မခံရခင် စစ်ကောင်စီတပ်သားတွေက လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ ရှိခဲ့တယ်လို့ ကျန်ရစ်တဲ့ မိသားစုဝင်တွေက RFA ကို မနေ့က ပြောပါတယ်။

အသတ်ခံရတဲ့သူတွေဟာ အသက် ၄၀ အရွယ် မိခင်ဖြစ်သူ ဒေါ်ငွန်ဇာလဲန်နဲ့ သူ့ရဲ့ သမီး နှစ်ယောက် ဖြစ်တဲ့ အသက် ၁၆ နှစ်အရွယ် မိုင်သီယန်နွန်ကြွယ်၊ အသက် ၁၄ နှစ်အရွယ် မိုင်ငွန်ဇာသီယန်တို့ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်သား ၈၀ လောက်ဟာ ဂန့်ဂေါ မြို့နယ်ဘက်ကနေ ကလေးမြို့နယ် တောင်ပိုင်းဘက်ကို မြစ်သာမြစ် ဘေးနားကနေ ချောင်းခွရွာဘက်ကို ဦးတည်လာခဲ့ကြတယ်လို့ ပြောကြပါတယ်။

အဲဒီအချိန်မှာ ဒေသခံတွေက စစ်သားတွေ လာတယ်ဆိုတဲ့ သတင်းကြောင့် နီးစပ်ရာ လယ်တော၊ ယာတောတွေဆီကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ ဆိုပါတယ်။

အဲဒီနေ့ညမှာပဲ ယာတဲတစ်လုံးမှာရှိနေတဲ့ ဒေါ်ငွန်ဇာလဲန်တို့ သားအမိသုံးဦးကို စစ်ကောင်စီ တပ်သားတွေက လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့အသံတွေ မလှမ်းမကမ်းမှာရှိတဲ့ တဲတွေကနေ ကြားခဲ့ရတယ်လို့ ဒေါ်ငွန်ဇာလဲန်ရဲ့ ခင်ပွန်းက ပြောပါတယ်။

"အဲဒီညအချိန်က အော်ကြတယ်ဆိုတော့ သမီးနှစ်ယောက်က တဲထဲမှာ။ အဲလို အော်တယ်ဆိုတော့ ကျွန်တော်တို့လည်း မသင်္ကာဖြစ်နေတယ်။ အော်တယ်ဆိုတာက မုဒိမ်းကျင့်ခံရလို့ အော်တဲ့ပုံစံမျိုး ဖြစ်မှာပေါ့။ အဲလိုမျိုးနဲ့ အော်ကြတာ"

အဲဒီစစ်ကြောင်းဟာ ချောင်းခွရွာနဲ့ ၄ မိုင် လောက်ဝေးတဲ့ သံဖိုရွာနား ရောက်လာချိန်မှာ နွားစာရိတ်နေတဲ့သူ တစ်ယောက်ကို ပထမဆုံးဖမ်းပြီး သူကနေတစ်ဆင့် ပုန်းနေကြတဲ့ သူတွေကို ပြန်ခေါ်ခိုင်းတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒါကြောင့် ကလေးတွေနဲ့ အမျိုးသမီးတွေက သူတို့လယ်တွေထဲက တဲအိမ်တွေဆီ ပြန်သွားကြပေမယ့် အမျိုးသားအများစုကတော့ မပြန်ဘဲ လယ်တောတွေထဲမှာပဲ ပုန်းရှောင်နေခဲ့ကြတာပါ။

စစ်ကောင်စီတပ်ကလည်း ဒေါ်ငွန်ဇာလဲန်တို့ သားအမိသုံးယောက်ရှိနေတဲ့ တဲအပါအဝင် လယ်တဲ ငါးလုံးမှာ ညအိပ်စခန်းချ ရပ်နားသွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနေ့ညမှာပဲ ဒေါ်ငွန်ဇာလဲန်တို့ သားအမိ သုံးဦးရှိနေတဲ့ တဲပေါ်က အော်ဟစ်ရုန်းကန် သံတွေကို ကြားခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“အဲဒီညမှာလည်း သူတို့က မိန်းမသားတွေဆိုတော့ အရက်တွေ၊ မူးယစ်ဆေးတွေ တိုက်တာ အတင်း အနိုင်ကျင့်တာ လုပ်သွားတာလား၊ ကောင်မလေးတွေ အော်တဲ့အသံ ကြားရတယ်။ အပြစ်မရှိတဲ့သူတွေကို အဲလို မလုပ်သင့်ဘူး။ ဥပဒေနဲ့လည်း မကိုက်ညီဘူး။ ကောင်းကောင်းမွန်မွန် စစ်ဆေးလို့ ရပါတယ်။ အခုလို လုပ်တဲ့ဟာက တမင်သက်သက် လုပ်တာလို့ပဲ ပြောချင်တယ်။ အဲလိုမျိုးလုပ်တာက စိတ်ပျက်တာပေါ့နော်”

နောက်တစ်နေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာတော့ ဒေါ်ငွန်ဇာလဲန်တို့ သားအမိ သုံးဦးကို စစ်သားတွေက အဲဒီတဲကနေ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် သေနတ်ပစ်သံ သုံးချက်ကြားရသလို တဲအိမ်တစ်လုံးဆီက မီးခိုးလုံးကြီးတွေ ထွက်ပေါ်လာတာကို တွေ့ရတယ်လို့ ချောင်းခွရွာသား နောက်တစ်ယောက်က ပြောပါတယ်။

စစ်သားတွေကိုကြောက်လို့ နောက်ကနေ လိုက်ကြည့်သူ မရှိခဲ့ပေမယ့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာတော့ မီးလောင်သွားတဲ့ တဲအိမ်နဲ့အတူ မီးရှို့ခံထားရတဲ့ အရိုးစု သုံးခုကို ရွာသားတွေ တွေ့ခဲ့ကြပါတယ်။

အရိုးစုထဲမှာ သမီးအငယ်ရဲ့ နားကပ်ကို တွေ့တာကြောင့် သတ်ဖြတ်ခံရသူတွေဟာ သူ့ဇနီးနဲ့ သမီး နှစ်ဦး ဖြစ်တယ်ဆိုတာ အတည်ပြုနိုင်တာလို့ ဒေါ်ငွန်ဇာလဲန်ရဲ့ ခင်ပွန်းက ပြောပါတယ်။

“ကျွန်တော့်အမြင်မှာတော့ လိင်ပိုင်းဆိုင်ရာ စော်ကားပြီးကာမှ သူတို့ အဲဒီပုံစံနဲ့ ပြန်လွှတ်မယ်ဆိုရင်လည်း မြင်မကောင်းလို့ အခုလို မီးရှို့ပစ်တာ ဖြစ်နိုင်တယ်လို့ ကျွန်တော် ယူဆပါတယ်”

သားအမိ သုံးဦးရဲ့ ကြွင်းကျန်ရစ်တဲ့ အရိုးစုတွေကို ဖေဖော်ဝါရီ ၂၄ ရက်နေ့ ညနေပိုင်းမှာပဲ မိသားစုနဲ့ ဒေသခံတွေက မြေမြှုပ်သင်္ဂြိုဟ်ခဲ့ကြပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကတော့ ချောင်းခွရွာမှာ ဒီဖြစ်ရပ်မရှိခဲ့ဘူးလို့ ငြင်းဆိုလိုက်ပြီး ဒါဟာ လုပ်ကြံဖန်တီးတဲ့ ဇာတ်လမ်းတစ်ခုပဲ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

“လုပ်ဆောင်ခဲ့ခြင်း မရှိပါဘူး။ လူတစ်ယောက် အရိုးပြာကျသွားအောင်လုပ်တာ သူတို့လုပ်ကြံဖန်တီးမှုက နေ့တိုင်းရှိမှာ ဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် သူ့ခင်ပွန်းသည်အနေနဲ့ သက်ဆိုင်ရာကို တိုင်ကြားလို့ရပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ တပ်မတော်ကတော့ စစ်မြေပြင်မှာပဲ ဖြစ်ဖြစ် လုံခြုံရေး စည်းမျဉ်းစည်းကမ်းတွေ ဆောင်ရွက်လျက် ရှိပါတယ်”

ဒေါ်ငွန်ဇာလဲန်တို့မှာ မိသားစုဝင် ခြောက်ဦးရှိပြီး အခုချိန်မှာတော့ ခင်ပွန်းဖြစ်သူနဲ့ အသက် ခုနစ်နှစ်နဲ့ လေးနှစ် အရွယ်သားနှစ်ဦး ကျန်ရစ်ခဲ့ပါတယ်။

"အရင်ကတည်းက တိုင်းရင်းသားတွေပေါ်မှာ အထင်အမြင်သေးတဲ့ လုပ်ရပ်တွေ၊ ဖိချင်တိုင်း ဖိနေတဲ့ စစ်တပ်ရဲ့ လုပ်ရပ်တွေ ဖြစ်ပါတယ်"

ချင်းရေးရာအဖွဲ့ချုပ်က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦးကတော့ ဒီဖြစ်ရပ်ဟာ ကြီးမားတဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတစ်ရပ်ဖြစ်တယ်လို့ ပြောပါတယ်။

“တစ်ခုခု ဖြစ်တယ်ဆို ချင်းရွာတွေကို အဓိက ထားပြီး ချင်းတွေက PDF တွေနဲ့ ဆက်သွယ်တယ်။ PDF တွေကို ချင်းတွေကပဲ ထောက်ပံ့တယ်ဆိုပြီးတော့ ကျွန်မတို့ ချင်းတွေကို ပိုဖိတယ်။ လုံးဝကို ဒီလိုဟာမျိုး အပြစ်မရှိတဲ့ သားအမိသုံးဦးကို မီးရှို့သတ်တာက လူ့အခွင့်အရေးကို ကြီးကြီးမားမား ချိုးဖောက်တယ်။ အရင်ကတည်းက တိုင်းရင်းသားတွေပေါ်မှာ အထင်အမြင်သေးတဲ့ လုပ်ရပ်တွေ၊ ဖိချင်တိုင်း ဖိနေတဲ့ စစ်တပ်ရဲ့ လုပ်ရပ်တွေ ဖြစ်ပါတယ်”

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကလည်း ချင်းပြည်နယ် တီးတိန်မြို့နယ်က အာလွယ်ရွာမှာ မီးဖွားပြီးစ မိခင်တစ်ဦးနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးဟာ စစ်ကောင်စီ တပ်သားတွေရဲ့ အကြိမ်ကြိမ် မုဒိမ်းကျင့်မှုတွေနဲ့ ကြုံခဲ့ရတယ်လို့ ကာယကံရှင် အမျိုးသမီးတွေက ပြောဆိုထားကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။