မြန်မာကို အာရှနိုင်ငံတွေက စီးပွားရေးပိတ်ဆို့ဒဏ်ခတ်နိုင်တဲ့ အလားအလာနည်းပါး

စမ်းစမ်းတင်(ဝါရှင်တန်ဒီစီ)
2021.05.06

 ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်အာဏာသိမ်းတာနဲ့ ဆက်စပ်လို့ စစ်ဗိုလ်ချုပ်တွေကို အနောက်နိုင်ငံတွေက ပစ်မှတ်ထား အရေးယူပြီး စစ်တပ်နဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေကို ပိတ်ဆို့ဒဏ်ခတ်ပေမဲ့ အာရှနိုင်ငံတွေက စစ်ကောင်စီကို အရေးယူမယ့် အနေအထားမှာ မရှိနိုင်ဘူးလို့ အကဲခတ်တွေက သုံးသပ်ပါတယ်။

စစ်ကောင်စီကို တရုတ်နိုင်ငံကအစဉ်တစိုက် ကာကွယ်နေပြီး မြန်မာနိုင်ငံကို အကူအညီပေးနေတဲ့ ဂျပန်နိုင်ငံကလည်း သူ့နိုင်ငံအကျိုးစီးပွားကြောင့် မြန်မာနိုင်ငံမှာ စီးပွားရေးဆက်လုပ်မယ့် အလားအလာရှိနေပါတယ်။ ဒါပေမဲ့ အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပတဲ့ အခမ်းအနားတွေကို စစ်ကောင်စီကို ဖိတ်ကြားဖို့ မရှိတဲ့ အပြင် အကူအညီတွေလည်း တိုက်ရိုက်ပေးဖို့မရှိဘူးလို့ ဂျပန်နိုင်ငံ အခြေစိုက် NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တာဝန်ခံ ဦးသောင်းမြင့်ဦးက ပြောပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံနောက်ပိုင်း မြန်မာနိုင်ငံကလူ့အခွင့်အရေးမှတ်တမ်းတွေအရ အနောက်နိုင်ငံတွေက စစ်အစိုးရကို စီးပွားရေးပိတ်ဆို့ေ နပေမဲ့ ပြင်သစ်နိုင်ငံက တိုတယ်ရေနံကုမ္ပဏီ်ကတော့ ၁၉၉၂ ခုမှာ ရတနာသဘာဝဓာတ်ငွေ့လုပ်ငန်း စတင်လုပ်ကိုင်ပါတယ်။ ၂၀၂၁ စစ်ကောင်စီလက်ထက် လုပ်ငန်းတွေရပ်နားလိုက်ဖို့ နိုင်ငံတကာနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက တိုက်တွန်းပေမဲ့ ဘေးအန္တရာယ်ကင်းနေသမျှ လုပ်ငန်းဆက်လက်လည်ပတ်မယ်လို့ ပြောပါတယ်။

မုတ္တမပင်လယ်ကွေ့မှာ တူးဖော်တဲ့ ရတနာ ကမ်းလွန်သဘာဝဓာတ်ငွေ့ လုပ်ကွက်ကထွက်တဲ့ ဓာတ်ငွေ့ကို ပြည်တွင်းဈေးကွက်လည်း ပို့ပေမယ့် ထိုင်းနိုင်ငံကို အများဆုံးရောင်းပါတယ်။ တနေ့ကုဗပေသန်း ၇၀၀ လောက်ထုတ်လုပ်တဲ့ထဲက ပြည်တွင်းမှာ ကုဗပေ ၁၅၅ သန်း ဖြန့်ဖြူးပြီး ထိုင်းကို ကုဗပေ ၅၁၅ သန်းတင်ပို့တာပါ။ ထိုင်းအာဏာပိုင်တွေက ဒီ သဘာဝဓာတ်ငွေ့က အရေးကြီးတယ်လို့ ပြောထားတဲ့အကြောင်းလည်း တိုတယ်ကုမ္ပဏီက လောလောလတ်လတ်ကပဲ ပြောပါတယ်။

တိုတယ်လိုပဲ တောင်ကိုရီးယားက Posco ကုမ္ပဏီကြီးကလည်း သဘာဝဓာတ်ငွေ့လုပ်ငန်း ဆက်လက်လည်ပတ်မယ်လို့ ကြေညာပါတယ်။ အစောပိုင်းကတော့ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်နဲ့ ဖက်စပ်လုပ်ကိုင်နေတာ ဘယ်လို လမ်းခွဲရမလဲဆိုတာ သုံးသပ်နေတယ်လို့ပြောပြီး ခုတော့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့ အမြတ်ခွဲဝေ လုပ်ကိုင်နေတာမို့ သူသွင်းတဲ့ငွေက စစ်တပ်ကိုမရောက်ဘဲ ဘဏ္ဍာရေးဝန်ကြီးဌာနကိုရောက်တယ်လို့ ဆင်ခြေပေးပါတယ်။ သူကလည်း တိုတယ်လိုပဲ ပြည်တွင်းဈေးကွက်ကို ဓာတ်ငွေ့ ၂၀ ရာခိုင်နှုန်း ဖြန့်ဖြူးနေတဲ့အတွက် သူ့လုပ်ငန်းက မြန်မာပြည်သူတွေနေ့စဉ်ဘဝအတွက် အရေးပါတယ်လို့လည်း ဆိုပေမယ့် အများစုကို တရုတ်နိုင်ငံကို တင်ပို့နေတာပါ။

ကိုရီးယား အရပ်ဖက်အဖွဲ့စည်း တရာကျော်ကတော့ စစ်ကောင်စီနဲ့ စီးပွားရေးအရ မဆက်ဆံဖို့ Posco International ကို တိုက်တွန်းနေတယ်လို့ ကိုရီးယားအခြေစိုက် Youth Action for Myanmar ကိုရီးယားရောက် မြန်မာနိုင်ငံဆိုင်ရာ လူငယ်လှုပ်ရှားမှုအဖွဲ့ခေါင်းဆောင် မ ဝေနွယ်နှင်းစိုးက ပြောပါတယ်။

Posco ဟာ တောင်ကိုရီးယားကအကြီးမားဆုံးနဲ့ ကမ္ဘာ့ တတိယမြောက် အကြီးမားဆုံး သံမဏိကုမ္ပဏီဖြစ်ပါတယ်၊ ရှစ်လေးလုံး စစ်အာဏာသိမ်းပြီး မြန်မာနိုင်ငံကို တိုတယ်လိုပဲ ဝင်လာတဲ့ ဒေဝူးကုမ္ပဏီကို အမည်ပြောင်းထားတာလည်းဖြစ်ပါတယ်။

Posco လို့နံမည်ပြောင်းပြီး ရခိုင်ကမ်းလွန် ရွှေသဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းကို MOGE ဆိုတဲ့ နိုင်ငံပိုင် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့ စတင် လုပ်ကိုင်တာပါ။ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းဟာ အဓမ္မနေရာရွေ့ပြောင်းတာ၊ အဓမ္မလုပ်အားပေး ခိုင်းစေတာတွေနဲ့ ဆက်စပ်ပါတယ်။ ၂၀၀၄ ခုမှာ သဘာဝဓာတ်ငွေ့စတင်တွေ့ရှိပြီး တရုတ်နိုင်ငံကို ပိုက်လိုင်းက တဆင့် ပို့ဆောင်ပါတယ်။ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကြောင့် မြေသိမ်းယာသိမ်းမှုတွေ လည်း ရှိပါတယ်။ Posco ဟာ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်မှာပဲ အမေရိကန်ဒေါ်လာ ၁၉၃ ခွဲကျော် ရရှိပါတယ်။ စစ်ကောင်စီလက်အောက်ရောက်သွားတဲ့ MOGE အတွက် သဘာဝဓာတ်ငွေ့ကဏ္ဍက ဝင်ငွေအကောင်းဆုံးဖြစ်ပါတယ်။

မြန်မာ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကဏ္ဍမှာ Shell နဲ့ Chevron အမေရိကန်ရေနံကုမ္ပဏီကြီးတွေ ပါဝင်ပတ်သက်နေပြီး ကုမ္ပဏီတွေအတွက် lobby ဆိုတဲ့ကြားက အကျိုးဆောင်ပေးတဲ့လူတွေက မြန်မာနိုင်ငံကလုပ်ငန်းမရုပ်သိမ်းရအောင် လွှတ်တော်အမတ်တွေနဲ့ အစိုးရတာဝန်ရှိသူတွေကို ချဉ်းကပ်နေပါတယ်။ Chevron ဆိုရင် စစ်အာဏသိမ်းလိုက်တဲ့ ဒီနှစ်ထဲမှာပဲ ဒေါ်လာ ၂၁၇၀၀၀၀ ၂ သန်း တသိန်း ခုနှစ်သောင်းသုံးထားပြီးပါပြီ၊

တရုတ်၊ တောင်ကိုရီးယား၊ ထိုင်းနဲ့ သြစတေးလျနိုင်ငံတွေက စွမ်းအင်ကုမ္ပဏီတွေကလည်း မြန်မာနိုင်ငံမှာ ထုနဲ့ထည်နဲ့ ရင်းနှီးမြှုပ်နှံထားပါတယ်။ ဂျပန်နိုင်ငံက Nippon Oil & Gas ရေနံနဲ့ သဘာဝဓာတ်ငွေ့တူးဖော်ရှာဖွေရေးက ရဲတံခွန် ကမ်းလွန်ရေနံလုပ်ငန်း၊ Marubeni, Sumitomao နဲ့ Mitsui ကုမ္ပဏီတွေပေါင်းပြီး မြန်မာနိုင်ငံမှာ ဒေါ်လာ သန်းတထောင်ခွဲကနေ သန်းနှစ်ထောင်ထိ အကုန်အကျခံတဲ့ သဘာဝဓာတ်ငွေ့ရည်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းရှိပြီး ၂၀၂၅ မှာစက်ရုံ စတင်လည်ပတ်ဖို့ လျာထားပါတယ်။

တိုးတက်ဖွံ့ဖြိုးရေးအတွက် စွမ်းအင်ကဏ္ဍ အထူးအရေးပါတာမို့ မြန်မာ့စွမ်းအင်ကဏ္ဍမှာ ပြည်ပက လာရောက်ရင်းနှီးမြှုပ်နှံနေတာ ဖြစ်ပြီး ဒါ့ကြောင့်လည်း ခုအခြေအနေမှာ နောက်ဆုတ်ဖို့ ခက်တဲ့အနေအထားမှာ ရှိတယ်လို့ အကဲခတ်သူတွေက သုံးသပ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။