နှစ်နှစ်ကျော်သပိတ်မှောက်ခဲ့တဲ့ အာဆီယံအစည်းအဝေးကို စစ်ကောင်စီ ကိုယ်စားလှယ်စေလွှတ်
2024.01.29

လာအိုနိုင်ငံ လွန်ပရာဘန် (Luang Prabang) မြို့မှာ ဇန်နဝါရီ ၂၈ ရက်ကနေ ၂၉ ရက်နေ့အထိ အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများအစည်းအဝေး ကျင်းပနေပြီး စစ်ကောင်စီဘက်က နိုင်ငံခြားရေးဝန်ကြီးဌာန (ယာယီ) အမြဲတမ်းအတွင်းဝန် ဒေါ်မာလာသန်းထိုက် ကို စေလွှတ်ထားကြောင်း နိုင်ငံတကာသတင်းဌာနတွေက ဓာတ်ပုံနဲ့တကွ ဖော်ပြပါတယ်။
အာဆီယံအသင်းက အာဏာသိမ်းစစ်တပ်ကို အရေးယူတဲ့အနေနဲ့ အဆင့်မြင့်အစည်းအဝေးတွေမှာ မြန်မာစစ် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ထိပ်တန်းအရာရှိတွေ မတက်ရောက်ဖို့ ၂၀၂၁ ခုနှစ် အောက်တိုဘာလကတည်းက ပိတ်ပင်ထားတာပါ။
ဒါကို သပိတ်မှောက်တဲ့အနေနဲ့ စစ်ကောင်စီက အာဆီယံအစည်းအဝေးတွေကို ကိုယ်စားလှယ် လုံးဝ မလွှတ်တာ နှစ်နှစ်ကျော်သွားပါပြီ။
အခု ၂၀၂၄ ခုနှစ် အလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံ ဦးဆောင်ပြုလုပ်တဲ့ အာဆီယံအစည်းအဝေးကို စစ်ကောင်စီဘက်က ကိုယ်စားလှယ်စေလွှတ်တာဟာ ပြည်တွင်းမှာ စစ်ရေးအခြေအနေ မကောင်းတာကြောင့် နိုင်ငံရေးအရ ထွက်ပေါက်ရှာဖို့ ကြိုးစားတာလို့ အမည်မဖော်လိုတဲ့ စင်ကာပူအခြေစိုက် အာဆီယံအရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။
“အဓိကကတော့ လက်ရှိ စစ်ရေးအနေအထားအရ စစ်ကောင်စီက တော်တော်လေး အခြေအနေမလှတာ တွေ့ရတယ်လေ။ ဆိုတော့ ဒီလိုမျိုး အခြေအနေမကောင်းတဲ့အခါမှာ သူတို့အနေနဲ့ နိုင်ငံရေးအရ ထွက်ပေါက် ရှာတာ၊ ဒါမှမဟုတ် သံတမန်ရေးအရ ထွက်ပေါက်ရှာတာမျိုး သူတို့ ကြိုးစားနေတာပေါ့။ လာအိုက အာဆီယံ ဥက္ကဋ္ဌဖြစ်နေတဲ့အခါကျတော့ အာဆီယံအပေါ်မှာ ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ အတိုင်းအတာတစ်ခုအထိ ကျန်တဲ့ နိုင်ငံတွေအပေါ်မှာ ဩဇာလွှမ်းမိုးမှု ရှိမယ်လို့ ယူဆတာလည်း ဖြစ်ကောင်းဖြစ်မယ်”
လာအိုဟာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး စစ်ကောင်စီကို အဓိက ဆက်ဆံရမယ်လို့ နားလည်ထားတာကြောင့် ဒီလို အခြေအနေမျိုးမှာ အာဆီယံနဲ့ ပြန်လည်ထိတွေ့ဆက်ဆံတာကလည်း စစ်ကောင်စီအတွက် အခွင့်အလမ်းတစ်ခုလို့ အပြန်အလှန် ယူဆထားပုံရတယ်လို့လည်း သူက ပြောပါတယ်။
"အာဆီယံအစည်းအဝေးမှာ စစ်အစိုးရက လိုလားတာမှန်သမျှကို လာအိုနိုင်ငံက အာဆီယံဥက္ကဋ္ဌအနေနဲ့ ထောက်ခံပေးလိမ့်မယ်လို့ စစ်အစိုးရက မျှော်လင့်ထားလို့ပါ”
မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုး ကလည်း အဘက်ဘက်က အထိနာလာတဲ့ စစ် ကောင်စီဟာ နိုင်ငံရေးထွက်ပေါက်တစ်ခုရဖို့ ကြိုပမ်းတဲ့အနေနဲ့ အာဆီယံနဲ့ ဆက်ဆံရေး ပြန်တည်ဆောက်လာတာလို့ သုံးသပ်ပါတယ်။
“အခုလက်ရှိ ရှိနေတဲ့ အခြေအနေတစ်ရပ်မှာ သူ့အနေနဲ့ပေါ်လာတဲ့ အခွင့်အရေးပေါ့။ အထူးသဖြင့် ဒီလာအိုနိုင်ငံ ဥက္ကဋ္ဌဖြစ်တဲ့အချိန်ရယ်၊ နောက်ပြီးတော့ ဖြစ်ပျက်ပြောင်းလဲနေတဲ့ ပြည်တွင်းအခြေအနေရယ်၊ သူအနေနဲ့ အထိ နာလာတဲ့ အဲလိုမျိုး အခြေအနေ အနေအထားတွေ၊ နောက်စီးပွားရေးအရဆိုရင်လည်း ကိုဗစ်ကတည်းက စခဲ့တာ အခုဆိုရင် လေးငါးနှစ်ရှိပြီပေါ့နော်။ ပိုပြီးတော့ အဆင်ပြေနိုင်မယ် ဒါမှမဟုတ် သူတို့အတွက် အသက်ရှူစရာ လမ်းကြောင်းတစ်ခုကို ဖန်တီးတည်ဆောက်ဖို့ ကြိုးစားနေတယ်လို့ပြောမယ်ဆို ပိုပြီးတော့ မှန်မယ်လို့ မြင်ပါတယ် ခင်ဗျ”
လက်ရှိမှာ စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုတွေရဲ့ ပူးပေါင်းတိုက်ခိုက်မှုကို စစ်မျက်နှာအနှံ့မှာ ရင်ဆိုင်နေရပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာလနောက်ပိုင်း နိုင်ငံတစ်ဝန်းက မြို့ပေါင်း ၃၆ မြို့ကို စစ်ကောင်စီက လက်လွှတ် ဆုံးရှုံးထားရပါတယ်။
စစ်ကောင်စီဟာ ပြည်တွင်းမှာ အခြေအနေမကောင်းတာကြောင့် စေ့စပ်ညှိနှိုင်းရေးအတွက် နိုင်ငံတကာဘက်ကို ဦးလှည့်လာတာ ဖြစ်နိုင်တယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇော က ပြောပါတယ်။
“ဒါသူ့ရဲ့ ပြည်တွင်းအခြေအနေနဲ့လည်း သက်ဆိုင်တယ်ထင်တယ်။ ပြည်တွင်းမှာ သူ (စစ်ကောင်စီ) အခြေအနေ တော်တော်မကောင်းဘူးဖြစ်လာတော့ သူက နိုင်ငံတကာဘက်ကို နည်းနည်း၊ ဟိုတုန်းကတော့ သူက ဟန်တွေ ပန်တွေနဲ့ စိတ်ကောက်တဲ့သဘောမျိုး လုပ်တာပေါ့ဗျာ။ အခုဟာကတော့ သူ့ပြည်တွင်းအခြေအနေပါ ဆိုးလာတော့ သူတို့ စေ့စပ်ဆွေးနွေးဖို့ နိုင်ငံတကာဘက်ကို တစ်စုံတစ်ရာ လှည့်ပြောင်းလာတာလည်း ဖြစ်မယ်ထင်တယ်။ လာအိုလို နိုင်ငံမျိုးနဲ့မှ သူက ဆက်ဆံရေးမကောင်းရင်လည်း သူ့အတွက်က တခြားလမ်းမရှိဘူးလေ။ ဒါကြောင့်မို့လို့ စစ်ကောင်စီဘက်က အလျှော့ပေးပြီး (အစည်းအဝေး) တက်လာတာလို့ ထင်ရတာပဲဗျ”
နှစ်နှစ်ကျော်သပိတ်မှောက်ခဲ့တဲ့အစည်းအဝေးတွေကို ဒီနှစ်မှ ကိုယ်စားလှယ်စေလွှတ်တဲ့အပေါ် အမြင်သဘော ထားသိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကို RFA က ဒီနေ့ ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်း မကိုင်ပါဘူး။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်းတစ်ဦးကတော့ ဒါဟာ စစ်ကောင်စီဘက်က ရပ်တည် ချက်ကို နည်းနည်းလျှော့ပြီး ဒီမိုကရေစီလမ်းကြောင်းဘက်ကို ပြန်လျှောက်တော့မယ့်သဘောလို့ RFA ကို ပြောပါ တယ်။
“တပ်က သူပြောစရာရှိတာ သူပြောချင်တာရှိလို့ပေါ့နော် အဓိက ကတော့လေ။ ဒါကြောင့်မို့လို့ အရင်တုန်းက ရှိခဲ့တဲ့ သူ့ရဲ့ရပ်တည်ချက်ကို နည်းနည်းလေး လျှော့လိုက်တာပေါ့။ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို တပ်က လည်း ပြန်ရောက်တော့မယ်။ နီးလာပြီဆိုတာကို ကျွန်တော်တို့က သွားတွေ့တော့ သုံးသပ်လို့ရတယ်။ ပြန်လည်း လျှောက် တော့မယ်။ နောက်တစ်ခုက ဘာပဲပြောပြော ပြောစရာရှိတာလည်းပြောမယ်၊ ရသလောက်ပြောမယ့် သဘောမျိုးတော့ ထိတွေ့ဆက်ဆံမှုပေါ့နော် ဒါကိုတော့ လုပ်ထားမယ်ဆိုတဲ့ သဘောပါပဲ”
၂၀၂၄ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် အာလွန်ကဲအို ကစ်တစ်ခွန် (Alounkeo Kittikhoun) ဟာ အခုလအတွင်း မြန်မာနိုင်ငံကိုလာရောက်ပြီး စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပြင် အပစ်အခတ်ရပ်စဲရေး NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ၊ ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီက ခေါင်းဆောင်တွေကို တွေ့ဆုံခဲ့ပါတယ်။
သူဟာ မြန်မာပြည်ခရီးစဉ်အပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမတိုင်ခင်မှာ ထိုင်းနိုင်ငံ ခြားရေးဝန်ကြီး၊ တရုတ်လက်ထောက် နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ မြန်မာ့အရေး ဆွေးနွေးခဲ့တဲ့အပြင် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့လည်း အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
မြန်မာ့အရေးနဲ့ပတ်သက်ရင် လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံရဲ့ထောက်ခံမှုရဖို့ စစ်ကောင်စီက မျှော်လင့်နေတယ်လို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ချုပ် (FIDH) ရဲ့ အတွင်းရေးမှူးချုပ် Debbie Stothard က ပြောပါတယ်။
“နိုင်ငံရေးအရ ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်ကိုတက်ရောက်ခွင့်မပေးပေမယ့် လာအိုနိုင်ငံက လက်ခံကျင်းပတဲ့ အာဆီယံအစည်းအဝေးကို စစ်အစိုးရက ပါဝင်တက်ရောက်ချင်တာက ထင်ရှားပါတယ်။ ဘာကြောင့်လဲဆိုတော့ အာဆီယံအစည်းအဝေးမှာ စစ်အစိုးရက လိုလားတာမှန်သမျှကို လာအိုနိုင်ငံက အာဆီယံဥက္ကဋ္ဌအနေနဲ့ ထောက်ခံပေးလိမ့်မယ်လို့ စစ်အစိုးရက မျှော်လင့်ထားလို့ပါ”
လာအိုနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ အာဆီယံဘုံသဘောတူညီချက်တွေကို ထိခိုက်မှု မရှိစေရေး တာဝန်ယူမှုရှိစေဖို့ ကျန်တဲ့အာဆီယံနိုင်ငံတွေက သတိပြုဖို့ လိုအပ်တယ်လို့လည်း Debbie Stothard က ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်သစ် အာလွန်ကဲအို ကစ်တစ်ခွန် ဟာ ဇန်နဝါရီ ၂၈ ရက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ပထမဆုံးနေ့မှာ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် ကောက် ကင်မ်ဟွန်း (Kao Kim Hourn) နဲ့လည်း သီးခြားတွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးခဲ့ပါတယ်။
ဒီအခြေအနေတွေကြောင့် လက်ရှိအာဆီယံဥက္ကဋ္ဌ လာအိုနိုင်ငံလက်ထက်မှာ ဘရူနိုင်း၊ ကမ္ဘောဒီးယားနဲ့ အင်ဒိုနီးရှား တို့ထက် မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဘာတွေ ထူးခြားလာမလဲဆိုတာကို ပြည်တွင်းရော ပြည်ပမှာပါ စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။