အာဆီယံဥက္ကဋ္ဌ မြန်မာနိုင်ငံခရီးစဉ် အာဆီယံခေါင်းဆောင်အများစု မှတ်ချက်မပေး

ဦးသစ်ဆင်း(ဝါရှင်တန်ဒီစီ)
2022.01.13
အာဆီယံဥက္ကဋ္ဌ မြန်မာနိုင်ငံခရီးစဉ် အာဆီယံခေါင်းဆောင်အများစု မှတ်ချက်မပေး ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၂၀၂၂ ဇန်နဝါရီ ၇ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံစဥ်။
Photo: Myanmar Military

မြန်မာ့ ငြိမ်းချမ်းရေးဆွေးနွေးမှုအပေါ် ပိုမို အားပေးထောက်ခံသွားမှာဖြစ်ပြီး မြန်မာနိုင်ငံတွင်းက အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးအတွက်၊ တိုးမြှင့်ညှိနှိုင်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း လက်ရှိ အာဆီယံဥက္ကဋ္ဌ ဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံက ပြောလိုက်ပါတယ်။

ဒါပေမဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေ နှစ်ရက်တာ မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ အာဏာသိမ်း စစ်ကောင်စီရဲ့ ထိန်းသိမ်းခံထားရလို့ မတွေ့ဆုံနိုင်ခဲ့ပါဘူး။

ခရီးစဉ်အတွင်း မြန်မာစစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့တဲ့အပေါ် ကြိုဆိုကြောင်း တရုတ်၊ ဂျပန်၊ အိန္ဒိယနဲ့ ဗြိတိန် နိုင်ငံတွေက ကြေညာချက်တွေ ထုတ်ပြန်ခဲ့ကြပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကလည်း တွေ့ဆုံမှုကနေ ပေါ်ထွက်လာမယ့် ရလဒ်တွေကို ကြိုဆိုကြောင်း၊ ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ အတွေ့အကြုံတွေက မြန်မာ့ပြဿနာ ဖြေရှင်းရာမှာ ကြီးကြီးမားမား အထောက်အကူပြုမှာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ‌ခြားရေးဝန်ကြီး Prak Sokhonn က လည်း ပြောဆိုပါတယ်။

ကမ္ဘောဒီးယားရဲ့ အနီးကပ် မဟာမိတ်ဖြစ်တဲ့ တရုတ်ပြည်ကလည်း နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေက တဆင့် တည်ငြိမ်မှုကို မြန်မြန်ဆန်ဆန်ရရှိဖို့ မျှော်လင့်နိုင်ကြောင်း ပြောပါတယ်။ ဒါ့ပြင် တရုတ်ပြည်အနေနဲ့ ကမ္ဘောဒီးယားရဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူမှုအပေါ် တက်ကြွတဲ့ ကဏ္ဍကနေ ပံ့ပိုးသွားမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံက မတူကွဲပြားတဲ့ အဖွဲ့အစည်းတွေကြား ခြားနားမှုတွေကို သင့်လျော်တဲ့ စီမံခန့်ခွဲမှုတွေနဲ့ ကူညီစီစဉ် ဆောင်ရွက်ပေးမှာ ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ဝင်ဘင်းက ပြောပါတယ်။

ဒါ့ပြင် ကမ္ဘောဒီးယားနိုင်ငံ‌ခြားရေးဝန်ကြီး Prak Sokhonn က အိန္ဒိယအနေနဲ့ အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပြီး၊ ဒီနှစ် အာဆီယံဥက္ကဌအဖြစ် ကမ္ဘောဒီးယားရဲ့ အရေးပါတဲ့ ကဏ္ဍကို တန်ဖိုးထားကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Jaishankar ကို ပြောဆိုခဲ့ပါတယ်။ အလားတူ ကမ္ဘောဒီးယား နိုင်ငံ‌ခြားရေးဝန်ကြီးဟာ အာရှတိုက်ဆိုင်ရာ ဗြိတိန်ဝန်ကြီး Amanda Millingနဲ့ တွေ့ဆုံပြီး အကျေ အလည် ဆွေးနွေးခဲ့ကြပါတယ်။

ဒီအတွင်း တောင်ကိုရီးယားအခြေစိုက် Universal Peace Federation (UPF) တက္ကသိုလ်က၊ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ မြန်မာနိုင်ငံ တရားဝင် အလည်အပတ် ခရီးကို ငြိမ်းချမ်းရေးခရီးစဉ် အဖြစ် ကြိုဆိုလိုက်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဧပြီလက ပေါ်ထွက်ခဲ့တဲ့ အချက် ငါးချက်ပါ၊ အာဆီယံ သဘောတူညီချက်မှာ- အကြမ်းဖက်မှုတွေ ချက်ခြင်းအမြန်ရပ်ဆိုင်းဖို့၊ ဆိုင်ရာအဖွဲ့တွေ အားလုံးကြား အပြုသဘောဆောင် ဆွေးနွေးညှိနှိုင်းကြဖို့၊ အာဆီယံဥက္ကဋ္ဌရဲ့ ကိုယ်စားလှယ်တစ်ဦးက ကြားဝင် ဖြန်ဖြေဆောင်ရွက်ဖို့၊ လူသားချင်း စာနာကူညီရေးတွေ လုပ်ဆောင်ဖို့ အာဆီယံ အထူးကိုယ်စားလှယ်တစ်ဦး မြန်မာနိုင်ငံကို သွားရောက်ဖို့ အချက်တွေ ပါဝင်ပါတယ်။

မြန်မာစစ်တပ် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အဲဒီအချက်တွေနဲ့ မကိုက်ညီတာကြောင့် ပြီးခဲ့တဲ့ အာဆီယံ နှစ်လည်ညီလာခံကို တက်ရောက်ခွင့် တားမြစ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ကတော့ သူ့ရဲ့ခရီးစဉ်ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ကို ရောက်ရှိဖို့၊ အပတ်အခတ်ရပ်စဲရေးကို ဒီနှစ်ကုန်အထိ တိုးမြှင့်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်လို ဖယ်ရှားခံထားရတဲ့သူတွေ အပါအဝင် သက်ဆိုင်သူအားလုံးအတွက် ဆွေးနွေးပွဲတက်ရောက်နိုင်အောင် လမ်းဖွင့်ထားဖို့ တောင်းဆိုထားပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး အာဆီယံခေါင်းဆောင်အများစုက သဘောထားမှတ်ချက် မပေးကြပါဘူး။ ဟွန်ဆန် မြန်မာနိုင်ငံကို လာရောက်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်ကောင်စီက သူ့နေအိမ်မှာ walkie-talkie စကားပြောစက် တရားမဝင်သုံးစွဲမှု၊ Covid-19 ကျန်းမာရေးဆိုင်ရာ ဥပဒေချိုးဖောက်မှုတွေနဲ့ တရားစွဲဆို ထိန်းသိမ်းခံနေရပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ စစ်တပ် အာဏာသိမ်းခဲ့ချိန်ကစပြီး အခုထိ သတ်ဖြတ်ခံရသူပေါင်း ၁၄၀၀ ကျော် ရှိ‌ပြီပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။